ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်စာချုပ် ချုပ်ဆိုးထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသည့် မြို့နယ် ၃ ခုမှ ကျေးရွာအုပ်စု ၁၂ စုကို လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပ နိုင်မည့် စာရင်းထဲတွင် ထည့်သွင်းထားသည်ဟု သတင်းရရှိသည်။
အဆိုပါ ကျေးရွာအုပ်စု ၁၂ စုမှာ ကုန်းကြမ်း၊ မန်တုံနှင့် တန့်ယန်းမြို့နယ်တို့ အတွင်းမှ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက အဆိုပါ ကျေးရွာအုပ်စု ၁၂ စုမှာ ရွေးကောက်ပွဲကျင်းပ နိုင်မည့် အခြေအနေ မရှိသည့် နယ်မြေစာရင်းထဲတွင် ထည့်သွင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
(UEC) ကို တင်ပြထားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက “ကုန်းကြမ်းက ဟုံအိုင်အုပ်စု ဆိုရင် MNDAA တပ်စွဲတဲ့ နေရာတွေ ဖြစ်နေတယ်။ မန်တုံမှာ ပါတဲ့ ဟောင်းကန်နဲ့ ဆိုက်ခေါင် ဆိုရင် TNLA နဲ့ KIA တို့ ကြီးစိုးတဲ့ နေရာဖြစ်ပြီးတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကအစ ကျနော်တို့ ဘက်က ခန့်ထားတာ မဟုတ်ဘဲ ဟိုဘက်က ခန့်ထားတာတို့ ဒီဘက်က ခန့်ထားရင်လည်း ကြားညှပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ တန့်ယန်းမြို့နယ်က ကျေးရွာအုပ်စု ၉ အုပ်စုကတော့ SSA ဝမ်ဟိုင်းအဖွဲ့ စိုးမိုးတဲ့ နေရာတွေ ဖြစ်နေတာပါ”ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိဟု သတ်မှတ်ထားသည့် နေရာများမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကုန်းကြမ်းမြို့နယ်အတွင်းရှိ ဟုံအိုင်ကျေးရွာအုပ်စု၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၊ မန်တုံမြို့နယ်အတွင်းရှိ ဟောင်းကန်ကျေးရွာအုပ်စုနှင့် ဆိုက်ခေါင် ကျေးရွာအုပ်စုတို့ဖြစ်သည်။
တန့်ယန်းမြို့နယ်အတွင်းရှိ နမ့်လန်၊ ကောင်းလန်း၊ ပန်ဖီ၊ နားဝိုင်၊ မန်ကောင်း၊ နမ့်စိုင်၊ မန်လွယ်၊ ခမ်းပုန်း နှင့် နမ့်အွမ် ကျေးရွာအုပ်စုသည် ရှမ်းပြည်တိုးတတ်ရေးပါတီ(SSPP/SSA) ၊ ဌာနချုပ်စိုက်ကာ လှုပ်ရှားသည့် နယ်မြေ ဖြစ်ပြီး ထိုကျေးရွာအုပ်စု ၉ စုသည် မိုင်းရှုး မြို့နယ် နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်သည့် ပန်ယန်းမြို့နယ် တို့၏ ကြားတွင် တည်ရှိသည့် ကျေးရွာများလည်း ဖြစ်သည်။
ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ ကိုယ်ဝင်ပြိုင်တဲ့မဲဆန္ဒနယ်မှာလည်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရပြီး ပြည်သူလူထုနဲ့ တွေ့ချင်တယ်။
နယ်မြေအခြေအနေများကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက UEC ထံသို့ တင်ပြထားပြီး UEC က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါ။
ဦးနှစ်ဆန်းဦးက “UEC ကနေတော့ ပြန်မကျ သေးဘူး။ သူတို့က အောက်တိုဘာအတွင်းမှာ ထုတ်ပြန်သွားမယ်လို့တော့ သိရပါတယ်။ ဒီဒေသတွေနဲ့ ပတ်သတ်လို့ နံပါတ်တစ်က အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာ လျော့နည်းတာ၊ အုပ်ချုပ်ရေး အာဏာ မစိုးမိုးနိုင်တဲ့ အချက် တချက် ရှိတယ်။ နောက်တချက်ကတော့ လုံခြုံရေးဆိုင်ရာ အားနည်းချက် ရှိပါတယ်”ဟု ပြောသည်။
အဆိုပါ ကျေးရွာအုပ်စု ၁၂ စုသည် နယ်မြေလုံခြုံရေး အခြေအနေ မကောင်းသဖြင့် ထိုဒေသတွင် နေထိုင်သည့် မဲပေးနိုင်သည့် လူဦးရေစာရင်းကိုလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကောက်ယူထားနိုင်ခြင်း မရှိခဲ့ပါ။
