မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်နေ၍ တိုင်းနှင့် ပြည်နယ်များတွင် အကန့်အသတ် ထိန်း ချုပ်မှုများ ပြုနေရသဖြင့် ကုန်စည်စီးဆင်းမှု နှေးကွေးကာ စားသောက်ကုန်အချို့ ဈေးတက်နေကြောင်း သိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က “အဝင်နည်းတဲ့ ကုန်စည်တွေကတော့ ဈေးတက်တယ်။ အာလူးကားက ၂ စီးလောက်ပဲ ဝင်တော့ ဈေးတက်တယ်။ ၁ ပိသာကို ၉၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်လောက် ရှိတယ်။ ရှမ်းပြည်ဘက်က ဝင်တဲ့ စားသောက်ကုန်တွေကတော့ လမ်းမှာ အခက်အခဲ ဖြစ်နေတဲ့အတွက် ဒီကို မဝင်ဘူး ဈေးတက်လိမ့်မယ်။ ရှမ်း တောင်ပိုင်းက အဆိုးဆုံးပဲ”ဟု ပြောသည်။
အဆိုပါ ကုန်စည်စီးဆင်းမှုများ ကြန့်ကြာနေခြင်းမှာ တိုင်းနှင့် ပြည်နယ်အစိုးရများ၏ ကိုဗစ်ရောဂါ ရှိ၊ မရှိ ကုန်စည်သယ်ယူ ပို့ဆောင်ပေးသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စစ်ဆေးရာတွင် အဆင်မပြေမှု အချို့ဖြစ်ခြင်းနှင့် စီမံချက်များ အမျိုးမျိုး ဖြစ်နေခြင်းတို့ကြောင့် လမ်းခရီးတွင် ကြန့်ကြာကာ ကုန်ဈေးနှုန်း အနည်းငယ် တက်လာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဝင်ရောက်သော အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်သီး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အစရှိသည့် ကုန်ကားများ ဝင်ရောက်မှုက ယခင်ထက် ထက်ဝက်နီးပါး ဝင်ရောက်မှု လျှော့ကျနေကြောင်း ၎င်းက ပြောသည်။
ယခု Stay at Home ကာလအတွင်း ရန်ကုန်တိုင်းအစိုးရက မြို့များတွင် ကိုယ်စားလှယ်ထားပြီး အခြေခံစားသောက်ကုန် များ ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိ ဆန်နှင့် ဆီကိုသာ လုပ်ဆောင်နေပြီး ကျန် အခြေခံ စားသောက်ကုန်များ အတွက် လုပ်ဆောင်မှု မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။
ကုန်ဈေးနှုန်း တည်ငြိမ်မှုသည် ကုန်ကားများ၏ အဝင်၊ အထွက် ကုန်စည်စီးဆင်းမှုပေါ်တွင် မူတည်သောကြောင့် ကုန်ကား များ မဝင်ပါက ဈေးတက်မည်ဖြစ်၍ ဗဟိုအစိုးရအထိ တင်ပြထားကြောင်း၊ လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး က တိုင်း နှင့် ပြည်နယ်များရှိ မည်သည့်နေရာတွင်မှ အဆင်မပြေသေးကြောင်း ကုန်သည်များထံက သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်း (MEVP) အတွင်းရေးမှူး ဦးကျော်သူက “မနေ့က ထုတ်တဲ့ စာအရ ဆိုရင် ကိုဗစ် စစ်ထားတာက ၇၂ နာရီပဲ ခံမယ်ဆိုတော့ ကားသမား တယောက် က အခေါက်ခေါက် အခါခါ စစ်ရမယ့် ပုံဖြစ်တယ်။ အခုက တခါ စစ်ရင် Test Kit ဖိုးတင် ကျပ် ၂ သောင်း ကျတယ်။ ဒီလိုမျိုးဆိုတော့ ကားခကလည်း ၂ ဆ လောက် တက်သွားတယ်။ ကား ၁ စီးကို အရင် ကျပ် ၆ သိန်း၊ ၆ သိန်းခွဲ လောက် ပေးရတဲ့ ကားက ကျပ် ၁၃ သိန်းတို့ ကျပ် ၁၅ သိန်းတို့ အဲဒီလိုမျိုး ဖြစ်နေတယ်”ဟု လတ်တလော အခြေအနေကို ရှင်းပြ သည်။
