ကူးစက်မြန် COVID – 19 ရောဂါ ထိန်းချုပ်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပုသိမ်မြို့ရှိ အထည်ချုပ် စက်ရုံများကို ၁၄ ရက်ကြာ ယာယီပိတ်သိမ်းထားခဲ့သော်လည်း ယခု ပိတ်သိမ်းကာလ ကျော်လွန်ပြီးနောက် ညွန်ကြားချက် တစုံတရာ ထပ်မံ ထုတ်ပြန်ပေးခြင်းမရှိ၍ အထည်ချုပ်လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၂ ရုံတွင် ကိုဗစ်အတည်ပြုလူနာ အလုပ်သမား ၄ ဦး တွေ့ရှိပြီးနောက် ဧရာဝတီတိုင်း အစိုးရက စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ စက်ရုံအားလုံးကို ယာယီ ပိတ်သိမ်းထားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၇ ရက်နေ့တွင် ယာယီပိတ်သိမ်းကာလ ပြည့်ခဲ့သော်လည်း စက်ရုံများ လိုက်နာရန် ညွှန်ကြားချက် တစုံ တရာ ထပ်မံထုတ်ပြန်ခြင်း မရှိသဖြင့် စက်ရုံပိုင်ရှင်များနှင့် လူဦးရေ ၁ သောင်း ခန့်ရှိသော စက်ရုံအလုပ်သမားများ အခက်အခဲ ကြုံတွေ့နေကြသည်။
အဓိက ပြဿနာက ဧရာဝတီတိုင်းဒေသကြီး အစိုးရရဲ့ တိကျတဲ့ ညွှန်ကြားချက်မရတဲ့အခါ ကျနော်တို့မှာ ဘာဆက်လုပ်ရမှန်း မသိလောက်အောင်ကို အခက်အခဲတွေ ဖြစ်နေတယ်။
ပုသိမ်စက်မှုဇုန်မှ အကြီးဆုံး အထည်ချုပ်စက်ရုံဖြစ်သည့် Myanmar Knitting စက်ရုံ မန်နေဂျာ ဦးသက်နိုင် က “အဓိက ပြဿနာက ဧရာဝတီတိုင်းဒေသကြီး အစိုးရရဲ့ တိကျတဲ့ ညွှန်ကြားချက်မရတဲ့အခါ ကျနော်တို့မှာ ဘာဆက်လုပ်ရမှန်း မသိလောက်အောင်ကို အခက်အခဲတွေ ဖြစ်နေတယ်။ စက်ရုံကို ပိတ်ဆိုလည်း ပိတ်မယ်။ ဖွင့်ဆိုလည်း ဖွင့်မယ်။ စာလေး တစောင်သာပေး အဆင်ပြေတယ်။ ကျနော်တို့ကလည်း စက်ရုံပိုင်ရှင် နိုင်ငံခြားသားနဲ့ ပြန်ရှင်းရတဲ့အခါ တရားဝင်စာနဲ့မှ ရှင်းလို့ရတာ။ အဲဒီစာရောက်မလာတော့ ကျနော်တို့မှာ တော်တော်လေးကို အခက်အခဲ ဖြစ်နေတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းအစိုးရက တရားဝင်ညွန်ကြားစာ မထုတ်ပြန်သည့်အတွက် လူဦးရေ ထောင်နှင့်ချီသော အထည်ချုပ် အလုပ်သမားများမှာ စက်ရုံများဖွင့်သည်ထင်၍ ယနေ့ နံနက်ပိုင်းတွင် လာရောက်အလုပ်ဆင်းကြရာ စက်ရုံပိုင်ရှင်များက အလုပ်သမားများကို စက်တင်ဘာလအတွက် လစာထုတ်ပေး၍ အိမ်ပြန်လွှတ်ခဲ့ရကြောင်း သိရသည်။
Myanmar Knitting စက်ရုံမန်နေဂျာ ဦးသက်နိုင်က“တချို့အလုပ်သမားတွေက စက်ရုံဖွင့်တယ်ထင်ပြီး အလုပ်လာ ဆင်း ကြတယ်။ ကျနော်တို့က အလုပ်ခိုင်းလို့ မရတော့ လစာကို ငွေနဲ့ထုတ်ပေးတဲ့သူပေး၊ ဘဏ်ကတ် ATM ထဲကို ထည့်ပေးတဲ့ လူပေးပေါ့။ အဲဒီလို လုပ်ပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်”ဟု ပြောသည်။
အထည်ချုပ်စက်ရုံများကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမားရေးရာကိစ္စများ တာဝန်ယူ ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဒေါက်တာစိုးဝင်းထံ ဧရာဝတီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
ဧရာဝတီတိုင်းအစိုးရက တရားဝင်စာမထွက်သော်လည်း အလုပ်သမားညွန်ကြားမှုဦးစီးဌာနက စက်ရုံအား ယာယီ ပိတ် ထားရန် နှုတ်မိန့်ဖြင့် ပြောဆိုသည့်အတွက် မိမိတို့စက်ရုံအား ပိတ်သိမ်းထားကြောင်း Amava Apparel အထည်ချုပ် စက်ရုံကလည်း ပြောသည်။
Amava Apparel အထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က“အလုပ်သမား ညွန်ကြားမှုဦးစီးဌာနက ပြော တာတော့ ကိုဗစ်ဖြစ်နေတဲ့အတွက် စက်ရုံကို လောလာဆယ် ယာယီပိတ်ထားပေးပါ။ စာကတော့ ထွက်ပေးပါမယ်လို့ ညွန်ကြားတဲ့အတွက် ကျမတို့ ပိတ်ထားတာပါ။ ညွှန်ကြားချက်ကတော့ နှုတ်နဲ့ပဲ အရင် ပြောလာတာပါ။ ပြန်ဖွင့်မယ့်ရက် ကတော့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားစာပြန်ထွက်မယ့် အပေါ်ပဲ မူတည်ပါတယ်”ဟု ပြောသည်။
