သတင်း

တပ်မတော် အရာရှိ ၅၀ ကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့ ပြောင်းရွေ့ တာဝန် ထမ်းမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် အဖွဲ့ အစည်းများနှင့် ရင်ဆိုင်နေရသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကို အင်အား တောင့်တင်း စေရန် တပ်မတော်မှ အရာရှိကြီး ၅၁ ဦး ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက တပ်မ တော် အရာရှိများ ရဲတပ်ဖွဲ့ သို့ ပြောင်းရွေ့ မည့် သတင်း အပေါ် အတည်ပြုစဉ် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အ ထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အသစ် ထပ်မံ ဖွဲ့ စည်းမည့် နယ်ခြားစောင့် ရဲတပ်ရင်း ၂ ရင်းတွင် ယင်းတပ်မတော် အရာရှိများ တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ရင်း သဘောသဘာဝသည် နယ်မြေရဲ၊ မှုခင်းရဲ သဘော သဘာဝက မတူကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။

“လိုအပ်ချက်အရ ဒုတိယ ဗိုလ်မှူးကြီးကနေပြီးတော့ ဗိုလ်ကြီးအဆင့် ကပ္ပတိန် Level အထိပေါ့။ ၅၁ ယောက် ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ တွေကတော့ ရဲသန္ဓေတွေနဲ့ စုဖွဲ့ မှာ ဖြစ်ပါတယ်။ အဲဒီမှာ နယ်ခြားစောင့် တပ်ဖွဲ့ မှာ လိုအပ်ချက်အရ ရွေ့ ပြောင်းတာ ဖြစ်ပါတယ်။ ကက်ဘိနက်(အစိုးရအဖွဲ့ )ရဲ့ ခွင့်ပြုချက်လည်း ပြီးသွားပါပြီ”ဟု ဦးဇော်ဌေးက ပြောသည်။

၎င်းက ဆက်၍ “ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတွေက ARSA ၊ AA တို့လို အကြမ်းဖက် အဖွဲ့ တွေနဲ့ ရင်ဆိုင်နေရတာ။ တိုက်ခိုက်ရေးကို ဦးစားပေးတဲ့ အဖွဲ့ တွေ ဖြစ်တယ်”ဟု ပြောသည်။

ယင်းရွေ့ ပြောင်းလာသူ တပ်မတော် အရာရှိများသည့် ရဲတပ်ဖွဲ့ ဘက်သို့ သတင်းပို့နိုင်ခြင်း မရှိသေးသော်လည်း စစ်ရာထူး ခန့်ချုပ်ရုံးမှ ပြောင်းရွေ့ မိန့် ထွက်သွားပြီ ဖြစ်ကြောင်း၊ ရာထူးပြောင်းရွေ့လာသည့်အခါ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သည် ရဲဘက်သို့ ရောက်သည့်အခါ ဒုတိယ ရဲမှူးကြီး အဖြစ် အဆင့်တူ ပြောင်းရွေ့ တာဝန် ထမ်းဆောင်ရခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

အစိုးရဘက်က အကူအညီတောင်းခံသဖြင့် တပ်မတော်ဘက်မှ အရာရှိ၊ အခြားအဆင့် တပ်မတော်သားများကို စိစစ် ရွေး ချယ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အခါအားလျော်စွာ စေလွှတ်ပေးနေသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ လုံခြုံရေး၊ စစ်ဆင်ရေး ကိစ္စရပ်များတွင် အတွေ့ အကြုံ ရှိသူများကို စေလွှတ်ပေးလျက်ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

“တပ်မတော် အကြီးအကဲတွေ ကိုယ်တိုင် ဒီဟာကို အလေးထားပြီး ရွေးချယ်ပေးတယ်။ လုံခြုံရေး အတွေ့ အကြုံ၊ စစ်ဆင် ရေး အတွေ့အကြုံ ရှိတဲ့လူတွေ၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာနဲ့ တပ်တွင်းမှာ စည်းကမ်းလိုက်နာမှု ဆိုင်ရာမှာရော ကောင်းမွန် တဲ့လူတွေကိုပဲ ရွေးချယ်ပြီးတော့မှ အများအားဖြင့် ပို့ပါတယ်။ နယ်မြေဒေသ အတွေ့ အကြုံ ရှိတဲ့လူတွေကိုလည်း ရွေး ချယ်ပေးပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

