နိုဝင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပေါ် လူထု၏ ယုံကြည်မှုမှာ ပြီးခဲ့သည့် နှစ်မှစ၍ မြင့်တက်လာခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တခုက ပြုလုပ်သည့် “တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် စစ်တမ်းကောက်ယူမှု” အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် က မြန်မာပြည်သူအများစု၏ အမြင်တွင် အထူးပုံရိပ် တခု အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သက်သေပြခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) ၏ သဘောထားစစ်တမ်း ကောက်ယူမှု အရ ဒေါ်အောင်ဆန်းစု ကြည် အပေါ် ယုံကြည်မှုက ပြီးခဲ့သည့်နှစ်တွင် ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၇၉ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း တွေ့ရှိခဲ့ ရသည်။
အဆိုပါစစ်တမ်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန(MOHS)၊ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ တပ်မတော်၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၊ တရားရုံးများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် မီဒီယာ အပါအဝင် ထင်ရှားသည့် ပုံရိပ်များ နှင့် အဖွဲ့အစည်းများ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို တိုင်းတာတွက်ချက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးအဖွဲ့အစည်းများအပေါ် ယုံကြည်မှုအဆင့်က ၎င်းတို့၏ ၂၀၁၉ ခုနှစ် မတ်လ စစ်တမ်းနောက်ပိုင်းတွင် တိုးတက် လာခဲ့သည်ဟု PACE က ဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးဝင်းမြင့်တို့က ပြည်သူလူထု၏ ယုံကြည်မှု အမြင့်ဆုံး အဆင့်ကို ရရှိခဲ့ပြီးနောက် သူတို့၏ နောက်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ ရှိနေသည်။
တိုင်းပြည်က COVID-19 ကူးစက်မှု ဒုတိယလှိုင်းနှင့် ရင်ဆိုင်ရန် ရုန်းကန်နေရသောကြောင့် ကျန်းမာရေးဝန်ကြီးဌာန အပေါ် ပြည်သူလူထု၏ ယုံကြည်မှု မှာ ၆၃ ရာခိုင်နှုန်း ရှိသဖြင့် နိုင်ငံအတွင်းတွင် တတိယမြောက် ယုံကြည်မှု ခံရသည့် အဖွဲ့ အစည်း ဖြစ်စေခဲ့ကြောင်း စစ်တမ်း အရ သိရသည်။
တပ်မတော် အပေါ် ပြည်သူလူထု၏ယုံကြည်မှု က ၂၀၁၉ ခုနှစ် တွင် ၄၄ ရာခိုင်နှုန်းရှိရာမှ ၄၃ ရာခိုင်နှုန်းသို့ ကျဆင်းသွား ခဲ့ သည်။ သို့သော်လည်း ပြည်ထောင်စု လွှတ်တော် အပေါ်ယုံကြည်မှု မှာ ၄၇ ရာခိုင်နှုန်းရှိရာမှ ၅၃ ရာနှုန်း သို့ တိုးသွားခဲ့ သည်။
ရွေးကောက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံသားတို့၏ သိမြင်သဘောပေါက်မှုအဆင့်၊ မဲပေးရန် ရည်ရွယ်ချက် ရှိ/မရှိ၊ လက်ရှိ နိုင်ငံရေး အခြေအနေ အပေါ် သူတို့၏သဘောထား၊ အဓိက ပြဿနာများအပေါ် သူတို့၏ ဦးစားပေးပုံ၊ ကွဲပြားခြားနားသော အဖွဲ့အစည်းများအပေါ် သူတို့၏ ယုံကြည်မှုအဆင့်၊ နိုင်ငံရေး ပါတီများအပေါ် သူတို့၏ အမြင်၊ ကိုယ်စားလှယ် လောင်းများ အပေါ် သူတို့၏ မျှော်လင့်ချက်များနှင့် အခြား အကြောင်းအရာများကို တွက်ချက်နိုင်ရန် အတွက် PACE က နိုင်ငံတလွှားတွင် တွေ့ဆုံ မေးမြန်းမှု ၂၅၇၇ ခု ပြုလုပ်ခဲ့သည်။
သို့သော်လည်း လုံခြုံရေးနှင့် COVID-19 စိုးရိမ်ပူပန်မှုများကြောင့် အဖွဲ့ အနေဖြင့် ကချင်၊ ရှမ်းနှင့်ရခိုင်ပြည်နယ်ရှိအချို့ နေရာများတွင် တွေ့ဆုံ မေးမြန်းမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်။ ထို့ကြောင့် တွေ့ရှိချက်များသည် ထိုဒေသများရှိ နိုင်ငံသားများ၏ အမြင်ကို ကိုယ်စားပြုနိုင်မည် မဟုတ်ဟုလည်း ဆိုသည်။
နိုင်ငံရေးပါတီများက သူတို့၏ အကျိုးစီးပွားနှင့် အမြင်များကို အနီးကပ်ကိုယ်စားပြုသည် ဆိုသည့် ပြည်သူလူထု၏ အမြင် နှင့် ပတ်သက်လျှင် NLD က ထိုခေါင်းစဉ်၌ အမြင့်ဆုံးအဆင့်ကို ရရှိခဲ့ပြီး စစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင်နှုန်းက NLD ပါတီကို ရည်ညွှန်းခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က NLD က ၃၃ ရာခိုင်နှုန်း သာရရှိခဲ့သည်။ ၇ ရာခိုင်နှုန်းခန့်က USDP ဟု ဖော်ပြခဲ့ကြပြီး ပြီးခဲ့သည့်နှစ်က ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ တက်လာခြင်း ဖြစ်သည်။