တရားဝင် စာမထွက်ဘဲ နှုတ်မိန့်ဖြင့် စက်ရုံများကို ယာယီပိတ်ခိုင်းသည့်ကိစ္စအပေါ် အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်များ ဘက်မှ လက်ခံခြင်းမရှိဘဲ တရားဝင်ညွန်ကြားစာ ထုတ်ပြန်ပေးရန် စက်ရုံလုပ်ငန်းရှင်များက ဧရာဝတီတိုင်း ဒေသကြီး အစိုးရထံ ယနေ့ စုပေါင်းတောင်းဆိုထားကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့က စက်ရုံအားလုံး ယာယီပိတ်သိမ်းရန် ထုတ်ပြန်သည့် ဧရာဝတီတိုင်းအစိုးရ၏ ညွန်ကြား ချက်မှာ ယင်းနေ့ နေ့လည်ပိုင်းမှထွက်ရှိလာသဖြင့် အထည်ချုပ်စက်ရုံအားလုံးမှာ ညွန်ကြားချက် ထုတ်ပြီး နောက်တရက် ဖြစ်သည့် စက်တင်ဘာ ၂၅ ရက်နေ့မှသာ စက်ရုံများ ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်သမားများ အခက်အခဲ မဖြစ်စေရန် ညွန်ကြားချက်၊ သတင်းအချက် အလက်များကို အချိန်မီထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ပုသိမ်မြို့ အခြေစိုက် အလုပ်သမားအချင်းချင်း ရိုင်းပင်း ကူညီရေးအဖွဲ့မှ ဒေါ်ခခက ပြောသည်။
ဒေါ်ခခက“အစိုးရ၊ ဌာနဆိုင်ရာနဲ့ အလုပ်ရှင်တွေရဲ့ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းချက်တွေ စီမံခန့်ခွဲမှုအလွဲတွေ ကြားထဲမှာ အလုပ်သမားတွေက မြေစာပင်ဖြစ်ရပါတယ်။ နောက်ဆုံးမှာ အခက်အခဲတွေ ကြုံတွေ့ရတာ အလုပ်သမား တွေပါပဲ။ ဖြစ်စေချင်တာကတော့ အလုပ်သမားကိစ္စ အခက်အခဲတခု ကြုံလာရတိုင်း အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ၃ ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းမှု လုပ်သင့်ပါတယ်။ အခုလို ကာလမှာ လူချင်းတွေ့ပြီး မလုပ်နိုင်ရင်တောင် အွန်လိုင်းကနေ အစည်းအဝေး လုပ်သင့်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်စက်မှုဇုန်တွင် တရုတ်၊ ထိုင်ဝမ်၊ သီရိလင်္ကာစသည့် နိုင်ငံများမှ ကုန်ကြမ်းယူ ကုန်ချော ထုတ်သည့် အထည်ချုပ်စက်ရုံ ၈ ရုံ လာရောက် ရင်းနှီးမြှုပ်နှံလည်ပတ်နေပြီး လက်ရှိတွင် အလုပ်သမား ၁ သောင်းခန့် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
ပုသိမ်စက်မှုဇုန်ရှိ အလုပ်သမား ၇၀၀ ကျော်ရှိသည့် ဟီရှန်စက်ရုံနှင့် အလုပ်သမား ၂ ထောင်ခန့်ရှိသည့် ဒေါင်းလောင် အထည်ချုပ် စက်ရုံတို့တွင် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကူးစက်မြန် COVID – 19 ရောဂါပိုးရှိသူ အလုပ် သမား ၄ ဦး တွေ့ရှိခဲ့သည့်အတွက် ဧရာဝတီတိုင်းအစိုးရက ၁၄ ရက်တာ ယာယီ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းတွင် COVID – 19 ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားသလာသဖြင့် အထည်ချုပ်စက်ရုံများကို အစိုးရက စက်တင်ဘာ ၂၄ ရက်တွင် ယာယီပိတ်သိမ်းခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပုသိမ်၊ မအူပင်နှင့် ဖျာပုံ မြို့နယ်မှ ပြည်သူများ နေအိမ်၌သာနေထိုင်ရန် Stay at Home အမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
ဧရာဝတီတိုင်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းအထိ အထည်ချုပ်စက်ရုံအလုပ်သမား ၇ ဦး အပါအဝင် ကိုဗစ်အတည်ပြုလူနာ ၄၁၂ ဦး တွေ့ရှိခဲ့သည်။ ယင်းတို့အနက် လူနာ ၁၈၂ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည့်အတွက် လက်ရှိအတွင် လူနာ ၂၃၀ ဦးမှာ တိုင်းအတွင်းရှိ ဆေးရုံများတွင် ကုသမှုများ ခံယူ နေဆဲဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ CMP လုပ်ငန်းများအတွက်မူကို အောက်တိုဘာ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ရန် ခွင့်မပြုကြောင်း ရက်ထပ်တိုး ကြေညာချက် တစောင်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
You may also like these stories:
မဖြစ်မနေ လုပ်ရမည့် ဆောက်လုပ်ရေး လုပ်ငန်းစဉ် အနည်းငယ်ကို လုပ်ကိုင်ခွင့်ပြုမည်
လက်ခစား စက်ရုံအလုပ်ရုံ လုပ်သားများ လစာထုတ်မရ၍ အခက်ကြုံ