နယ်မြေ လုံခြုံရေးနှင့် သွားလာရေး ခက်ခဲခြင်းကြောင့် ဆန်ပြတ်လပ်မှု ကြုံနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ပြည်နယ် အစိုးရ အစီအစဉ်ဖြင့် ယနေ့တွင် ဆန်အိတ် ၁၇၀၀ ရောက်ရှိပြီဟု သတင်း ရရှိသည်။
ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟန် က “အခုပဲ ဆန်အိတ်တွေ ရောက်လာတယ်။ ကျနော်တို့ အနေနဲ့ ကျေးရွာတွေကိုတော့ မပို့ပေးနိုင်သေးဘူး။ သူတို့အတွက်က နောက်တခေါက်မှပဲ ပေးနိုင်တော့မယ်။ လက်ရှိ ၁၇၀၀ ကို တော့ ပလက်ဝမြို့ပေါ်ရှိတဲ့ စစ်ရှောင်တွေနဲ့ ပြည်သူတွေကို ခွဲဝေပေးမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည့် နယ်မြေ ဖြစ်သည်။
ပလက်ဝမြို့နယ် အောက်ပိုင်းရှိ ကျေးရွာတချို့၊ ကုလားတန်မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာများနှင့် ဘင်္ဂလားဒေ့ရှ်နယ် စပ် အနီးရှိ ကျေးရွာများအနက် ကျေးရွာပေါင်း၂၄၆ ရွာမှ အိမ်ထောင်စုပေါင်း ၁၃၂၅၉ စု၊ လူဦးရေ ၆၂၄ ၅၄ ဦး ဆန်ပြတ် လပ်မှုနှင့် တွေ့ကြုံနေသည်ဟု ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC)က အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
KACC မှ ညှိနှိုင်းရေးမှူး ဆလိုင်းပိုင်နန်းက “ဝယ်စားစရာ ဆန်ကို မရှိတာပေါ့။ ရခိုင်ဘက်က သယ်လို့ မရဘူးဆိုရင် ဆမီးတို့ ပလက်ဝတို့ ဘက်ကနေ ပြည်မကနေ ဆန်သယ်လို့ရတဲ့ လမ်းကြောင်းတခု ရှိတယ်။ ဒါပေမယ့် ဆမီးနဲ့ ပလက်ဝက မိုင် ၃၀ လောက်ပဲ ရှိတဲ့ဟာကို အဲဒီလမ်းက ပိတ်နေတယ်။ လုံခြုံရေး အခြေအနေအရ အဲဒီလမ်းက သွားမရဘူး” ဟု ပြောသည်။
ယခင်က ဆန်ပြတ်လပ်မှု ဖြစ်ပါက ရခိုင်ပြည်နယ် ကျောက်တော်ဘက်သို့ ၃ ညအိပ် လမ်းလျှောက်သွားပြီး ဝယ်ယူ၍ ရ သော်လည်း ယခု ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါ ဖြစ်ပွားလာသလို AA အဖွဲ့ကလည်း လမ်းတွင် ဖမ်းဆီးမှုများ ပြုလုပ်နေ ခြင်းကြောင်း မသွားဖြစ်တော့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ပလက်ဝမြို့နယ် အတွင်းသို့ ဝင်ရောက်နိုင်သည့် ပလက်ဝ၊ ဆမီး၊ မတူပီလမ်းများ သာမက ကျောက်တော်လမ်းပါ သွားမရ တော့သည့်အတွက် ပလက်ဝ ဒေသရှိ ကျေးရွာတချို့က ယခုကဲ့သို့ ဆန်ပြတ်သွားရခြင်း ဖြစ်သည်။
ထို့ပြင် တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသတွင်း သွားလာရေး လမ်းကြောင်းများ ဖြတ်တောက်ခံရပြီး မိရိုးဖလာ တောင်ယာလုပ်ငန်းများ မလုပ်နိုင်ခြင်း တို့ကြောင့် ယခုကဲ့သို့ စားနပ်ရိက္ခာများ ပြတ်လပ်သွားရခြင်း ဖြစ်သည်ဟု ဆန်ပြတ်နေသည့် ကျေးရွာများ အနက်မှ ရွှေတောင်အုပ်စု၊ မြင်းခွေးရွာမှ ဒေသခံ ဦးရွှေကျော်က ဆိုသည်။