ကော်မရှင်ဘက်မှ ဒေသခံများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ဒေသတွင်း မဲရုံများ မထားနိုင်ပါက အစိုးရ အာဏာ သက်ရောက်သည့် နယ်မြေအတွင်းသို့ မဲလာပေးရန် စီစဉ်သော်လည်း မဲလာပေးရမည်ဆိုပါကလည်း လမ်းခရီး ဝေးသဖြင့် ကျေးရွာအုပ်စု တစုလျှင် ၁၀ ဦးခန့်သာ အပြင်ထွက်ပြီး မဲလာပေးနိုင်မည်ဟု အုပ်ချုပ်ရေးမှူး များက တင်ပြထားကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ မန်တုံမြို့နယ်၊ ဟောင်းကန်နှင့် ဆိုက်ခေါင် ကျေးရွာအုပ်စုတို့တွင် နေထိုင်သူ လူဦးရေ ၆၈၀ ကျော်ရှိပြီး ကုန်းကြမ်းမြို့နယ်၊ ဟုံအိုင်ကျေးရွာအုပ်စုတွင် နေထိုင်သူ ဦးရေမှာ ၂၁၀၀ ကျော် ရှိသည်။
ကုန်းကြမ်းမြို့နယ်၊ မဲဆန္ဒနယ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးမြင့်ခိုင်က လုံခြုံရေးအခြေအနေကြောင့် ၎င်း၏ မဲဆန္ဒနယ်ထဲသို့ ယနေ့ထိ သွားရောက် မဲဆွယ် စည်းရုံးနိုင်ခြင်း မရှိသေးပါဟု ပြောသည်။
ဦးမြင့်ခိုင်က “အပေါ်ဘက်ခြမ်းမှာက ကုန်းကြမ်းအပေါ် မော်ထိုက်ဘက်ဆို ပိုဆိုးတယ်။ တချို့နေရာတွေက ပေးမသွားဘူး။ ကန့်သတ်ချက်တွေကလည်း ရှိတယ်။ဒီရက်ပိုင်းတော့ အစည်းအဝေးထိုင်ပြီး တချက်တော့ သွားကြည့်မယ်။ သွားရင်လည်း ကြိုတင်စာတင်ပြီးတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့တွေကိုလည်း ပြောပြီး အဆင်ပြေမပြေ အကြောင်းက ပြန်ကြားရမှာပါ” ဟု ပြောသည်။
ကုန်းကြမ်းမြို့နယ်၊ ဟုံအိုင်ကျေးရွာအုပ်စုအနီးရှိ ဟုံအိုင်တောင်ကြောမှာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့် တပ်ဖွဲ့ (MNDAA) ဌာနချုပ် အခြေစိုက်ကာ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး MNDAAသည် အပစ်ရပ် စာချုပ် ချုပ်ဆို ထားခြင်း မရှိသည့်အပြင် တပ်မတော်နှင့်လည်း တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။
ဦးမြင့်ခိုင်က “ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ ကိုယ်ဝင်ပြိုင်တဲ့မဲဆန္ဒနယ်မှာလည်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရပြီး ပြည်သူလူထုနဲ့ တွေ့ချင်တယ်။ လူထုကိုလည်း ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရင်းတွေ ချပြတာမျိုး အခြေအနေ ဖြစ်စေချင်ပါတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲ နီးကာမှ တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုက နည်းနည်းစိတ်လာတယ်။ ရက်ပေါင်း ၉ ၀ မတိုင်မီမှာ ကျနော်တို့ တန့်ယန်းနယ်ကို တပ်မ တမစာရောက်လာတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိသည့် SSPP အခြေစိုက် လှုပ်ရှားသည့် တန့်ယန်းမြို့နယ်တွင်းမှ ကျေးရွာ အုပ်စု ၉ ခု၏ လူဦးရေစာရင်းအတိအကျကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖော်ပြထားခြင်း မရှိပါ။
တန့်ယန်းမြို့နယ်၏ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD) မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းခမ်းမြတ်က က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိမည့် ကျေးရွာအုပ်စု ၉ စုတွင် နေထိုင်သည့် အရပ်သား ၃၀၀၀ ကျော်ရှိပါသည်ဟု ပြောသည်။
ထိုကျေးရွာအုပ်စု ၉ စု သည် ဦးစိုင်းခမ်းမြတ် ဝင်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် အမှတ် (၂) တွင် ပါဝင်သည့် နယ်မြေလည်း ဖြစ်သည်။
ဦးစိုင်းခမ်းမြတ်က “ဒေသခံတွေက မဲပေးချင်ပါတယ်။ ဒီနယ်မြေမှာ SSPP စိုးမိုးတယ်ဆိုပေမယ့် သူတို့နယ်မြေမှာ မဲပေးခွင့် ရှိတယ်။ မဲပုံးလည်း လွတ်လပ်စွာ ထောင်ခွင့်ရှိတယ်လို့ တရားဝင်ကြေငြာထားတယ်။ သက်ဆိုင်ရာက အကြောင်းပြချက် အမျိုးမျိုးနဲ့ လုံခြုံရေး မကောင်းတာတွေစတဲ့ အကြောင်းပြချက်တွေနဲ့ တင်ထားတာ။ ကျနော်တို့ ကိုယ်စားလှယ်လောင်း အနေနဲ့ လူ့အခွင့်အရေးအရ ကြည့်ရင် ဒေသခံတွေ မဲပေးပိုင်ခွင့်ရှိအောင် ကျနော်တို့လည်း ကြိုးစားတယ်။ တိုက်တွန်းနေတယ်” ဟု ပြောသည်။
တန့်ယန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းဖိုးဟန် ကလည်း တန့်ယန်းမြို့နယ်တွင်း နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ခိုက်မှုများ မရှိသော်လည်း သံလွင်မြစ်ကြောတလျှောက် လုံခြုံရေးဟု ဆိုကာ တပ်မတော်စစ်ကြောင်းများက တန့်ယန်းမြို့နယ်ထဲတွင် အင်အားပိုတိုးလာသည်ဟု ဆိုသည်။
ဦးစိုင်းဖိုးဟန်က “ရွေးကောက်ပွဲ နီးကာမှ တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုက နည်းနည်းစိတ်လာတယ်။ ရက်ပေါင်း ၉ ၀ မတိုင်မီမှာ ကျနော်တို့ တန့်ယန်းနယ်ကို တပ်မ တမစာရောက်လာတယ်။ ရောက်လာတော့ သူတို့ မဲစာရင်းလည်း ဒီမှာ လာထည့်မယ်။ သက်ဆိုင်ရာ သူတို့ ရောက်ရှိနေတဲ့ ကျေးရွာအုပ်စုမှာ သူတို့က မဲစာရင်းပေးထားတယ်။ မဲစာရင်း ပေးထားတာ အတိအကျ မသိပေမယ့် အနည်းဆုံးက ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပစ်ခတ်တိုက်ခိုက်မှုများ မရှိသော်လည်း စစ်ကြောင်းများ သွားလာနေသဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နီးကပ်ချိန်တွင် အခြေအနေ မတည်မငြိမ် ဖြစ်မည်ကို စိုးရိမ် နေရသည်ဟုလည်း ဦးစိုင်းဖိုးဟန်က ဆိုသည်။
၂၀၁၅ ခုနှစ်အတွင်းကလည်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် တပ်မတော်နှင့် ရှမ်းပြည် တိုးတတ်ရေး ပါတီ(SSPP) တို့ကြား တိုက်ပွဲများ ဖြစ်ပွားသဖြင့် မိုင်းရှုးမြို့နယ် နှင့် ကျေးသီးမြို့နယ်ရှိ နယ်မြေ အားလုံး တို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။
၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း တန့်ယန်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၈ စုမှာ SSPP လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေထဲတွင် ချန်လှပ်ခံခဲ့ရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ရန် ဟုဆိုကာ အောက်တိုဘာ ၃၁ ရက်အထိ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသည်လည်း အပစ်ရပ်ဆိုင်းထားသည့် နယ်မြေ ထဲတွင် အကျုံးဝင်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် MNDAA၊ TNLA နှင့် ၎င်းတို့၏ မဟာမိတ် ရက္ခိုင် စစ်တပ် (AA) တို့က ပူးတွဲကာ ရွေးကောက်ပွဲ ကို အထောက်အကူပြုစေရန်ဟုဆိုကာ ရွေးကောက်ပွဲ ပြီးသည့် ကာလ နိုဝင်ဘာ ၉ ရက်အထိ အပစ်ရပ်ဆိုင်းပေးပါမည်ဟု ကြေငြာချက်တစောင် ထုတ်ထားသည်။
SSPP ကလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ကြိုဆိုပြီး လူထုမှ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရရှိရေးနှင့် တရားမျှတ သည့် ရွေးကောက်ပွဲ ဖြစ်ရန် မျှော်လင့်ပါသည်ဟု ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ထားသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်မှ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာချက်များ အသီးသီး ထုတ်ပြန် ထားသော်လည်း ခြွင်းချက်မရှိ အပစ်ရပ်ဆိုင်းခြင်း မဟုတ်ဘဲ တဖက်ဖက်မှ စစ်ရေးလှုပ်ရှားခြင်း၊ တိုက်ခိုက်ခြင်း ရှိပါက ပြန်လည် တိုက်ခိုက်မည် ဖြစ်ကြောင်းနှစ်ဖက်လုံးမှ ပြောဆိုထားသည်။
အောက်တိုဘာအတွင်း တပ်မတော်နှင့် TNLA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ တန့်ယန်းမြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားမှုများ ရှိပြီး တပ်မတော်သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့်လည်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားထားသည်။
You may also like these stories:
တပ်မတော်နှင့် RCSS တိုက်ပွဲဆက်နေ၍ ဒေသခံ ၂၆၀၀ ထွက်ပြေးနေရ
နယ်မြေအငြင်းပွားမှုကြောင့် တပ်မတော်နှင့် RCSS တို့ စစ်ရေး တင်းမာ
တပ်မတော်နှင့် RCSS တိုက်ပွဲ ၊ ၁ ဦး ဒဏ်ရာရ ဒေသခံ ၈၀၀ ကျော် ထွက်ပြေး