ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကော့ကရိတ်မြို့နယ် ကျောက်ရေတွင်းကျေးရွာနှင့် မင်းရွာအကြားရှိ NMSP ထိန်းချုပ်နယ်မြေအတွင်းသို့ KNU/KNLA-PC တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU/KNLA-PC မှ ဗိုလ်မှူး စောအယ်မူးဝါးက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး စောအယ်မူးဝါး က “ကျနော်တို့ ရဲ့ ၇၇၆ တပ်ရင်းက လူတယောက်ကို မွန်ပြည်သစ်ပါတီက ဖမ်းထားတယ်လို့ ကြားရတယ်။ အဲဒီလိုဖမ်းထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်က သွားတဲ့အခါမှာ ထိတွေ့မှုလေးနည်းနည်းဖြစ်သွားတယ်။ မွန်ပြည်သစ်ရှိတဲ့ဘက်ကို သွားသလိုဖြစ်တော့ သူတို့ဘက်က ပစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မွန်ပြည်နယ်အခြေစိုက် သတင်းမီဒီယာ အချို့တွင် NMSP ဘက်တွင် ထိခိုက်ဒဏ်ရာရသူမရှိဘဲ KNU/KNLA-PC ဘက်တွင် ဒဏ်ရာအနည်းငယ်ရသူ အချို့ရှိကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူး စောအယ်မူးဝါးကမူ “ကျနော်တို့ဘက်က ၇၇၆ တပ်ရင်းမှူးကို လှမ်းမေးကြည့်တော့ ဒဏ်ရာရတာတွေ ဘာတွေလည်း မရှိဘူးပေါ့။ သူတို့နေရာကို သူတို့ ပြန်လာကြပါပြီလို့တော့ ပြောတယ်။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အခြေအနေတည်ငြိမ်နေပါပြီ” ဟု ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ပိုမိုသိရှိနိုင်ရန် NMSP တာဝန်ရှိသူများထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့သဖြင့် မွန်ပြည်သစ်ဘက်မှ ရှင်းလင်းချက်ကို ဖော်ပြနိုင်ခြင်း မရှိပါ။
KNU/KNLA-PC ဘက်ကတော့ ပစ်ခတ်တိုက်ခိုက်မှုများ နောင်တွင် ထပ်မံမဖြစ်စေရေးအတွက် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းတို့သဘောထားကို ရှင်းပြသည်။
KNU/KNLA-PC နှင့် NMSP တို့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည်။
KNU/KNLA (PC) သည် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်ခဲ့ကာ ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထိုးကော်ကိုးရွာတွင် ဌာနချုပ်ဖွင့်ထားသည်။ ၂၀၁၅ ခုနှစ်အောက်တိုဘာလတွင် NCA ကို လက်မှတ်ထိုးခဲ့သည်။
မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် NCA စာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။
You may also like these stories:
ကရင် လက်နက်ကိုင်အဖွဲ့အမည် တံဆိပ်အတု တပ်သူများကို အရေးယူမည်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က KNU ဘာကြောင့် နုတ်ထွက်ချင်သလဲ
ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသော့ချက် တပ်မတော်လက်တွင်ရှိ