စစ်တမ်း ဖြေဆိုပေးသူ ၃ ပုံ ၂ ပုံနီးပါးက NLD အပေါ် အပြုသဘောဆောင်သော အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ၄ ပုံ ၁ ပုံ ကျော်ကမူ USDP အပေါ် အပြုသဘောဆောင်သော အမြင်များရှိကြောင်း ပြောခဲ့ကြသည်။ သို့သော်လည်း ဖြေဆိုသူ ၃ ပုံ ၂ ပုံ နီးပါးက မည်သည့်နိုင်ငံရေးပါတီအပေါ်တွင်မှ အကောင်းမြင်သော သို့မဟုတ် အပျက် သဘော ဆောင်သော အမြင်ကို မဖော်ပြခဲ့ကြပါ။
ဖြေဆိုသူများ၏ တဝက်ခန့်ကသာ လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့က “ကျိန်းသေမဲပေးမည်” ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထိုအချက်တွင် ၂၀၁၉ ခုနှစ် သဘောထားစစ်တမ်း အတိုင်း ပြောင်းလဲခြင်း မရှိကြောင်း PACE က ဆိုသည်။ ရွေး ကောက်ပွဲ၌ မဲပေးရေးတွင် ဖြစ်နိုင်ချေရှိသော အတားအဆီး များနှင့် ပတ်သက်၍ မစိုးရိမ်ကြောင်း ၃ ပုံ ၁ ပုံက ပြောကြား ခဲ့ကြပြီး COVID-19 နှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများကို စိုးရိမ်သူကလည်း ၃ ပုံ ၁ ပုံ ရှိသည်။
တိုင်းပြည်က လမ်းကြောင်းမှန်သို့ သွားနေသည်ဟု ယုံကြည်ကြောင်း ပြောသည့် ဖြေဆိုသူ အချိုးအစားက ပြီးခဲ့သည့်နှစ် တွင် ၃၇ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၅၂ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။ ထို့ပြင် ၎င်းတို့၏ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်က လမ်းကြောင်းမှန်သို့ သွားနေသည် ဟု ယုံကြည်ကြောင်း ပြောသော ဖြေဆိုသူ အချိုးအစားက ပြီးခဲ့သည့်နှစ် တွင် ၃၈ ရာခိုင်နှုန်းရှိရာ မှ ၅၂ ရာခိုင်နှုန်းသို့ တက်လာခဲ့သည်။
ဖြေဆိုသူ တဝက်ကျော်က အစိုးရ၏ ဝန်ဆောင်မှု နှင့် အခြေခံ အဆောက်အဦညံ့ဖျင်းမှုသည် တိုင်းပြည်တွင် ရင်ဆိုင်နေရ သော အရေးအကြီးဆုံး ပြဿနာများဖြစ်ပြီး အစိုးရအနေဖြင့် ကိုင်တွယ် ဖြေရှင်းသင့်သည့် ပြဿနာများဖြစ်သည်ဟု ထောက်ပြခဲ့သည်။
ထို့ပြင် ဖြေဆိုသူ တဝက်ကျော်က သူတို့ရရှိသော သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု အပေါ် စိုးရိမ်ကြောင်း ပြောခဲ့ကြသည်ဟုဆိုသည်။ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ မှားယွင်းသော သို့မဟုတ် ထင်ယောင် ထင်မှား ဖြစ်စေသော သတင်းအချက်အလက်များ သူတို့ ရရှိခဲ့ကြကြောင်း ၃ ပုံ ၁ ပုံက ပြောသည်။
သဘောထား စစ်တမ်းကောက်ယူမှုအရ လျှို့ဝှက်စွာ မဲပေးနိုင်မှု၊ ရွေးကောက်ပွဲ ကော်မရှင်၏ကြားနေမှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွင်း မသမာမှု ကင်းရှင်းရေး၊ ဆန္ဒမဲရေတွက်ခြင်း၏ သမာသမတ် ကျမှု၊ ရလဒ်များ၏ တိကျမှု သို့မဟုတ် မှန်ကန်မှု၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်မှု နှင့် မဲဆန္ဒရှင်များ အပေါ် ခြိမ်းခြောက်မှု ကင်းရှင်းရေးတို့က လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲတခု ကျင်းပရေး အတွက် အရေးကြီးသော အချက်များ ဖြစ်ကြောင်း နိုင်ငံသား အများစုက သဘောတူကြသည်။
PACE ၏ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အကြို စစ်တမ်းမှ တွေ့ရှိချက်များနှင့် နှိုင်းယှဉ်ပါက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အသိအမြင် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း လေ့လာ စောင့်ကြည့်ရေးအဖွဲ့(PACE ) က ပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Ahead of Poll, Myanmar Public’s Trust in Daw Aung San Suu Kyi Rises: Survey အားဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
You may also like these stories:
ရခိုင်တွင် ကြိုတင်မဲပေးသူ ၉ ထောင်ကျော်အနက် တပ်မဲ ၈၀၀၀ ကျော်ရှိ
ကိုဗစ်ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲပေးသူ လျော့နည်းနိုင်ဟုဆို
လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ်