ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားထားသော်လည်း တမြို့နယ်လုံး ရွေး ကောက်ပွဲကို ကျင်းပနိုင်ရန်သာ စီစဉ်ထားသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အတွင်း ရေးမှူး ဦးနှစ်ဆန်းဦးက ဧရာဝတီကို ပြောသည်။
ကျောက်မဲမြို့နယ်တွင် အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီး ပုံဝိုးကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ၂၅၀၀ ခန့်မှာ နေ့ရပ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရသဖြင့် ပဋိပက္ခဖြစ်သည့် နယ်မြေများကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲတွင် ချန်လှပ်ခံခဲ့ရ မည်ကို ကိုယ်စားလှယ်လောင်းများက စိုးရိမ်နေကြသည်။
ဦးနှစ်ဆန်းဦးက “ကျနော်တို့ လက်ရှိ တင်ထားတာက တန့်ယန်းမှာ ကျေးရွာအုပ်စု ၉ စု၊ ကုန်းကြမ်းမှာ ကျေးရွာအုပ်စု ၁ အုပ်စု၊ မန်တုံမှာ၂ အုပ်စု ရှိပါတယ်။ အဲဒါတွေကတော့ အတည်မပြုနိုင်သေးပါဘူး။ ကျောက်မဲကတော့ မပါသေးပါဘူး။ ကျောက်မဲက အကုန်လုံး ကျင်းပနိုင်တယ်လို့ ကျနော်တို့ ပေးထားပါတယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင်း အောက်တိုဘာ ပထမပတ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တိုက်ပွဲ ဖြစ်သည့် ဧရိယာများ အပါအဝင် မြို့နယ် တခုလုံးကို ရွေးကောက်ပွဲ ကျင်းပနိုင်သည့် စာရင်းတွင်သာ ထည့်ထားပြီး ရွေးကောက်ပွဲ ကျင်းပမည့် ရက်အနီးတွင် နယ်မြေလုံခြုံရေး တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်များက မလုံခြုံ ကြောင်း တင်ပြလာပါက ထိုအချိန်မှသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိမရှိကို ထပ်မံ ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။
ဦးနှစ်ဆန်းဦးက “ဖြစ်ပေါ်လာတဲ့ အစီအမံပေါ် မူတည်ပြီး ကျနော်တို့ကတော့ အကောင်းဆုံး စီမံသွားပါမယ်။ စစ်ဘေးရှောင် တွေ ရောက်လာတယ်ဆိုရင် သူတို့ ဘယ်ကျေးရွာ အုပ်စုက လာလဲ။ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေး မှူးတွေကတဆင့် ကြိုတင်မဲတွေ ပေးနိုင်ဖို့ မဲစာရင်းမှာပါတဲ့ သူတွေရဲ့ စာရင်းတွေကို တောင်းခံပြီး သူတို့ မဲပေးခွင့် မဆုံးရှုံး အောင်လို့ ကျနော်တို့ ကော်မရှင်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာပါ” ဟုလည်း ဆိုသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျောက်မဲမြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်မှ စ၍ ပစ်ခတ် တိုက်ခိုက်မှုများ မရှိတော့ပါဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင် ပစ်ခတ် တိုက်ခိုက်မှုများ ရပ်ဆိုင်းသွားသည်မှာ ၂ ရက်ခန့် ရှိပြီဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွား ထားသည့် ပုံဝိုးကျေးရွာအုပ်စု နယ်မြေတဝိုက်တွင် နှစ်ဖက်စစ်ကြောင်းများ သွားလာ လှုပ်ရှားနေဆဲ ဖြစ်သဖြင့် ရွေး ကောက်ပွဲ ရက်နီးမှ တိုက်ပွဲပြန်ဖြစ်ပြီး ပဋိပက္ခ ဖြစ်သည့် နယ်မြေများကို ရွေးကောက်ပွဲ ကျင်းပမည့် အစိတ်အပိုင်းထဲတွင် ချန်လှပ်ခဲ့မည်ကို စိုးရိမ်ကြောင်း ကျောက်မဲ မြို့နယ်တွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက ပြော သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD)၏ ကျောက်မဲမြို့နယ်၊ ပြည်နယ် မဲဆန္ဒနယ် (၁)၏ ကိုယ်စား လှယ်လောင်း ဒေါ်နန်းအိမွန်အောင်က “စစ်ကြောင်းတွေက အောက်ပြန် မဆင်းဘဲ အဲဒီမှာပဲ ရှိနေရင် UEC က ဘယ်လို ပြောမလဲ ဆိုတာ ကျမတို့လည်း မသိရသေးဘူး။ မဲရုံကို ရွှေ့မလား၊ မဲပေးခွင့်ကို ရပ်နားမလား စိုးရိမ်ပါတယ်။ ကျမတို့ အခု ဆို လုံးဝ မဲဆွယ်စည်းရုံးလို့လည်း မရဘူး။ အခု ဖြစ်နေတဲ့ နေရာတွေက ကျမရဲ့ မဲဆန္ဒနယ် ဖြစ်နေတယ်။ အဓိက ကတော့ ပြည်သူတွေက ၅ နှစ်မှ တခါရတဲ့ သူတို့ရဲ့ အခွင့်အရေး မဆုံးရှုံးစေချင်ပါဘူး” ဟု ပြောသည်။
ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင် မောင်သိန်း ကလည်း ရွေးကောက်ပွဲ ကျင်းပမည့် ကာလတွင် နှစ်ဖက် တပ်ဖွ့ဲများမှ စစ်ရေးလှုပ်ရှားမှုများ၊ ပစ်ခတ်တိုက် ခိုက်မှုများကို ရပ်ဆိုင်းပေးထားစေလိုသည် ဟု ပြောသည်။
SNLD မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်မြင့်ကလည်း “အတတ်နိုင်ဆုံးကတော့ ထိုးစစ်မဆင်ကြ ဘဲ ငြိမ်းချမ်းရေး စကား ပြောစေချင်တယ်။ စစ်ပွဲ မဖြစ်တာ အကောင်းဆုံးပါပဲ။ အရင်တုန်းက ဖြစ်လာတဲ့ ပြဿနာတွေ အခု ချိန်မှာ မကျေနပ်ရင်လည်း ဆက်မဖြစ်ဖို့ ကျနော်တို့ကတော့ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ စစ်ပွဲ မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ” ဟု ဆိုသည်။
တပ်မတော်နှင့် RCSS တပ်ဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှုများ လတ်တလောတွင် ရပ်ဆိုင်းနေသော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၂ ထောင်ကျော်မှာ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေကြဆဲ ဖြစ်သည်။
ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ၏ ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က စစ်ဘေးရှောင် များ နေရပ်ပြန်ရေးကို အောက်တိုဘာ ၁၁ ရက်က သွားရောက် ညှိနှိုင်းခဲ့ပြီး နယ်မြေဒေသ အခြေအနေအရ စစ်ဘေးရှောင် ဦးရေ ၂၀၀၀ ကျော်ထဲမှ ၅၀၀ ကျော်၏ နေရပ်ရင်း ပုံဝိုးအောက်ပိုင်းဒေသမှာ RCSS တပ်ဖွဲ့ဝင်များလည်း ဆုတ်ခွာပေးထား ပြီး တိုက်ပွဲဖြစ်နိုင်ချေ မရှိတော့သဖြင့် နေရပ်ပြန်နိုင်သည့် အခြေအနေတွင် ရှိသည်ဟု ပြောသည်။
၎င်းက “ပုံဝိုး အထက်ပိုင်းမှာတော့ RCSS လည်း ရှိနေတယ်။ တပ်မတော်စစ်ကြောင်းလည်း ဝင်နေတယ်ဆိုတော့ ကိုယ့် ဒေသကို ပြန်ဖို့ကိစ္စက အထက်ပိုင်းမှာတော့ သွားပြောပြလို့ မရသေးဘူး။ ဒီနေ့ကလည်း ကျနော်တို့က သေနတ်သံ မကြား ရဘူး။ နောက် ၂ ရက်လောက်မှ ဒီတိုင်း အခြေအနေ တည်ငြိမ်နေရင် စစ်ရှောင်တွေ ပြန်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရင် ရွေးကောက်ပွဲကို ထိခိုက်စရာ မရှိတော့ဘူး” ဟု ဆိုသည်။
ရွေးကောက်ပွဲ ဖြစ်မြောက်ရေးမှာ လူထုအတွက် အရေးကြီးသည်ကို RCSS တပ်ဖွဲ့က နားလည်သဖြင့် တပ်မတော် စစ် ကြောင်းများ ဝင်လာသည့် နေရာများတွင် RCSS ဘက်မှ ရှောင်ရှားပေးနေကြောင်း သိရသည်ဟုလည်း ဦးစိုင်းထွန်းဉာဏ် က ပြောဆိုသည်။
ဆက်လက်ပြီး ဦးစိုင်းထွန်းဉာဏ်က “RCSS က ဒီမှာ ၂၀၁၁ လောက်ကတည်းက စဝင်လာတာ။ သူတို့ အခြေချနေပြီး အင်အား အကြီးအကျယ် ရှိတာ ၃ နှစ်ကျော် ၄ နှစ် ရှိပြီ။ စစ်တပ်ကလည်း သိနေတာပဲ။ ဒါပေမယ့် ပုံစံကြည့်ရတာ RCSS က အခြေချပြီး အင်အားကြီးထွားလာတယ်။ ကျေးလက် အုပ်ချုပ်ရေးပိုင်းတွေက သူ့ရဲ့ အောက်ရောက်သွားမှာ စစ်တပ်က စိုးရိမ်တယ်။ ဒါကြောင့် သူ့အင်အားကို လျှော့ချတဲ့သဘောနဲ့ ပဋိပက္ခ ဖန်တီးပြီးတော့ စစ်ရေးစစ်ရာအရ ချိန်ခွင်လျှာနဲ့ သူ့ပါ ဝါကို လျှော့ချတဲ့ သဘောလို့ ကျနော်ကတော့ မြင်ပါတယ်” ဟုလည်း ပြောသည်။
တပ်မတော်နှင့် RCSS တပ်ဖွဲ့များသည် အောက်တိုဘာ ပထမပတ်အတွင်း တိုက်ပွဲပေါင်း၂၀ ကျော် ဖြစ်ပွားခဲ့ပြီး ပစ်ခတ် တိုက်ခိုက်မှုများကြားတွင် အရပ်သား ၃ ဦး လက်နက်ကြီး ကျည်စများ ထိမှန်ပြီး ဒဏ်ရာ ရရှိထားသည်။
တပ်မတော်ဘက်မှ RCSS က အပစ်အခတ် ရပ်စဲရေး စာချုပ်များကို ချိုးဖောက်ပြီး နယ်မြေ ကျော်လွန်သဖြင့် တိုက်ပွဲဖြစ် သည်ဟု စွပ်စွဲထားပြီး RCSS က ၎င်းတို့ နယ်မြေ မကျော်လွန်ကြောင်း ငြင်းဆိုထားသည်။
တပ်မတော်နှင့် RCSS သည် ပဏာမ အပစ်ရပ်ရေးဆိုင်ရာ သဘောတူညီချက် ၁ စောင်နှင့် ပြည်ထောင်စုအဆင့် သဘော တူညီချက်၂ စောင်တို့ကို လက်မှတ် ရေးထိုးထားသည့်အပြင်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။
You may also like these stories:
တပ်မတော်နှင့် RCSS တိုက်ပွဲဆက်နေ၍ ဒေသခံ ၂၆၀၀ ထွက်ပြေးနေရ
နယ်မြေအငြင်းပွားမှုကြောင့် တပ်မတော်နှင့် RCSS တို့ စစ်ရေး တင်းမာ