ထိုသို့ ဝန်ဆောင်မှု စရိတ်များ မြင့်တက်သည့် အခြေအနေ၌ ကုန်တင်ကား လိုသလောက် ငှား၍ မရနိုင်ခြင်းကြောင့် ရှမ်းပြည်မှ ရန်ကုန်သို့ တင်ပို့ရောင်းချနေသော ကုန်စိမ်းများမှာ သယ်ယူပို့ဆောင်စရိတ်နှင့်အတူ ကုန်စည်ဈေးများလည်း ယခင်ထက် မြင့်တက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ပန်းဂေါ်ဖီ ဂေါ်ဖီ၊ ငရုတ်ပွ ရှိသမျှ ကုန်စိမ်းတွေက ရှမ်းပြည်နယ် စိုက်ခင်းထဲမှာ ဈေးက ဈေးမတက်ပေမယ့် သယ်ယူပို့ ဆောင်စရိတ်တွေ ဈေးတက်သွားတော့ ကျန်တဲ့ စားသောက်ကုန်က မသိသာပေမယ့် ဟင်းသီးဟင်းရွက်မှာတော့ တက် တယ်။ ရန်ကုန်အနီးအနားက လာတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ချဉ်ပေါင်တို့ ကန်စွန်းမတက်ဘူး။ ရှမ်းပြည်ထွက် ကုန်စိမ်းတွေကတော့ ဈေးတက်ပါတယ်”ဟု ပြောသည်။
ဥပမာအားဖြင့် ပန်းဂေါ်ဖီ ၁ ပွင့်လျှင် စိုက်ခင်းဈေးက ကျပ် ၁၀၀ မှ ၁၅၀ သာရှိသော်လည်း ရန်ကုန်မြို့သို့ ရောက်လျှင် လက်ကား ဈေးကွက်မှာပင် ကျပ် ၆၀၀ ကနေ ကျပ် ၈၀၀ အထိ ဖြစ်သွားသည်အထိ ဈေးကွာဟကြောင်း ၎င်းကပြော သည်။
ထို့ပြင် ရာသီစာ ကျွဲကောသီးမှာ သယ်ယူပို့ဆောင်ရေးခက်ခဲခြင်း၊ ဝယ်သူမရှိခြင်းတို့ကြောင့် ရန်ကုန်တိုင်း တိုက်ကြီးမြိုနယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် စိုက်ခင်း၌ပင် ကြွေကျကာ စွန့်ပစ်ရခြင်း၊ လှူလိုက်ရခြင်းတို့ ပြုလုပ်နေရကြောင်း သိရသည်။
ဆက်လက်၍ ဦးကျော်သူက “တော်တော်အထိ နာနေတဲ့ အနေအထားဖြစ်တယ်။ ပြည်ဘက်က သြဇာသီးတွေ ထွက်နေ တယ်။ ခါတိုင်းဆိုရင် ဒီအချိန်က တော်တော်လေး ရောင်းရတယ်။ အခုတော့ ဈေးထဲမှာ ဝယ်တဲ့သူနည်းတဲ့အတွက် မရောင်းရဘူး”ဟု သစ်သီးဝလံ ဈေးကွက်အခြေအနေကို ရှင်းပြသည်။
ကုန်စည်စီးဆင်းမှု မလျှင်မြန်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သဖြင့် ရန်ကုန်တိုင်း ဒေသကြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး အထောက်အကူပြုကော်မတီအဖွဲက နေ့စဉ်အစည်းအဝေးများ လုပ်ကာ ဆွေးနွေးနေကြောင်း၊ ယခုကိစ္စများကိုလည်း အလွယ်ကူဆုံးဖြစ်ရန် အောက်တို ဘာလ ၇ ရက်က ပြုလုပ်သည့် အစည်း အဝေးတွင် တင်ပြထားကြောင်း၊ ဗဟိုအစိုးရ၊ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များ၏ အစိုးရများနှင့် ညှိနိူင်းပြီး ကုန်ဈေးနှုန်း များ ပုံမှန်ဖြစ်သွားစေရန်နှင့် ကုန်ကားများ လွယ်လွယ်ကူကူ ဖြတ်သန်းနိုင်ရန် လုပ်ဆောင်နေကြောင်း ပါဝင်ဆွေးနွေးခဲ့ သည့် ဦးကျော်သူက ပြောပြသည်။
ကိုဗစ်ပထမလိူင်းတွင် စတင်ခဲ့သည့် တောင်သူဈေးကား အစီအစဉ်မှာ လတ်တလော ရန်ကုန်တိုင်း၏ Stay at Home အမိန့်ကြောင့် တချို့လမ်း၊ ရပ်ကွက်၊ အိမ်ယာများက အဝင်မခံခြင်းတို့ကြောင့် ရပ်တန့်ထားသည်မှာ ၃ ပတ်ခန့် ရှိပြီ ဖြစ်ပြီး ပြန်လည်စတင်နိုင်ရန် တိုင်းအစိုးရ၏ ခွင့်ပြုချက်၊ QR Code တို့ကို လက်ရှိ ပြုလုပ်ထားသော်လည်း ရောင်းချရန် အခက် အခဲ တချို့ကို ညှိနိူင်းနေရဆဲ အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။
အဝေးပြေးကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် ဦးဝင်းအောင်ခန့်က “အခုက ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဓိကတော့ သူတို့ စစ်မပေးနိုင်တာပါ။ သူတို့ မြန်မြန်ဆန်ဆန် စစ်ပေးနိုင်တယ် ဆိုရင် ကြန့်ကြာမှုက မဖြစ်ဘူး အခုက ဆိုးဆိုးဝါးဝါး ဖြစ်နေတာ။ ကားတွေက လမ်းတွေမှာ ပိတ်ဆို့နေတယ်။ ရန်ကုန်၊ မန္တလေးမှာဆို အဆင်မပြေသေးဘူး”ဟု ပြောသည်။
လက်ရှိ ကုန်ကားဝန်ဆောင်မှု စရိတ်များနှင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်လာခြင်း၊ တချို့ကုန်ကားဂိတ်များက ပိတ် ထားခြင်းများ ကြုံရနေပြီ ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု ကြန့်ကြာနေသောကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက် လာခြင်း၊ ကုန်စည်များ ပြတ်လပ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သဖြင့် အစိုးရအနေနှင့် ကုန်စည်စီးဆင်းမှု လျှင်မြန်စေရန် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ၎င်းက ထောက်ပြသည်။
ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သန်းကလည်း “ကုန်သွယ်မှု အဆင်ပြေအောင် ဖြေလျှော့ပေးရ မယ်၊ တနင်္သာရီတိုင်းက ငါးကို ရန်ကုန်ပို့မယ်ဆိုရင် ဖြတ်ရတာက မွန်၊ ပဲခူးတို့ကို ဖြတ်ပြီးမှ ရန်ကုန်ဝင်ရတာဆိုတော့ အခု က မွန်မှာလည်း ကိုဗစ်စစ်တော့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ် ပန်းပဲတောင်မှာ ရေထွက်ကုန်ကားတွေက သွားပိတ် နေတယ်။ အဲဒီက လွတ်ရင် မော်လမြိုင်မှာ ထပ်ယူ ပြန်ရော၊ ပြီးတော့ ပဲခူးမှာ ထပ်ယူဆိုတော့ ဒုက္ခရောက်တာပေါ့။ အခု ဆိုရင် လမ်းခရီးကြန့်ကြာလို့ ၁၀ ရာခိုင်နှုန်းလောက်က လမ်းမှာစွန့်ပစ်ရနေပြီ”ဟု ရှင်းပြသည်
တနင်္သာရီတိုင်းမှ ရေထွက်ပစ္စည်းများကို ရန်ကုန်မြို့ ကြည့်မြင်တိုင်ငါးဈေးနှင့် ရွေပိတောက် ငါးဈေးများသို့ တင်ပို့ရောင်း ချရာတွင် လက်ရှိသယ်ယူပို့ဆောင်ရေး အခက်အခဲများအပြင် ငါးဈေးကွက် ပျက်နေခြင်းတို့ကြောင့်လည်း ရေလုပ်ငန်းရှင် များ အခက်တွေ့နေကြောင်း ၎င်းက ပြောသည်။
ထိုအခြေအနေများကြောင့် ကုန်သည်လုပ်ငန်းရှင်များက ကုန်စည်သယ်ယူပို့ဆောင်ရေး လျင်မြန်လွယ်ကူစေရန် အမြန်ဆုံး လိုအပ်ကြောင်း သို့မှသာ လက်ရှိ ဈေးနှုန်း မြင့်တက်နေသော ကုန်ပစ္စည်းများကိုလည်း ပုံမှန်ဈေးကွက် ရောက်ရှိနိုင်မည်ဟု သုံးသပ်ထားသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
You may also like these stories:
စက်မှုကုန်ထုတ်လုပ်ငန်း ရပ်ထားရ၍ မှာယူသူများမှ နိုင်ငံပြောင်းရွှေ့အပ်နှံမှု ရှိလာ ဟုဆို
လက်ခစား စက်ရုံအလုပ်ရုံ လုပ်သားများ လစာထုတ်မရ၍ အခက်ကြုံ