COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့် ပြန်ဆပ်ငွေများ ကို အတင်းအကြပ် ကောက်ခံခြင်း ပြုလုပ်ပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်နိုင်က “ကိုဗစ် ဖြစ်ပွားနေတဲ့ ကာလမှာ လုပ်ငန်းတွေက မလည်ပတ်ဘူး။ ဒါကြောင့် အရင်းနဲ့အတိုး ပြန်ဆပ်ဖို့ အချိန်ကျပေမယ့်လည်း ပြန်မဆပ်နိုင်သေးရင် ချေးယူသူနဲ့ ညှိနှိုင်းပြီး လုပ်ဖို့ ဖြစ်တယ်။ ကျနော်တို့ကတော့ ဘယ်နှလ ရွှေ့ ဆိုင်းပေးပါလို့ မပြောပါဘူး။ အတင်းအကြပ်ကောက်ရင် ဥပဒေလမ်းကြောင်းအရ သတိပေးတာက စပြီး လိုင်စင် ပိတ်သိမ်း တဲ့အထိ အရေးယူလို့ ရတယ်။ ဒီအတိုင်း လုပ်ရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားဆင့် ဗဟိုကော် မတီ တို့ကလည်း အမိန့်ညွှန်ကြားချက်များကို ထပ်မံ ထုတ်ပြန်လျက် ရှိသဖြင့် အသင်းဝင်များ (Customer)၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ လည်ပတ်မှု ကျဆင်းနေသည့် ကာလအတွင်း အသေးစား ငွေရေး ကြေးရေး အဖွဲ့များအနေနှင့် ပြန်ဆပ်ငွေများကို အတိုးနှင့် အရင်းများ အတင်းအကြပ် ကောက်ခံခြင်းမပြုရန် ပြည်ထောင်စု အစိုးရက ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်မှု မရှိကြောင်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီက စစ်ဆေး တွေ့ရှိပါက အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဥပဒေပါ စီမံခန့်ခွဲရေး နည်းလမ်းများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အသေးစား ငွေရေးကြေးရေး အဖွဲ့များအနေနှင့် အစိုးရညွှန်ကြားထားသော ကာလအတွင်း ပြန်ဆပ်ငွေများကို အသင်းဝင် များထံက အတင်းအကြပ် ကောက်ခံခြင်းကို ကော်မတီက စစ်ဆေးတွေ့၍ သော်လည်းကောင်း၊ အသင်းဝင်များက တိုင် ကြား၍ သော်လည်းကောင်း တွေ့ရှိခဲ့လျှင် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇော်နိုင်က ရှင်းပြ သည်။
“ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းတုန်းက အစိုးရက ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမယ့် တချို့ Microfinance လုပ်ငန်းတွေက တောင်း တာတွေကိုတော့ ကျနော်တို့ ကော်မတီက ညှိနှိုင်းပေးခဲ့ရတာ ရှိခဲ့တယ်။ အကယ်၍များ ဒါမျိုးတွေ ရှိတယ်ဆိုရင် တိုင်လို့ ရပါတယ်။ ကျနော်တို့ ပြောလို့ရပါတယ်။ စာလည်း ပို့လို့ရပါတယ်။ လိုအပ်သလို အရေးယူပေးပါ့မယ်” ဟု ၎င်းက ထပ် လောင်း ပြောပြသည်။
ပြီးခဲ့သည့် ကိုဗစ်ပထမလှိုင်းတွင် အသေးစား ငွေရေးကြေးရေး အဖွဲ့များက ပြန်ဆပ်ငွေများကို ၁ လ ယာယီဆိုင်းငံ့ပေးရန် နှင့် အတိုးများကိုလည်း အတင်းအကြပ် ကောက်ခံခြင်း မပြုရန် ငွေချေးယူသူ အသင်းသားများနှင့် ညှိနှိုင်း လုပ်ဆောင်ရန် ညွှန်ကြားခဲ့သော်လည်း တချို့လုပ်ငန်းများက ၂ လပေါင်း ကောက်ခံခြင်း၊ အသင်းသားများနှင့် အဆင်မပြေမှုများ ရှိခဲ့သဖြင့် ဖြေရှင်းပေးရသည့် လုပ်ငန်းများ ရှိခဲ့သည် ဦးဇော်နိုင်က ပြောသည်။
လက်ရှိ အချိန်တွင် လုပ်ငန်းအားလုံးကလည်း ရပ်တန့်လုနီးပါး ဖြစ်နေသဖြင့် ချေးငွေ ပြန်လည် မဆပ်နိုင်သည့်သူက များ ပြားသော်လည်း လည်ပတ်နေသည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများက ညွှန်ကြားချက်များ မထုတ်ခင်ကပင် ချိန် ဆပြီး လုပ်နေရသည့် အနေအထား ရှိကြောင်း မြန်မာနိုင်ငံ အသေးစားငွေ ရေးကြေးရေး ကူညီမှုအသင်း (MMFA) ၏ အတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်က ပြောသည်။
ဒီတပတ်မှာ ကျပ် ၄ သောင်းပေးရင် ၂ သောင်းတော့ ပေးပေါ့။ ဒါကလည်း ၁ ပတ်ပဲ ရမယ်။ နောက်လာမည့် ပတ်တွေက အပြည့်ပေးရမယ် ဆိုတော့ အတင်း အကြပ် တောင်းနေတဲ့ သဘောပဲ ရှိတယ်။ ဆိုင်းပေးတာ မရှိဘူး။
ယခုအချိန်တွင် Microfinance လုပ်ငန်းများအနေဖြင့် တချို့လုပ်ငန်းများမှာ ငွေထုတ်ချေးပေးမှုများ ရှိသော်လည်း ယခင် ကဲ့သို့ လုံလောက်သည့် ပမာဏ များများစားစား ချေးယူ၍ မရခြင်း၊ ချေးငွေရယူရာတွင် စာချုပ်စာတမ်း အာမခံချက်၊ စိစစ်မှု စသည့်တို့ ပိုများလာသည် ဟုလည်း ငွေချေးယူသူများက ဆိုကြသည်။
အင်းစိန်မြို့နယ်ရှိ ချေးငွေယူထားသည့် အထည်ချုပ် အလုပ်သမား မမာမာက “အစိုးက စာမထုတ်ခင်ကတော့ ကျမတို့ သူတို့ကို ပြောပြတယ်။ ပြန်ဆပ်ငွေကို ခဏလောက် ဆိုင်းပေးပါပေါ့။ နည်းနည်းလောက် လျှော့ယူပါလို့ ကျမတို့ အဖွဲ့မှာက ဆယ်ယောက် ရှိတယ်။ ပြန်ပေးနိုင်တဲ့သူ ရှိသလို့ အခုက မရှိတဲ့သူတွေလည်း ရှိတယ်။ ဒီကာလက ကျန်တဲ့သူကလည်း အလုပ်မကောင်းတော့ မပေးနိုင်တဲ့သူအစား စိုက်ပြီး သူတို့ကို မပေးနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “အဲဒီလိုပြောတော့ သူတို့ ဒီတပတ်တော့ ရမယ့်၊ ဥပမာ ကျမက ဒီတပတ်မှာ ကျပ် ၄ သောင်းပေးရင် ၂ သောင်းတော့ ပေးပေါ့။ ဒါကလည်း ၁ ပတ်ပဲ ရမယ်။ နောက်လာမည့် ပတ်တွေက အပြည့်ပေးရမယ် ဆိုတော့ အတင်း အကြပ် တောင်းနေတဲ့ သဘောပဲ ရှိတယ်။ ဆိုင်းပေးတာ မရှိဘူး။ အခုကတော့ အစိုးရက စာထုတ်လိုက်ပြီ ဆိုတော့ လာ မယ့် တပတ်မှာ ဘယ်လို ပြောမလဲ မသိသေးဘူး” ဟု ဆိုသည်။
ရပ်ကွက်၊ ကျေးရွာများတွင် အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ ချေးယူသူများက အသင်းဝင် အစုအဖွဲ့များနှင့် ချေးယူ ခြင်းဖြစ်ပြီး လက်ရှိတွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် တချို့စက်ရုံ များက သတ်မှတ်ချက်နှင့် မညီသည့် စက်ရုံများကို ပိတ်ထားခြင်း တို့ကြောင့် ဝင်ငွေ ရရှိမှုများ ခက်ခဲနေကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေကြေးလုပ်ငန်းများမှ ငွေချေးယူ သူပေါင်း၂ သန်းခန့် ရှိပြီး ချေးငွေ စုစုပေါင်း ဒေါ်လာ ၃၅၀ သန်းခန့်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း MMFA အသင်း၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
လက်ရှိ အစိုးရမှ အသေးစား ငွေရေးကြေးရေး အဖွဲ့များသို့ ကျပ် ဘီလီယံ ၁၀၀ ထုတ်ချေးပေးမှု အနေဖြင့်လည်း အဖွဲ့ကြီး များ ကျပ် ၁၀ ဘီလီယံမှ၂၀ ဘီလီယံ ယူပြီး စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ စတင် ထုတ်ချေးပေးလျက်ရှိ သည်။
မြန်မာ တနိုင်ငံလုံး အနေနှင့် Microfinance ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးထားသည်မှာ ၁၉၃ ခု ရှိကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
အသေးစား ငွေကြေးကဏ္ဍတွင် နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အကျိုးအမြတ်ယူသော အဖွဲ့များ၊ အသေးစား ငွေကြေးလုပ်ငန်း လိုင်စင် ယူထားသော သမဝါယမ ငွေကြေးအဖွဲ့များ၊ အစိုးရ မဟုတ်သော အသေးစားငွေ ကြေး လုပ်ငန်း ပြုလုပ်သည့် ပြည်တွင်း အဖွဲ့များနှင့် စီးပွားဖြစ် အသေးစား ငွေကြေး အဖွဲ့များ ပါဝင်သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊
ချေးငွေပြန်ဆပ်ခြင်း ဆိုင်းငံ့ပေးရန် တိုင်းနှင့်ပြည်နယ် အစိုးရတချို့ ထုတ်ပြန်