သတင်း

ရခိုင်မြောက်ပိုင်း၌ မိုင်းနှင့် ကြွင်းကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၀ ရှိ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၁၀ လအတွင်း မိုင်းနှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူနှင့် သေဆုံးသူ ဦးရေ ၁၀၀ ရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ပြောသည်။

REC ၏ စာရင်းအရ ဇန်နဝါရီမှ အောက်တိုဘာ ၁၃ ရက်အထိ မိုင်းနှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆၈ ဦး စုစုပေါင်း ဦးရေ ၁၀၀ ရှိကြောင်းသိရသည်။

REC ၏ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ထိခိုက်မှု များတာကတော့ အမျိုးသားတွေက အများစုပဲ။ အမျိုးသမီးတွေ ကလေးတွေလည်း ထိခိုက်မှုမှာ ပါပါတယ်။ ကလေးတွေက မြေမြှုပ်မိုင်းဆိုတာထက် မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို မတော်တဆကိုင်ရင်း ဖြစ်တာက များတယ်။ အမျိုးသားတွေကတော့ မိသားစု စားဝတ်နေရေး ကိစ္စတွေအတွက် သွားလာရတာတွေကြောင့် ဖြစ်တာများတယ်။ အမျိုးသမီးတွေက အိမ်ထောင်ရှင်တွေက ရှာပေးတဲ့ ငွေက မလောက်တော့ တဖက်တလမ်းကနေ ဟင်းရှာ၊ ငါးရှာသွားရင်း ထိတာတွေလည်း တွေ့ရပါတယ်”ဟု ပြောသည်။

REC မှ ပြုစုထားသည့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ဦးရေ ၁၀၀ သည် မိုင်းနှင့်ကြွင်းကျန်လက်နက်များကြောင့် ထိခိုက်သူများ၏ စာရင်းသာ ဖြစ်ပြီး တိုက်ပွဲအတွင်း ကျည်နှင့် လက်နက်ကြီးကျည်တို့ ထိမှန်ခြင်း ၊ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များ ဖမ်းဆီးခြင်းကြောင့် သေဆုံးရသည့် စာရင်းများ ပါဝင်ခြင်း မရှိပါ။

ဦးဇော်ဇော်ထွန်းက “သေဆုံးတဲ့ ၃၂ ဦးထဲမှာ များသောအားဖြင့် သွေးထွက်လွန်ပြီး သေတာများတယ်။ မိုင်းထိတဲ့ အခါမှာ ခြေထောက်တွေက အောက်ပိုင်းတခုလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။ အနားမှာ ရှိတဲ့သူတွေက သူ့ကို ရှေးဦးသူနာပြု တာမျိုး မကျွမ်းကျင်ကြတော့ သွေးထွက်လွန်တာ၊ အနာကို ပိုးဝင်တာတို့နဲ့ သေကြတာ များပါတယ်။ ဆေးရုံကို ရောက်ဖို့ အချိန်ကြာသွားတာတွေကြောင့်လည်း ပါတယ်။ ညနေပိုင်း မိုင်းထိတာကို ကာဖျူးရှိလို့ လူနာကို မနက်မှ ဆေးရုံ ပို့တော့ အသက်ဆုံးရှုံးတာတွေလည်း ရှိတယ်”ဟုလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ ရက္ခိုင်စစ်တပ် (AA) ကလည်း အရပ်သားများ နင်းမိသည့် မိုင်းမှာ ၎င်းတို့ မိုင်းများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုင်းနင်းမိသူအများစုမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ် များမှ ဖြစ်သည်ဟုလည်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေများတွင် တိုက်ခိုက်နေသည့် နှစ်ဖက်တပ်ဖွဲ့များ မှ မိုင်းအသုံးပြုသော်လည်း အရပ်သားများ ထိခိုက်မှုများနှင့် ပတ်သက်၍ မေးမြန်းပါက ၎င်းတို့၏ မိုင်းများ မဟုတ်ကြောင်း ငြင်းဆိုလေ့ ရှိသည်။

