စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်ညီသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်းတဦးကို နိုင်ငံ့ဝန်ထမ်း အဖြစ် အကျုံးဝင်နေသည်ဟုဆိုကာ ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်လိုက်ျကြောင်း စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးမှ သတင်းရရှိသည်။
ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်းမှာ ကန့်ဘလူမြို့နယ်ရှိ မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသား လွှတ် တော် အမတ်လောင်းအဖြစ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်မောင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက “သူက စားသုံးသူရေးရာဌာနမှာ ဒုညွန်ချုပ် အငြိမ်းစားဆိုတော့ ပင်စင်က မပြည့်သေးဘူး။ ကြိုတင်ပြင်ဆင်ခွင့်ကာလ ၄ လခံစားနေတဲ့ အချိန်ဖြစ်တဲ့ အတွက် ပင်စင်စား ဖြစ်တာကြောင့် အကျုံးမဝင်ဘူး။ အဲဒါကြောင့် ပယ်လိုက်တာ” ဟု ပြောသည်။
၎င်းကဆက်၍ “ပြည်ထောင်စုကနေ သူ့ရဲ့အချက်အလက်တွေကို ပြန်တောင်းကြည့်တယ်။ သောကြာနေ့က ကျနော်တို့ဆီကို အကြောင်းကြားတာ။ အကြောင်းကြားတော့ မဲလက်မှတ်မှာ သူ့နာမည်ပါနေတော့ မဲပြားပေါ်က သူ့နေရာမှာ cross လုပ်ပေးရမှာပေါ့” ဟု ပြောသည်။
ဦးအောင်မောင်းသည် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းချိန်က စီးပွား/ကူးသန်းဌာန စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုညွှန်ချုပ် အဖြစ် သက်ပြည့်ပင်စင် ယူထားသူဖြစ်သော်လည်း ခံစားခွင့် ၄ လကျန်နေသေး သောကြောင့် နိုင်ငံဝန်ထမ်းအဖြစ် အကျုံးဝင်နေဆဲဖြစ်သည်။
ထို့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွင် နိုင်ငံဝန်ထမ်း မဖြစ်ရ ဆိုသည့်အချက်နှင့် ငြိစွန်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်ညီသည့်အတွက် ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းစိန်က “ကျနော်တို့အနေနဲ့ကတော့ အောင်နိုင်ခြေရှိတဲ့ မြို့နယ်ဖြစ်တဲ့အတွက် ဒါက တော်တော်နစ်နာ ဆုံးရှုံးတယ်။ ဒါပေမယ့် အဲဒီစာကတော့ ကျနော်တို့ဆီကို တရားဝင်မရောက်သေးပါဘူး” ဟု ပြောသည်။
အမည်စာရင်းပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း ဦးအောင်မောင်းအား ဧရာဝတီမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။
ကန့်ဘလူတွင် အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၄ ခုရှိသည့်အနက် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းဖျက်သိမ်းခံရတာကြောင့် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တခုလုံးရှိ မဲဆန္ဒနယ် ၁၂၅ နေရာ ဝင်ပြိုင်ရန် ရည်ရွယ်ထားသော်လည်း ယခု ၁၂၄ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်သည်။
ကန့်ဘလူမြို့နယ်မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၇ ခုရှိပြီး ဆန္ဒ မဲပေးခွင့်ရှိသူ ၂၃၀၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၂၀၄ ခုဖွင့်လှစ်သွားမည်ဟု ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
You may also like these stories:
စစ်ပွဲ၊ ကိုဗစ်နှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ
မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင်
ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုယုံကြည်မှု မြင့်တက်လာဟု PACE စစ်တမ်းကဆို