နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်မှု ၂၀၁၅ ခုနှစ်ကထက် ၃၀၀ ကျော် ပိုမို တိုးလာကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းအရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၀၃၉ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် (၁၃ ရာခိုင်နှုန်း) ပါဝင်ခဲ့ပြီး ၁၅၀ ဦး အနိုင် ရရှိခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်မည့် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦး ရှိပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၁၁၂ ဦး (၁၆ ရာခိုင်နှုန်း) ပါဝင်သဖြင့် ၂၀၁၅ ထက် အမျိုးသမီးကိုယ်စားလှယ် လောင်း ၃၀၀ ကျော် တိုးလာသည်ကို တွေ့ရသည်။
ဖန်တီးအိမ် အဖွဲ့၏ စီမံကိန်း ညှိနှိုင်းရေးမှူး ဦးမျိုးခိုင်ထူးက “တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပါတီတွေ ကိုယ်တိုင်ကလည်း အမျိုးသမီးတွေကို ပိုရွေးချယ်လာတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့လုပ်နိုင်စွမ်းတွေကိုလည်း လက်ခံလာတယ်။ ဒါတွေ ကြောင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း အနေနဲ့ ရွေးချယ်မှုတွေမှာ ပိုပြီးတော့ များလာတယ်လို့ ထင်တယ်” ဟု သုံး သပ်သည်။
နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မည်မျှ ရာခိုင်နှုန်းအထိ ထည့်ရမည် ဟူ သော မူဝါဒမျိုး ရှိလာသည့်အခါ ယခုထက် ပိုများသော အမျိုးသမီး ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်လာမည် ဖြစ် ကြောင်း၊ ထို့အတွက်လည်း ဆက်လက် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဖန်တီးအိမ်သည် ကျား/မ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့ အစည်းတခု ဖြစ်သလို လာမည့် ရွေးကောက်ပွဲတွင်လည်း လေ့လာစောင့်ကြည့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါဝင်မှုနှင့် ပတ်သက်၍ တပါတီချင်း ကြည့်ပါက လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အမျိုး သမီး ကိုယ်စားလှယ်လောင်း ပါဝင်မှု ၂၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ထက် ၇ ရာခိုင်နှုန်း ပိုတိုးလာသည်။
တိုင်းရင်းသား အင်အားကြီး ပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွင် ဝင်ရောက် ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်း ၁၃၂ ဦး အနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၇ ဦး (၂၉ ရာခိုင်နှုန်း)၊ အမျိုးသမီး ဦး ဆောင်သည့် နိုင်ငံရေး ပါတီသစ်တခုဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွင် ကိုယ်စားလှယ်လောင်း ၂၅၉ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၆၂ ဦး (၂၄ ရာခိုင်နှုန်း) ပါဝင်နေသည်ကို တွေ့ရသည်။
ထို့အတူ တခြားသော နိုင်ငံရေးပါတီ အသီးသီး၌လည်း ၂၀၁၅ ခုနှစ်ကထက် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို ပိုမို ရွေးချယ်လာကြောင်း ၎င်းတို့ ထုတ်ပြန်သော လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းများအရ သိရသည်။
