အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိအပြီး ဆေးကုသမှု ခံယူသောအခါ အသုံးပြုသော ရမ်ဒီစီဗာ Remdesivir ဆေးသည် မြန်မာနိုင်ငံတွင်လည်း သုံးနေပြီဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ရာ “ကိုဗစ်ရောဂါ ပြင်းထန် လက္ခဏာရှိသည့် ဝေဒနာရှင်များကို နိုင်ငံတကာ နည်းလမ်းများအတိုင်း” ကုသမှုပေးနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဧရာဝတီသို့ ထပ်မံပြောဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်ကတော့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ နည်းနည်းကြွားသလိုတော့ ဖြစ်နေမယ်၊ ပြောရမယ်ဆိုရင် အခု အမေရိကန် သမ္မတကြီးအတွက် သုံးနေတယ်ဆိုတဲ့ ဆေးကို တတ်နိုင်သလောက် ကျမတို့ ပြည်သူတွေ အတွက် သုံးနေပါတယ်။ အဲဒီဆေး အိန္ဒိယကနေ ဝယ်ထားတာ ရှိပါတယ်။ အိန္ဒိယနိုင်ငံကနေလည်း လှူထားတာ ရှိပါတယ်” ဟု အောက်တိုဘာလ ၉ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထည့်သွင်း ပြော ကြားခဲ့သည်။
Remdesivir ဆေးကို အိန္ဒိယနိုင်ငံက အလုံးရေ ၃,၀၀၀ လှူဒါန်းထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း အလုံးရေ ၁၅,၀၀၀ ဝယ်ယူထားကြောင်း သိရသည်။
Remdesivir ဆေးသည် ကိုဗစ်ရောဂါ ပြင်းထန်လက္ခဏာ ရှိသူများအတွက် ဆေးရုံတက်ရက်ကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပြီး ရက်တိုအတွင်း ပြန်လည် ကောင်းမွန်စေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
“Remdesivir သည် အခြားသော ဗိုင်းရပ်စ်အတွက် ဖော်စပ်ထားတဲ့ဆေး ဖြစ်ပါတယ်။ သို့သော် ဒီဆေးကို သုံးခြင်းအားဖြင့် ဆေးရုံတက်ရောက်ကုသမှု ရက်တွေကို တိုသွားစေတဲ့ သုတေသနပြုချက်တွေ ရှိပါတယ်။ သူက ဆေးရုံတက်တဲ့ ရက်ကို ၃၀ ရာခိုင်နှုန်း တိုသွားစေတယ်” ဟု ၎င်းက ဆိုသည်။
Remdesivir သည် မတ်လကတည်းက COVID-19 ကုထုံး တခုအနေဖြင့် ရေပန်းစားမှု အများအပြား ရရှိခဲ့သည်။ ၎င်းကို အသည်းရောင်ရောဂါ (စီပိုး) ကုသရန် ပထမဆုံး တီထွင်ခဲ့ပြီး အီဘိုလာ တိုက်ဖျက်ရေးတွင် လည်း အသုံးပြုခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့သတင်းများအရ သိရသည်။
Remdesivir ဆေး အသုံးပြုကုသရန် လိုအပ်သည့် လူနာကို ပထမရက်တွင်၂ လုံး၊ နောက် ၄ ရက်၌ ၁ ရက် ၁ လုံးနှုန်း၊ စုစုပေါင်း ၆ လုံးဖြင့် နိုင်ငံတကာ ကုထုံးများအတိုင်း ကုသပေးနေခြင်းဖြစ် ကြောင်းလည်း ဒေါ်ခင်ခင်ကြီးက ဆိုသည်။
ဆက်လက်ပြီး ဒေါက်တာ ခင်ခင်ကြီးက “ရောဂါလက္ခဏာ မရှိတဲ့သူ၊ သာမန်ရောဂါ လက္ခဏာ ရှိတဲ့သူ၊ အသင့်အတင့် ရှိတဲ့သူ အဲဒီသူတွေမှာ သုံးရင် ဘာမှ ထူးခြားမှု မရှိပါဘူး။ သိပ်ပြီး ဆိုးတဲ့ ICU ထဲမှာ Ventilator လိုအပ်တဲ့ အခြေအနေမျိုးလူတွေ၊ ၁၀၀ ရာခိုင်နှုန်းမှာဆိုရင် ၅ ရာခိုင်နှုန်းလောက် ဆိုးဆိုးရွားရွား ဖြစ်တဲ့သူတွေကို ပေးရင်လည်း မထိရောက်ပါဘူး။ အခြား ရောဂါပြင်းထန် လက္ခဏာ ရှိတဲ့သူတွေကိုပဲ ပေးပါတယ်” ဟု ရှင်းပြသည်။
ဧပြီလ ၂၉ ရက် နေ့က အိမ်ဖြူတော်မှ ရှင်းလင်းပွဲ တခုတွင် အမေရိကန် နိုင်ငံမှ ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားသိပ္ပံ (National Institute of Allergy and Infectious Diseases ) ၏ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီဖာစီက Remdesdivir သည် စောင့်ရှောက်ကုသမှု စံနှုန်း ဖြစ်လာနိုင်သည့် အရာဖြစ်ကြောင်း ဂုဏ်တင်ပြောကြားခဲ့သည်။ အရေးပေါ် အခြေအနေတွင် အသုံးပြုရန် အမေရိကန် FDA ၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း remdesivir ဖြင့် ၅ ကြိမ် ကုသပေးခဲ့ကြောင်း သူ၏ သမားတော်များ အဆိုအရ သိရသည်။ သို့သော် ဒေါ်နယ်ထရမ့်သည် ယင်းဆေးတင်မက FDA ခွင့်မပြုသေးဘဲ စမ်းသပ်ဆဲ REGN-COV2 ဟု ခေါ်သော ပဋိပစ္စည်းပေါင်းစပ်ဆေးကို ထိုးသည့်အပြင် Dexamethasone စားရကာ အောက်စီဂျင်အကူအညီလည်း ၁ နာရီပေးရကြောင်း သတင်းများက ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်လူနာများကို Remdesivir ဆေးတမျိုးတည်းဖြင့် ကုသနေခြင်း မဟုတ်ဘဲ လူနာ၏ နောက်ခံ အခြေအနေပေါ် မူတည်ပြီး အခြား ကုသပျောက်ကင်းသည့် ဆေးအမျိုးမျိုးဖြင့် ကုသပေးနေခြင်း ဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
ဒေါက်တာ ခင်ခင်ကြီးက “ကိုဗစ်လူနာကို Remdesivir တမျိုးတည်း သုံးပြီး ကုသတာ လုံးဝမဟုတ်ပါဘူး။ Remdesivir သည် ကိုဗစ်ကို ကုသတဲ့ ဆေး မဟုတ်ပါဘူး။ တခြားသော လိုအပ်တဲ့ ဆေးတွေနဲ့ ပေါင်းစပ်ပြီး ကုသမှုပေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုဗစ် ပျောက်ကင်း သက်သာ လူနာများ၏ သွေးရည်ကြည်ကို အသုံးပြုပြီး သွေးရည်ကြည် ကုထုံးဖြင့်လည်း ကိုဗစ်ရောဂါ အလွန်ပြင်းထန် လူနာများကို ကုသလျက်ရှိကာ ၇၅ ရာခိုင်နှုန်းအထိ ကုသပျောက်ကင်းလျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆိုသည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၁၂ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၉,၃၁၄ ဦးရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၆၆၄ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၀,၂၆၀ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ရောဂါအတွက် ဒေါ်နယ်ထရမ့်ကို ကျွေးတဲ့ ဆေးတွေ
ကိုဗစ်ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းကိုသာ ဆေးရုံတင် ကုသမည်
ကိုဗစ်လူနာကို နေအိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် မလုပ်ဖြစ်သေး ဟုဆို