ရခိုင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ အသုံးပြုမှုနှင့် ပတ်သက်၍ တပ်မတော်က မိုင်းများကို မြေပုံ နှင့် မှတ်ပုံတင်ပြီး စခန်း များ အနီး လုံခြုံရေးအရ ထောင်ထားသော်လည်း စခန်းပြန်ဖြုတ်သိမ်းသည့် အခါတွင် တပါတည်း ပြန်ဖြုတ်သိမ်းကြောင်း၊ အရပ်သားများကို ထိခိုက်မည့် ရပ်ရွာများ အနီးတွင် ထောင်ခြင်း မရှိကြောင်း၊ တိုက်ပွဲအတွင်း ထောင်သည့် မိုင်းများကို လည်း မလိုအပ်ပါက ပြန်ဖြုတ်သိမ်းပါသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းစာရှင်းလင်းပွဲ များတွင် ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုင်းပေါက်ကွဲပြီး အရပ်သားများ ထိခိုက်ပါ ကလည်း အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားများ ဒဏ်ရာ ရသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လေ့ ရှိသည်။

ရခိုင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ ရက္ခိုင်စစ်တပ် (AA) ကလည်း အရပ်သားများ နင်းမိသည့် မိုင်းမှာ ၎င်းတို့ မိုင်းများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ထို့ပြင် AA၏ သတင်းနှင့်ပြန်ကြားရေးဌာနက တပ်မတော်က ကျေးရွာအချို့တွင် ဝင်ရောက်စခန်းချနေစဉ် လူအဝင် အထွက် ပြုလုပ်သည့် လမ်းတွင် မိုင်းများ ထောင်ထားပြီး ပြန်ထွက်ခွာသွားရာတွင် ဖြုတ်သိမ်းခဲ့သည်ဟု မေ ၁၂ ရက်က ထုတ်ပြန်ချက် ၁ စောင် ထုတ်ထားသည်။

နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များမှ အရပ်သားများ ထိခိုက်မှုဖြစ်သည့် ဖြစ်စဉ်များတွင် အငြင်းပွားမှုများ ရှိသော်လည်း REC က ၎င်းတို့ မြေပြင်တွင် ရရှိသည့် အချက်အလက်များအရ အရပ်သားများကို ထိခိုက်သည့် မိုင်းများမှာ နှစ်ဖက်တပ်ဖွဲ့ များ၏ မိုင်းများ ဖြစ်သည်ဟု ပြောဆိုသည်။

REC က မိုင်းအန္တရာယ်အသိပညာပေးနှင့် မိုင်းပေါက်ကွဲမှု ဖြစ်ပါက ထိခိုက်ဒဏ်ရာရသူကို သွေးထွက်မလွန်ရန် ဆေးရုံ မရောက်မီ အချိန်ပိုင်းတွင် ရှေးဦးသူနာပြုနည်းများဖြင့် ပြုစုသည့် သင်တန်းများကို ပေးနေသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသည့် ကာလဖြစ်သဖြင့် သင်တန်းများကို ရပ်ဆိုင်းထားရသည်ဟု သိရသည်။

မိုင်းအန္တရာယ်ရှိ မြို့နယ် တခုဖြစ်သည့် ရသေ့တောင်မြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း ၎င်း၏ မဲဆန္ဒနယ်အတွင်း မိုင်းအန္တရာယ် အသိပညာပေးနှင့် ပတ်သက်၍ ကြေညာလက်ကမ်းစာစောင်များ ပေးခြင်း၊ အများ ပြည်သူမြင်နိုင်သည့် နေရာများတွင် ကပ်ထားခြင်းများဖြင့် အသိပညာပေးသော်လည်း ပဋိပက္ခဒေသတွင်း လူတိုင်း မိုင်းအန္တရာယ် အသိပညာပေးကို ရရှိနိုင်သည့်အခြေအနေ မရှိပါဟု ပြောသည်။

ဦးဦးသန်းနိုင်က “လက်ရှိမှာ မိုင်းအန္တရာယ်ရှိလို့ တောနားတောင်နားကို ဘယ်သူမှ မသွားရဲဘူး။ မိုင်းအန္တရာယ်ဖြစ်မှာစိုးလို့။ ကျနော်တို့ကလည်း တောထဲ တောင်ထဲ သတိထားသွားဖို့ ပညာပေးတယ်။ မိုင်းတွေကျန်တတ်တယ်။ တခြားနေရာမှာ တိုက်ပွဲ ဖြစ်တာတွေ ဖြစ်ခဲ့တဲ့ နေရာတွေကို ရှောင်လွှဲသွားကြဖို့ ပြောပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပြီးလျှင် မိုင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု အများဆုံး ဒေသမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ဖြစ်သည်။

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများကို ထိခိုက်စတွင် အစိုးရ၏ လူမှု ကယ်ဆယ်ရေးမှ ချိုင်းထောက် လှူဒါန်းပေးခြင်း၊ ငွေကြေးအနည်းငယ် ကူညီပေးခြင်း ရှိသော်လည်း ဆေးရုံး ဆင်းသည့် နောက်တွင် ဘဝပြန်လည် ထူထောင်ရေးအတွက် ကူညီပေးသည့် အဖွဲ့အစည်းများ မရှိပါဟု ဦးဦးသန်းနိုင်က ပြောသည်။

ရသေ့တောင်မြို့နယ်တွင်း ခြေတု လိုအပ်သည့် လူဦးရေ ၁၀ ဦးကျော်ရှိပြီး ထိုသူများ ခြေတုရရှိရေးအတွက် အလိုတော် ပြည့် ဆရာတော်ထံတွင် အကူအညီတောင်းဖူးသော်လည်း ကိုဗစ်ရောဂါ ကာလဖြစ်သွားသဖြင့် အကူအညီရရှိထားခြင်း မရှိသေးဘဲ လက်ရှိတွင် ခြေတုလိုအပ်နေသူများက ချိုင်းထောက်သာ အသုံးပြုနေကြဆဲ ဖြစ်သည်ဟု ဦးဦးသန်းနိုင်က ဆိုသည်။

ဆက်လက်ပြီး ဦးဦးသန်းနိုင်က “မိုင်းအသုံးပြုတာနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ပြောမယ်ဆိုရင် မိုင်းကို နှစ်ဖက်လုံးက တပ်ဖွဲ့တွေက မသုံးသင့်ဘူး။ တိုက်ပွဲခဏဖြစ်တာမှာ သူတို့ စခန်းချတာမှာ မိုင်းထောင်တာ ရှိခဲ့လည်း တိုက်ပွဲ ရပ်တယ်ဆိုရင် မိုင်းတွေကို ပြန်မဖော်နိုင်တာတွေက ကျန်ခဲ့တာပဲ။ ကျနော်ကတော့ မိုင်းကိစ္စနဲ့ ပတ်သက်ရင် ငြိမ်းချမ်းရေး ကို မြန်မြန်လုပ်ကြ ဖို့ပဲ ပြောချင်ပါတယ်”ဟုလည်း ပြောသည် ။

မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်အပြင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့သည် လည်း မိုင်းအန္တရာယ် စိုးရိမ်ရသည့် ဒေသများ ဖြစ်သည်။

ရခိုင်ပြည်နယ် ပြီးလျှင် မိုင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု အများဆုံး ဒေသမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းကြောင့် ထိခိုက်မှုများကို သုတေသန ပြုခြင်း၊ စစ်တမ်း ကောက်ယူခြင်းများ ပြုလုပ်နေသည့် ဦးစန်းဝင်းမောင်က မြန်မာနိုင်ငံတွင် ၁၉၉၉ မှ ၂၀၁၀ ခုနှစ်အထိ တနိုင်ငံလုံးတွင် မိုင်းကြောင့် ထိခိုက်သေဆုံးသူ ဦးရေ ၇၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၀မှ၂၀၂၀ ခုနှစ်တွင် ထိခိုက်သူ ဦးရေ ပိုများလာပြီး ထိခိုက်သေဆုံးမှုနှုန်းမှာလည်း ၂ဆ ခန့် မြင့်တက်သွားသည်ဟု ပြောသည်။

နှစ်ဖက်တိုက်ခိုက်နေသည့် တပ်ဖွဲ့များက မိုင်းနှင့် ပတ်သက်၍ ငြင်းဆိုကြသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရပ်သားများကို ထိခိုက်စေသည့် မိုင်းအများစုမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုသည့် လက်လုပ် မိုင်းများ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အစိုးရ၏ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရံပုံငွေ အဖွဲ့တို့မှ ပူးပေါင်း ဖွဲ့စည်းထားသည့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့၏ ဇန်နဝါရီမှ ဇွန် ၃၀ ရက်အထိ စာရင်းအရ ရှမ်းပြည်နယ်တွင် မိုင်း နှင့် ကြွင်းကျန်လက်နက်များပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဒဏ်ရာရသူ ၂၈ ဦး၊ ကချင်ပြည်နယ်တွင် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၉ ဦးတို့ရှိသည်။