ယခုလို အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပိုမို ရွေးချယ်လာခြင်းအပေါ် အားရကျေနပ်သည့် အဆင့် မရောက်သေး သော်လည်း တဖြည်းဖြည်း တိုးတက်လာခြင်းအတွက် ကြိုဆိုသလို မဲဆန္ဒရှင်များ အနေဖြင့်လည်း အရည်အချင်းရှိသည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို ယုံယုံကြည်ကြည် ရွေးချယ်ပေးရန်လည်း အမျိုးသမီးအရေး လှုပ်ရှားဆောင် ရွက်နေသူများက တိုက်တွန်းပြောဆိုသည်။
ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) ၏ ပဲ့ကိုင် ကော်မတီဝင် ဒေါ်ရည်မွန်ဦးက “အမျိုးသမီးမို့ လုပ်နိုင်ပါ့ မလား၊ တာဝန်ယူနိုင်ပါ့မလားဆိုတဲ့ အမြင်တွေကို ချန်လှပ်ပေးပြီး ဒီအမျိုးသမီးတွေရဲ့ အရည်အချင်းတွေကို အသိအမှတ် ပြုပေးပါ။ အခုလို စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပါဝင် ယှဉ်ပြိုင်လာတဲ့အပေါ်မှာ ယုံကြည်မှု ထားပြီးတော့ မဲပေးဖို့ ပြောချင်ပါတယ်” ဟု တိုက်တွန်းသည်။
မြန်မာနိုင်ငံတွင် ဖြတ်သန်းလာခဲ့ရသည့် အခြေအနေအရ အမျိုးသမီး ဆိုလျှင် နိုင်ငံရေး အလုပ်များ လုပ်နိုင်ပါ့မလား ဟူ သည့် အတွေးမျိုး ရှိခြင်းကြောင့် အမျိုးသားများက ပိုလုပ်နိုင်မည်ဟု ထင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော် ၂၀၁၅ မှ ၂၀၂၀ အထိ အလုပ်လုပ်လာသည့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကို မြင်တွေ့လာရသည့်အခါ အမျိုးသမီးများလည်း လုပ်နိုင်သည် ဟူသည့် အယူအဆမျိုး တချို့လူများတွင် ပြန်တွေ့လာရကြောင်း ကျောက်တံတားမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပြသည်။
၎င်း၏ အတွေ့အကြုံနှင့် ယှဉ်၍ “အမျိုးသမီးတွေက စိတ်ဓာတ် ခိုင်မာပါတယ်။ တကယ်လည်း လုပ်နိုင်စွမ်းအားတွေ ရှိကြ တယ်။ ပိုပြီး ကြိုးကြိုးစားစားလည်း ရှိကြတယ်။ အကယ်၍များ မည်သည့်ပါတီကို ရွေးရမှန်းမသိ ဖြစ်နေလို့ ကိုယ်စားလှယ် တွေကို ယှဉ်ကြည့်မယ် ဆိုရင်တော့ အမျိုးသမီးတွေကို ယုံယုံကြည်ကြည်နဲ့ ဒီနိုင်ငံရေးမှာ ပါဝင်ခွင့်ပေးဖို့ မဲဆန္ဒရှင် ပြည်သူ တွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိုသည်။
လွှတ်တော်ထဲသို့ အမျိုးသမီး ကိုယ်စားလှယ်များ ပိုမိုရောက် ရှိလာခြင်းဖြင့် ဥပဒေ၊ မူဝါဒ၊ ဘတ်ဂျက်များ ရေးဆွဲရာတွင် မြန် မာနိုင်ငံ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သော အမျိုးသမီးတို့၏ လိုအပ်ချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် အခက်အခဲများကို ပိုမို တင်ပြ ဖြေရှင်းနိုင်မည့်အပြင် လူမှုအသိုက်အဝန်း တခုလုံးအတွက် ကောင်းကျိုးများစွာကို ရရှိစေနိုင်မည် ဟုလည်း အမျိုးသ မီးအရေး ဆောင်ရွက်နေသူများက ထောက်ပြ ပြောဆိုလျက် ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လွှတ်တော်တွင်း အမျိုးသမီး ပါဝင်နှုန်းသည် အာဆီယံဒေသတွင်း လွှတ်တော်များနှင့် နှိုင်းယှဉ် ကြည့်ပါက အနည်းဆုံး ဖြစ်နေပြီး၂၀၁၉ စစ်တမ်းအရ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ပါဝင်နှုန်း ၁၁ ရာခိုင်နှုန်း ကျော်သာ ရှိကြောင်း သိရသည်။
You may also like these stories:
စိန်ခေါ်မှုများကြားက မျက်နှာသစ် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ
၂၀၂၀ ရွေးကောက်ပွဲတွင် NLD အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်နှုန်း တိုးလာ