၎င်းက “အရင်က မရှိရင် သူများဆီကနေ ချေးပြီးစားတယ်။ အခု သွားချေးရင် မပေးတော့ဘူး။ ဝယ်စားစရာ ဆန်ကို မရှိ တာ။ ငါးရှာဖို့ တောင်ယာလုပ်ဖို့ကလည်း အပြင် မထွက်ရဲဘူး။ AA တွေက လမ်းမှာ ဖမ်းတော့ ဘယ်သူမှ မသွားရဲဘူး။ အဲဒီတော့ စားစရာ မရှိတော့ဘူးပေါ့။ အခု သစ်ရွက်အညွန့်လေးတွေ ခူးစားကြော်စားပေါ့။ ပြောင်းဖူးခြောက်တွေ ပြုတ်စား၊ စားလို့ ရတာ စားတယ်” ဟု ဆက်ပြောသည်။
ပလက်ဝနှင့် မိုင်၂၀ ခန့်သာ ဝေးသည့် ရွှေတောင်အုပ်စု အနီးတွင် AA အဖွဲ့ရှိနေသဖြင့် အနီးနားရှိ ဒေသခံရွာသားများက အပြင်မထွက်ရဲကြခြင်း ဖြစ်သလို၊ ၎င်းတို့ကလည်း ထိုရွာများသို့ မကြာခဏ ဆန်လာတောင်းလေ့ ရှိသည်ဟု သိရသည်။
ပလက်ဝမြို့နယ်တွင် ယခင်က ငွေကျပ်၂၅၀၀၀ တန် ဆန်တအိတ်ကို ယခု ၄ သောင်းခွဲဈေး ပေါက်သော်လည်း ယခုအခါ မှာတော့ ဝယ်စားစရာ ဆန်ကို မရှိတော့ခြင်း ဖြစ်သည်။ ယခု ၄ သောင်းခွဲ ဈေးရှိသော ဆန်အိတ်သည် ယခင်က ဆန်ပြတ် လပ်မှု ဖြစ်စဉ်ကလည်း ၁ အိတ်လျှင် ကျပ် ၁ သိန်း အထိ ဈေးမြှင့်သွားခဲ့ဖူးသည် ဟု ဦးရွှေကျော်က ဆိုသည်။
အစိုးရအနေဖြင့်လည်း အရပ်ဘက် အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းကာ ပလက်ဝ ပြည်သူများအတွက် ဆန် အိတ်များ ပို့ပေးလျက်ရှိရာ ယခုရက်ပိုင်းတွင် လုံခြုံရေးအရ သွားလာရန် ခက်ခဲခြင်း၊ ရာသီဥတုကြောင့် လမ်းခရီးဆိုးခြင်း နှင့် ကိုဗစ် ကန့်သတ်ချက်များကြောင့် ဆန်ပို့ရန် ကြန့်ကြာခြင်း ဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လောလောဆယ်တော့ ဆမီး၊ ပလက်ဝလမ်းက မိုးတွင်းဆိုတော့ သွားရလာရတာ အခက်အခဲ ရှိပါတယ်။ နောက်ပြီးတော့ လုံခြုံရေး ကန့်သတ်ချက်လည်း ရှိပါတယ်။ တိုက်ဆိုင်သွားလို့ အခု လို အခက်အခဲ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။
အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပလက်ဝမြို့ရှိ ကျေးရွာများ ဆန်ရိက္ခာ ပြတ်လပ်မှုနှင့် ပတ်သက်ပြီး အစိုးရကို ဖိအား ပေးခြင်းမျိုးမှ လွဲ၍ ကျန်တာမလုပ်နိုင်ကြောင်း၊ သို့သော် ၎င်းတို့ အနေဖြင့် ပလက်ဝသို့ ဆန်ပို့ရာတွင် အခေါက်ရေ များများ ပို့ပေးစေလိုကြောင်း KACC မှ ဆလိုင်းပိုင်နန်းက တောင်းဆိုသည်။
ယခု အောက်တိုဘာလကုန်ပိုင်းတွင် ပလက်ဝသို့ ဆန်အိတ် ၁၂၀၀၀ ထပ်မံ ပို့ရန် စီစဉ်နေသည်ဟုလည်း ချင်းပြည်နယ် အစိုးရ အဖွဲ့ထံက သိရသည်။
You may also like these stories:
ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ
ပလက်ဝ စစ်ရှောင်များအတွက် မိုးမတိုင်မီ ရိက္ခာပေးပို့ရန် ပြည်နယ်အစိုးရ စီစဉ်