ကယားပြည်နယ် လွှတ်တော်မှ စွပ်စွဲပြစ်တင် ဖြုတ်ချပြီးနောက် ၎င်းအပေါ် လူထု၏ ထောက်ခံအားပေးမှု ပိုကောင်းလာ ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ဧရာဝတီကို ပြောသည်။
ဦးအယ်လ်ဖောင်းရှိုက “အားပေးထောက်ခံမှုက ပိုကောင်းလာတယ်လို့ သတ်မှတ်ထားလိုက်။ ယုံထားလိုက်” ဟု ဆိုသည်။
ဧရာဝတီက ဦးအယ်လ်ဖောင်းရှိုအား မဲဆွယ်စည်းရုံးရေး ကာလ အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရင်း လွှတ်တော် က စွပ်စွဲပြစ်တင် ဖြုတ်ချခဲ့သည့်ကိစ္စကြောင့် မဲဆန္ဒရှင်များ၏ အားပေး ထောက်ခံမှု အခြေအနေ လျော့ကျသွားခြင်း သို့မ ဟုတ် မည်သို့သော အခြေအနေ ရှိပါသလဲ ဟူ၍ မေးမြန်းရာ ထိုသို့ ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။
ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်သည် ဆိုကာ စွပ်စွဲပြစ်တင်ခံရ ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် စွပ်စွဲပြစ်တင်မှု အောင် မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ပြည်နယ် ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲခံရသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ ဦးအယ်လ်ဖောင်းရှိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီမှ ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။
အဆိုပါ မဲဆန္ဒနယ်မြေသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဦးအယ်လ်ဖောင်းရှိုက ခိုင်လုံမဲ ၇၂၅ မဲ ရရှိခဲ့ပြီး ပြိုင်ဖက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ကိုယ်စားလှယ်လောင်းအား ၄၆၁ မဲ အသာဖြင့် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်မြေ ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲ၌လည်း ယင်း မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း အားလုံး အနိုင်ရရှိရန် ယုံ ကြည်ထားသည် ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
“ထောက်ခံမှု အခြေအနေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ယုံကြည်ထားတယ်။ ဒီလိုယုံကြည်ချက်နဲ့ ကျနော် အလုပ်လုပ် နေပါတယ်။ ကျနော်တို့ နယ်မှာ ဆိုရင်တော့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် ၄ ယောက်လုံး၊ ၅ ယောက် ပြိုင်တယ်ဆိုလည်း ၅ ယောက်လုံး အောင်နိုင်ဖို့အတွက် အပြည့်အဝ ယုံကြည်ထားတယ်။ အဲဒါကို ၁၀၀ ရာခိုင်နှုန်းလို့ ပြောတာ” ဟု ၎င်းက ဆို သည်။
ထို့ပြင် ကယားပြည်နယ် အတွင်း အောင်နိုင်ရေးအတွက်လည်း NLD က အင်အားအပြည့်၊ ရာခိုင်နှုန်းအပြည့်ဖြင့် တစိုက် မတ်မတ် ဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်ရာ၌ ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်၊ ကိုဗစ်ကာလ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ၊ ရပ်မိရပ်ဖများ၏ အားဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဦးအယ်လ် ဖောင်းရှိုက ပြောသည်။
NLD ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က “ကယား ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တဖက်မှာ လည်း ဒီဟာကို အနိုင်ရတယ်ထင်ပြီး အားရကျေနပ်တဲ့သူ ရှိသလိုပဲ တဖက်မှာလည်း ဒီဟာအပေါ်မှာ စာနာစိတ်ရှိတဲ့ ကယား တိုင်းရင်းသားတွေလည်း အများကြီး ရှိတယ်။ ဒီကိစ္စမှာလည်း ဝန်ကြီးချုပ်က သူ့နယ်မြေမှာ အနိုင်ရဦးမယ်လို့ ယူ ဆပါတယ်” ဟု ဧရာဝတီကို ပြောဆိုထားသည်။
ကယားပြည်နယ် ရွေးကောက်ပွဲ အခြေအနေအား လေ့လာစောင့်ကြည့်မှု ပြုလုပ်နေသည့် လွိုင်ကော်အခြေစိုက် Lain နည်း ပညာ အထောက်အကူပြု အဖွဲ့မှ ကိုကျော်ထင်အောင်က ဦးအယ်လ်ဖောင်းရှို အနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ခြေလှမ်း စိတ်စိတ်ဖြင့် လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပြီး ပြိုင်ဆိုင်မှု အခြေအနေမှာ အကြိတ်အနယ် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ဦးအယ်လ်ဖောင်းရှို ဝင်ရောက် ယှဉ်ပြိုင်မည့် မယ်စဲ့မြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၂) တွင် မဲပေးနိုင်သူ ဦးရေ ၂၆၈၆ ဦး ရှိပြီး မဲရုံပေါင်း ၄ ရုံ ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာအနက် လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက၂၆ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇ နေရာနှင့် တသီးပုဂ္ဂလ ၁ နေရာ အနိုင်ရရှိထား သည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ ကယားမှာ အကြိတ်အနယ် ဖြစ်မည်ကို ဝန်ကြီးချုပ်အား လွှတ်တော်က ဖြုတ်ချခြင်းက ပြသ
ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