၎င်းက ဆက်၍ “လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ အဲဒီဘက်မှာက AA လည်း ရှိတယ်။ ARSA အကြမ်းဖက် သောင်းကျန်းသူတွေလည်း ရှိတယ်။ အဲလိုရှိတဲ့အတွက် လုံခြုံရေးအမြင် ပိုရှိပြီး ဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရတယ်။ စစ်ဆင်ရေး အတွေ့အကြုံလည်း ရှိပြီး ဖြစ်တဲ့အတွက် သူတို့ရဲ့ စစ်ဆင်ရေး အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဆောင်ရွက်လို့ရတယ်”ဟု ပြောသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၏ လုပ်ငန်းတာဝန်သည် တရား ဥပဒေ စိုးမိုးရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဖြစ် သဖြင့် လုံခြုံရေးနှင့် ပတ်သက်ပြီး အတွေ့ အကြုံ ရှိသူများကို လိုအပ်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့် ရဲစခန်းများ၊ ရဲကင်းစခန်းများ၊ ရဲတပ်ဖွဲ့ ရုံးများသည် မကြာခဏ ဝင်ရောက် တိုက်ခိုက် ခံရလေ့ ရှိပြီး တိုက်ပွဲများအတွင်း ရဲကင်းစခန်းများ ကျဆုံးခြင်း၊ ရဲတပ်ဖွဲ့ ဝင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးသည့် ဖြစ်စဉ် များလည်း ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ အနည်းဆုံး ရဲတပ်ဖွဲ့ ဝင် ၂၀ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များအတွက် သမ္မတ၏ အရေးပေါ် ရန်ပုံ ငွေမှ ကျပ် သန်းပေါင်း ၂ သောင်းကျော်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ခွင့်ပြုပေးခဲ့သေးသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁ မှ ၈ အထိ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ ခွဲများတွင် လိုအပ်လျက်ရှိသည့် လုံခြုံရေး သုံးပစ္စည်းများ ဝယ်ယူရန်နှင့် ခြံစည်းရုံး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၁၉၁၀၃.၉၀ သန်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရှိ ရဲစခန်းများ၊ ရဲကင်းစခန်းများနှင့် အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲတို့ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၁၁၅၀.၆၉၄ သန်းတို့ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ကို လက်နက်ကောင်းကောင်း ပေးဖို့တော့ လိုတယ်။ အခု ကျနော်မှာ ခြောက်လုံးပြူး ပစ္စတိုတလက်ပဲ ရှိတယ်” ဟု ရခိုင်ပြည်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတဦးက ပြောသည်။

ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဦးဆောင်နေသူ ရဲမှူးချုပ် ထက်လွင်သည် တပ်မတော် အရာရှိဟောင်း တဦး ဖြစ်ပြီး ယခင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ဖွဲ့ မှူး အဖြစ် ဆောင်ရွက်ခဲ့သူ ရဲမှူးချုပ် မောင်မောင်ခိုင်နှင့် ရဲမှူးချုပ် သူရ စန်းလွင်တို့မှာလည်း တပ်မတော် အရာရှိများ ဖြစ်သည်။

“အရာရှိ အဆင့်တင် မဟုတ်ဘူး။ တပ်ကြပ်အဆင့်၊ တပ်ကြပ်ကြီးအဆင့်တွေလည်း တပ်ကနေပြီးတော့မှ ပြောင်းသွားတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်တွေလည်း များပါတယ်”ဟု တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ရဲချုပ် အောင်ဝင်းဦးသည် DSA အပတ်စဉ် ၂၆ မှ ဖြစ်ပြီး တပ်မတော်မှ ဗိုလ်မှူးကြီး ရာထူး ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့သို့ ရဲမှူးကြီး ရာထူးဖြင့် ရောက်ရှိလာသူတဦး ဖြစ်သည်။

ဒုရဲချုပ် (၁) ရဲမှူးချုပ် အောင်အောင် မှာလည်း တပ်မတော် အရာရှိ ဖြစ်ခဲ့ဖူးပြီး ရဲတပ်ဖွဲ့ တွင် ဒုရဲမှူးအဆင့်၊ စခန်းမှူး ဦးစီးအရာရှိများသည် တပ်မတော်မှ ဗိုလ်ကြီး အငြိမ်းစားများ ဖြစ်ကြောင်း စုံစမ်း သိရရှိရပြီး ယင်းအဆင့်နှင့်အထက်ပိုင်း အားလုံးတွင် တပ်မတော် အရာရှိများ ရှိသည်။

You may also like these stories:

တယောက်တည်း ဆုံးဖြတ်ခြင်းထက် ဝိုင်းစဉ်းစားမှ အဖြေရနိုင်မည်ဟု တပ်ချုပ် ပြော

တရုတ်နဲ့ ဝေးရာ နေရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် မြှူဆွယ်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဘာတွေဆွေးနွေးခဲ့ကြလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading