ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရိက္ခာမလုံလောက်မှုကို တိုက်ဖျက်ရန် အားထုတ်မှုများအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program-WFP) က ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသွားသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သည် လွန်ခဲ့သောနှစ်က ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၈ နိုင်ငံမှ လူသန်း ၁၀၀ နီးပါးအတွက် အထောက်အပံ့များ ပေးအပ်ခဲ့သည်။
“ ကျနော့်ဘဝမှာ စကားမပြောနိုင်လောက်အောင်ဖြစ်သွားရတာ ဒီတကြိမ် ပထမဆုံးပါပဲ။ အရမ်းကို အံ့သြတုန်လှုပ်မိတယ်” ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အကြီးအကဲ ဒေးဗစ် ဘီစလေက အေပီသတင်းဌာနသို့ နိုက်ဂျားနိုင်ငံမှပြောသည်။
ကမ္ဘာတဝန်းကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်တွင် လူ သန်းပေါင်းများစွာ ခံစားနေရသော အငတ်ဘေးကို ပိုမိုဆိုးရွားစေကြောင်း နိုဘယ်ကော်မတီကပြောကြားပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် အခြားအဖွဲ့အစည်းများ အနေဖြင့် ထိုသူများကို ကျွေးမွေးရန် လုံလောက်သော ဘဏ္ဍာရေး အကူအညီ ပေးရန် အစိုးရများကို တောင်းဆိုသည်။
“ယခုနှစ်ချီးမြှင့်သည့် ဆုနှင့်အတူ ကော်မတီအနေဖြင့် အငတ်ဘေးရင်ဆိုင်နေရသော သို့မဟုတ် အငတ်ဘေး၏ ခြိမ်းခြောက်မှုကို ခံနေရသော လူသန်းပေါင်းများစွာကို ကမ္ဘာတဝှမ်းမှ မြင်စေလိုသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် စားနပ်ရိက္ခာဖူလုံမှုကို ငြိမ်းချမ်းရေးအတွက် ကိရိယာတခုဖြစ်အောင်လုပ်ဆောင်ရာတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်” ဟု နိုဘယ်ကော်မတီ ဥက္ကဌ ရစ် အန်ဒါဆင် က အော်စလိုတွင် ဆုကြေညာစဉ်ပြောသည်။
“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် အဲဖရက်နိုဘယ်၏ သေတမ်းစာတွင် ဖေါ်ပြထားသော နိုင်ငံများ ညီရင်းအကိုသဖွယ် ချစ်ခင်မှုကို ရှေ့တန်းရောက်အောင် လုပ်ဆောင်ရာတွင် နေ့စဉ်အကျိုးပြုခဲ့သည်”
“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် အဲဖရက်နိုဘယ်၏ သေတမ်းစာတွင် ဖေါ်ပြထားသော နိုင်ငံများ ညီရင်းအကိုသဖွယ် ချစ်ခင်မှုကို ရှေ့တန်းရောက်အောင် လုပ်ဆောင်ရာတွင် နေ့စဉ်အကျိုးပြုခဲ့သည်”ဟုလည်း သူ ပြောသည်။
ယခုနှစ် နိုဘယ်ဆု စာရင်းအတွက် နောက်ဆုံးအမည်စာရင်း တင်သွင်းရမည့် ဖေဖေါ်ဝါရီလ ၁ မတိုင်မီ လူပုဂ္ဂိုလ် ၂၁၁ ဦးနှင့် အဖွဲ့အစည်း ၁၀၇ ခုအမည်စာရင်း တင်သွင်းခဲ့ပြီး ရွေးချယ်ရန် အကြောင်းအရင်းများနှင့် ဆုရနိုင်သူများစွာ ရှိသည်။
ကမ္ဘာ့ဂုဏ်သိက္ခာ အကြီးမြတ်ဆုံးဆုသည် မည်သူနှင့် အထိုက်တန်ဆုံးဖြစ်သည်နှင့်ပတ်သက်ပြီး နော်ဝေး နိုဘယ်ကော်မတီသည် လုံး၀ လျှို့ဝှက်ထားသည်။
ထိုဆုနှင့်အတူ ခရိုနာငွေ ၁၀ သန်း (ဒေါ်လာ ၁.၁ သန်း) ဆုငွေနှင့် ရွှေတံဆိပ်တခုကို နော်ဝေးနိုင်ငံအော်စလိုတွင် ဆုတည်ထောင်သူ အဲဖရက်နိုဘယ်သေဆုံးသည့် နှစ်ပတ်လည်နေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ချီးမြှင့်မည်ဖြစ်သည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါကြောင့် ယခုနှစ်ဆုပေးပွဲအခမ်းအနားကို အကျဉ်းချုံးကျင်းပမည်ဖြစ်သည်။
တနင်္လာနေ့က နိုဘယ်ကော်မတီသည် ဇီဝကမ္မဗေဒနှင့်ဆေးပညာအတွက် နိုဘယ်ဆုကို အသည်းကို ပျက်စီးစေသည့် အသည်းရောင်အသားဝါ စီ ပိုး ရှာဖွေတွေ့ရှိခြင်းအတွက် ချီးမြှင့်ခဲ့သည်။ အင်္ဂါနေ့က ကြေညာသည့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုသည် အာကာသ တွင်းနက်များနှင့်ပတ်သက်သည့် ပဟေဠိကို ပိုမိုနားလည်စေရန် စံချိန်တင်လုပ်ဆောင်မှုများကို ဂုဏ်ပြုပြီး ဗုဒ္ဓဟူးနေ့ကကြေညာသည့် ဓါတုဗေဒဆိုင်ရာ နိုဘယ်ဆုကို စွမ်းအားကြီးမားသည့် မျိုးဗီဇတည်းဖြတ်မှုကိရိယာကို တွေ့ရှိသူများကို ချီးမြှင့်ခဲ့သည်။ စာပေဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ကဗျာဆရာ လိုစီဂလပ်အား သူမ၏ ရင်းနှီးပွင့်လင်း အလျှော့မပေးသည့် ကဗျာများအတွက် ကြာသပတေးနေ့တွင် ချီးမြှင့်သည်။
နောက်တပတ်တွင် ဘောဂဗေဒနယ်ပယ်တွင် ထူးချွန်မှုများအတွက် နိုဘယ်ဆုပေးအပ်ဦးမည်ဖြစ်သည်။
ကိုးကား။ ။ AP
You may also like these stories:
ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ပညာရေးမူဝါဒ ဖြစ်သင့်တယ်
မြန်မာ ဥပဒေ ကျောင်းသားများ ဒေသခံ လူထုအတွက် ဥပဒေဆိုင်ရာ သတင်းအချက်အလက်များ ပေးနေ
စစ်ပွဲကြား အပြစ်မဲ့ကလေးများ သေဆုံးနေသည်