ရန်ကုန်ကြည်မြင့်တိုင် ငါးဈေးမှ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကံသာကုန်းရွာသို့ ပြန်လာသူ ၁ ဦးမှာ သက်ဆိုင် ရာသို့ သတင်းမပို့ Quarantine မဝင်ဘဲနေရာမှ ပိုးတွေ့ခဲ့ပြီး ၎င်း၏ မိသားစုဝင် ၅ ဦးကိုပါ ပိုးကူးစက်စေခဲ့ သဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် ခံရသူမှာ ဇော်မိုးဝင်း(ခ)ဇင်မျိုးနိုင် ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက တရားလိုပြုလုပ်ကာ အောက်တိုဘာ ၇ရက် အမှုဖွင့်ခြင်းဖြစ်သည်။
၎င်းသည် ကြည်မြင်တို ငါးဈေးမှ ငါးသယ်ကာ စက်တင်ဘာ ၁၅ရက် က ကံသာကုန်းရွာသို့ ပြန်လာခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်အထိ သက်ဆိုင်ရာသို့ သတင်းပို့ခြင်း မရှိ သဖြင့် ကျေးရွာတာဝန်ရှိသူ ၁ ဦးက ညောင်ပင်သာ ရဲကင်းစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
သိရှိသည်နှင့် တပြိုင်နက်ထဲ ဇော်မိုးဝင်း(ခ)ဇင်မျိုးနိုင်နှင့် မိသားစုဝင် ၅ ဦးကို ရွှေဘိုမြို့ရှိ ကုသရေး ဆောင်တွင် Quarantine ထားရှိခဲ့ပြီး ဆေးစစ်ရာမှ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းနှင့် မိသားစုဝင်များသည် ယခုအခါ ရောဂါကင်းစင်သွား၍ အောက်တိုဘာ ၇ ရက်က ဆေးရုံမှ ဆင်းသွားကာ အိမ်တွင် Quarantine ၇ ရက် ဝင်နေရာ ထိုကာလပြီးသည့်နောက် ဖမ်းဆီး အရေးယူမည်ဟု ညောင်ပင်သာ ရဲကင်းစခန်းမှ စခန်းမှူးက ဆိုသည်။
စခန်းမှူး ဒုရဲအုပ် အောင်မြတ်မိုးက“ကျနော်တို့ အမှုဖွင့်ထားတယ်။ လက်ရှိကတော့ သူ့ကို ဖမ်းလို့မရသေးဘူး။ ဆေးရုံက ဆင်းလာရင် အိမ်မှာ ၇ ရက်နေရသေးတယ်။ ရွာကလည်း လောလောဆယ် လော့ဒေါင်းချထားလို့ ဘာမှလုပ်လို့မရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် အပတ်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကြေးမုံရွာမှ အမျိုးသားတဦးသည် ရန်ကုန်မှ ပြန်လာသည်ကို တခြားဒေသမှ ပြန်ရောက်လာသည် လိမ်လည်ပြီး Quarantine မဝင်သဖြင့် ၎င်း၏ မိခင်အား ကိုဗစ်ရောဂါ ကူးစက်ခဲ့သော်လည်း ၎င်းကို အရေးယူခြင်းမရှိခဲ့ပါဟု မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး ထံက သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ ၈ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၂၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်သော်လည်း ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်နေသဖြင့် ကိုယ်စား လှယ်လောင်းများက မဲဆွယ်ခြင်းများကို ရပ်နားထားခဲ့သော်လည်း ပြည်နယ်နှင့် တိုင်းများရှိ အင်အားကြီး ပါတီများကို ဝန်းရံသူများက လူစုလူဝေးဖြင့် လှည့်လည်ခဲ့သည့်အပေါ်တွင် သက်ဆိုင်ရာက မတားမြစ်သည့် အပေါ် ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။
You may also like these stories:
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