ဧရာဝတီမှ လက်လှမ်းမီသလောက် စုဆောင်းထားသည့် စာရင်းအရ ဇူလိုင် မှ အောက်တိုဘာ ၁၃ ရက်အထိ ရှမ်းပြည်နယ် တွင် မိုင်းနှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သေဆုံးသူ ၂ ဦး နှင့် ဒဏ်ရာ ရသူ ၆ ဦး၊ ကချင်ပြည်နယ်တွင် ဒဏ်ရာ ရသူ ၁ဦး၊ ထားဝယ်တွင် သေဆုံးသူ ၁ ဦး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် သေဆုံးသူ ၁ ဦး ရှိသည်။

အထက်ပါ စာရင်းထဲမှ အောက်တိုဘာ အတွင်း ရှမ်းပြည်နယ်တွင် ထိခိုက်သည့် ဖြစ်စဉ် တခုသည် ကိုရင် ၁ ပါးနှင့် ကလေးငယ် ၁ဦးတို့ စစ်လက်နက်ကြွင်းကျန်ဗုံးသီး တလုံးကို ကောက်ယူပြီး ဆော့ရာမှ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရရှိကြခြင်း ဖြစ်သည်။

မိုင်းပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ သေဆုံးသူများမှာ ၎င်းတို့ နေထိုင်သည့် ကျေးရွာများအနီး အသက် မွေးဝမ်းကျောင်းအတွက် ကျွဲနွားကျောင်းခြင်း၊ ဟင်းသီးဟင်းရွက် ရှာဖွေခြင်းတို့ ပြုလုပ်ရန် သွားလာရင်း မိုင်းနင်းမိ ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများ အသုံးပြုမှုကို ရပ်တန့်ရန်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘောတူစာချုပ်၊ ထပ်ဆင့်ပေါက်ကွဲ စေတတ်သည့် စစ်လက်နက် ပစ္စည်းများ အသံုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တို့ကို လက်မှတ်ရေးထိုးရန် နိုင်ငံတကာ အဖွဲ့အစည်း များမှ တိုက်တွန်းနေသော်လည်း မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

မြန်မာနိုင်ငံအနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အားလုံးနှင့် ချုပ်ဆိုပြီး ပြည်တွင်းစစ် အပြီးသတ်သွားမှသာ မိုင်းအသုံးမပြုတော့မည့် စာချုပ်များတွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ပါမည်ဟုလည်း စာချုပ်ဆိုင်ရာ အထူးကိုယ်စားလှယ် ဂျော်ဒန်အိမ်ရှေ့မင်းသား မီရာရာဇိအယ်ဟူစိန်ကို ၂၀၁၈ ခုနှစ်၊ မေလက အကြောင်းပြန်ထားသည်။

ပြည်တွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ၂၀ ခန့် ရှိသည့် အနက် ၁၀ ဖွဲ့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော်လည်း အပစ်ရပ်စာချုပ်ချုပ်ထားသည့် နယ်မြေများတွင် ယနေ့ထိ မိုင်းရှင်းလင်းနိုင်ခြင်း မရှိသေးပါ။

NCA ထိုးပြီးနောက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော်ကြား ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေး လုပ်ရန် ညှိနှိုင်းမှုများ ရှိသော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ နှစ်ဖက်တပ်များအကြား တပ်နေရာချထားရေး လည်း မလုပ်နိုင်သဖြင့် ပြန်လည်တိုက်ခိုက်မှုများ ၊ စစ်ရေးတင်းမာမှုများပင် ရှိသည်။

You may also like these stories:

မိုင်းကြောင့် ဒဏ်ရာရ သေဆုံးသူ အများဆုံးမှာ ရခိုင်ပြည်နယ်မှဖြစ်

ရသေ့တောင်က မြေမြှုပ်မိုင်းနင်းမိသူ ၃ ဦးတွင် ၂ ဦးခြေပြတ်

ရှမ်းမြောက်တွင် ဇန်နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading