ပြီးခဲ့သည့်လက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် အစိုးရ အရာရှိတဦး၏ ဇနီးဖြစ်သူ အသတ်ခံရပြီး ရွှေထည် ပစ္စည်းတချို့ အလုခံခဲ့ရသည့် အမှုတွင် သံသယရှိသူ တရားခံ အမျိုးသားတဦးကို ယနေ့ နေပြည်တော်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
“သပြေကုန်းဈေးမှာ စပြီး စုံစမ်းသိရှိရတယ်။ သက်သေခံရွှေထည်နဲ့ပတ်သက်ပြီး သတင်းရတယ်။ မြို့မဈေးက ရွှေဆိုင်ကို လာရောက်တဲ့အချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာဖြစ်တယ်။ သက်သေခံပစ္စည်း သိမ်းဆည်းတာတွေ လုပ်နေပါတယ်”ဟု နေပြည်တော်၊ ပတ္တာနယ်မြေ ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် နေထိုင်သော ဝန်ကြီးဌာနတခုမှ အရာရှိတဦး၏ ဇနီးမှာ စက် တင်ဘာလ ၉ ရက်နေ့က နေအိမ်တွင် တဦးတည်းရှိနေစဉ် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်စွပ်ဆွဲကြိုးစသည့် ရွှေထည် ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတလုံးတို့ကို တရားခံဖြစ်သူမှ ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးခဲ့သော ရွှေထည်ပစ္စည်းများနှင့် ပတ်သက်၍ သတင်းရရှိသည့်အတွက် ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့စဉ် အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော် မြို့မဈေးရှိ ရွှေဆိုင်တခုသို့ တရားခံ ရောက်ရှိလာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားခံဖြစ်သူမှာ နေပြည်တော်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ဖြစ်ပြီး အခြား အမှုများနှင့် ပတ် သက်၍ ကျူးလွန်မှု ရှိ၊ မရှိ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
တရားခံ ဖြစ်သူသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သူဟု သိရပြီး ယခုကဲ့သို့ တရားခံ ဖမ်းမိပြီဖြစ်၍ သံသယဖြင့် ၎င်းတို့ ကျေးရွာသားများကို စစ်ဆေးမေးမြန်းတော့မည် မဟုတ်သဖြင့် ဝမ်းသာကြောင်း ပုဗ္ဗသီရိ မြို့နယ် ညောင်ပင်ကြီးစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမြင့်က ဧရာဝတီသို့ ပြောသည်။
“ဝမ်းသာတာပေါ့ဗျာ။ ကျနော့် ရွာသားတွေက လည်နေကျ ပတ်နေကျဗျာ၊ ဘာပဲဖြစ်ဖြစ် ရဲက သံသယနဲ့ကြည့်တာဆိုတော့ မေးတာမြန်းတာက တောက်လျှောက်လိုလို ဖြစ်နေတာ၊ မိသွားပြီဆိုရင် ဝမ်းသာပြီပေါ့ဗျာ။ ရွာသားတွေလည်း လွတ်လွတ် လပ်လပ်သွားလို့ ရပြီပေါ့ဗျာ”ဟု ဦးစံမြင့်က ပြောသည်။
ခင်ပွန်းဖြစ်သူ အစိုးရ အရာရှိနှင့် ဇနီးဖြစ်သူတို့ နှစ်ဦးတည်း နေထိုင်သော ညောင်ပင်ကြီးစုကျေးရွာနေအိမ်သို့ ယင်းနေ့ ည နေ ၇ နာရီခန့်တွင် ခင်ပွန်းဖြစ်သူ ပြန်ရောက်လာစဉ် ဇနီးဖြစ်သူကို နေအိမ်၏ နောက်ဘက်တွင် သေဆုံးလျက်ရှိသည်ကို တွေ့ ခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ အမျိုးသမီးတွင် ဓါးဒဏ်ရာကဲ့သို့ ထိုးသွင်းဒဏ်ရာများ၊ ခဲဖြင့် ထုရိုက်ခံထားရသည့် ဒဏ်ရာများ ရရှိထားပြီး အနီးတွင်လည်း သွေးစွန်းနေသော အုတ်ခဲကျိုးနှင့် အရင်းမှ ကွေးနေသာ ကြက်သွန်လှီးဓားတချောင်းကို တွေ့ရကြောင်း ညောင်ပင်ကြီးစု ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စိုးမိုးသူ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌတို့က ပြောဆိုထားသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ အမျိုးသားဖြစ်သူက ရဲစခန်းတွင် တိုင်ကြားခဲ့ကာ လူသတ်မှု၊လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ အိမ်ရာတွင် ကုမ္ပဏီ ပိုင်ရှင် အမျိုးသမီးတဦး နေအိမ်၌ တယောက်တည်း ရှိနေစဉ် အသတ်ခံခဲ့ရပြီး အလောင်းကို မီးရှို့ဖျက်ဆီး၍ နေအိမ်မှ မော်တော်ကားကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ရာ ပြစ်မှုကျူးလွန်သူ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ အမျိုးသမီး၏ ကုမ္ပဏီတွင် ယာဉ်မောင်းအဖြစ်မှ အလုပ်ထုတ်ခံရသူတဦးဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
You may also like these stories:
မန္တလေး၌ အိမ်အကူကို ၈ နှစ်ကြာပိတ်လှောင်နှိပ်စက်သူ၂ ဦးအား ထောင် ၁၅ နှစ်စီချမှတ်
ရခိုင် ပဋိပက္ခ ဖိအားကြောင့် မြေပုံက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၆၀ နုတ်ထွက်
မန္တလေးမြို့လယ်ပစ်ခတ်မှုနှင့် ဆက်စပ်၍ လူ ၇ ဦးကို ဖမ်းဆီး