ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ယမန်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများက အင်အားပြလှည့်လည်ရင်း တာဂွကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် လူ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
ကြံ့ခိုင်ရေးပါတီထောက်ခံသူများက လူအင်အား ၂ ထောင်ကျော်ဖြင့် ဟင်္သာတမြို့ပေါ်တွင် လှည့်လည် အင်အားပြပြီးနောက်အပြန် တာဂွကျေးရွာရောက်သည့်အချိန်၌ NLD အင်္ကျ ီဝတ်ထားသူများ၊ NLD အလံထောင်ထားသည့်နေအိမ်များကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများက ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟင်္သာတမြို့နယ် NLD ပါတီက ပြောသည်။
ဟင်္သာတမြို့နယ် NLD ပါတီ သတင်းပြန်ကြားရေးတာဝန်ခံ ကိုကျော်ဇေယျာဦးက “ကြံ့ခိုင်ရေးပါတီကလူတွေက ဟင်္သာတမှာလှည့်ပြီး ပြန်ကြချိန် တာဂွရွာရောက်တဲ့အချိန်မှာ NLD အောင်နိုင်ရေးသီချင်းဖွင့်ထားတဲ့ အိမ်ရှေ့လည်းရောက်ရော အဲဒီက မိန်းကလေးတွေကို ပုဆိုးလှန်ပြတာ၊ ဆဲတာဆိုတာတွေလုပ်တော့ ဒေသခံတွေနဲ့ ပြသနာတက်ရော။ အဲ့လိုလည်းဖြစ်ရော သူတို့ကအသင့်ယူလာတဲ့ ဂဝံကျောက်ခဲတွေနဲ့ပစ်ကြ တာမှာ လူ ၁၄ ယောက် ဒဏ်ရာရသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများက ခဲများဖြင့်ပစ်ခတ်သည့်အတွက် တာဂွကျေးရွာမှ ဒေသခံ ၁၄ ဦးမှာ ပေါက်ပြဲ၊ ကွဲရှဒဏ်ရာများရရှိခဲ့ပြီး NLD ပါတီအလံထောင်ထားသည့် နေအိမ်တချို့မှာလည်း ခေါင်မိုး ပေါက်ပြဲခြင်းများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယခုဖြစ်စဉ်မှာ ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြု၍ ဧရာဝတီတိုင်းအတွင်း ပထမဆုံးပေါ်ပေါက်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ကြောင်း သိရသည်။
တာဂွကျေးရွာမှ ဒေသခံ ဦးမြအေးက “ကျနော်က လမ်းမှာပါတီတွေလှည့်လာလို့ အပြင်ထွက်ကြည့်တာကို ကျနော့်ကို ပြည်ခိုင်ဖြိုးအဖွဲ့တွေက တုတ်နဲဝင့်ရိုက်သွားတာ” ဟု ပြောသည်။
တာဂွကျေးရွာမှ ဒဏ်ရာရရှိသူများမှာ NLD ပါတီဝင်များမဟုတ်ဘဲ ပါတီကိုထောက်ခံသူများဖြစ်ပြီး လူ ၁၃ ဦးမှာ ဒဏ်ရာမပြင်းထန်သဖြင့် ဟင်္သာတဆေးရုံမှ ဆေးထည့်၍ ပြန်လွှတ်ပေးခဲ့ပြီး ကျန်လူနာ ၁ ဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၊ ကြံ့ခိုင်ရေးပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးဌေးဝင်းက “ကျနော်တို့ အင်အားပြ လှည့်လည်တဲ့ လူတွေက ရွာပေါင်း ၁၀၀ လောက် ဖြတ်လာခဲ့တာ ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ တာဂွရွာကလူတွေက အရင်ဆုံး ကျနော်တို့ကို လမ်းခင်းတဲ့ကျောက်ခဲတွေနဲ့ အရင်ပစ်ပေါက်ကြတာပါ။ ကျနော်တို့မှာ ဗီဒီယိုဖိုင်သက်သေ ရှိပါတယ်။ အဲ့လိုပစ်ရာကနေ ကျနော်တို့လူတွေက ခဲနဲ့ပြန်ပစ်ကြရင်း ဖြစ်ကုန်တာ”ဟု ပြောသည်။
ယမန်နေ့က တာဂွဖြစ်စဉ်တွင် ခဲဖြင့်အပေါက်ခံရသည့်အတွက် ဒဏ်ရာရခဲ့သည့် တာဂွဒေသခံ ၁၄ ဦးက ဟင်္သာတမြို့မရဲစခန်းတွင် အမှုဖွင့် လှစ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့ နီးကပ်လာသည်နှင့်အမျှ NLD ပါတီနှင့် ကြံံ့ခိုင်ရေးပါတီထောက်ခံသူများမှာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် လူထောင်နှင့်ချီ စုဝေးလှည့်လည်၍ အင်အားပြမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
You may also like these stories:
ကပ်ရောဂါကာလ လူစုလူဝေးဖြင့် ထောက်ခံလှည့်လည်ပွဲများ ဝေဖန်ခံရ
မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက်