သတင်း

ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ

ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ၏ ငွေကြေးနှင့် လူဝင်မှုဆိုင်ရာ အရှုပ်အထွေးများကြောင့် နှင်းဆီပါတီ (ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) အနေဖြင့် ပါတီ ဖျက်သိမ်းခြင်း ခံရနိုင်သည့် အခြေအနေ ကြုံတွေ့ရလျှက် ရှိနေသည်။

ပါတီငွေကြေးသုံးစွဲမှုများအား ထောက်ပံ့နေသည့် ဦးကျော်မြင့်ပိုင် ငွေကြေးများသည် တရုတ်နိုင်ငံဘက်မှ တရားမဝင် ငွေလွှဲလုပ်ငန်း (ဟွန်ဒီ) များက အဆင့်ဆင့်ဝင်လာခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် Myanmar Kyaw Investment Group အပါအဝင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ငန်းများသည် တရားဝင် လုပ်ကိုင်ခွင့် ခွင့်ပြုချက်လိုင်စင်များ ရယူကာ လုပ်ကိုင်ခဲ့ခြင်း မဟုတ်သည့်အတွက် ပိုင်ဆိုင်မှုငွေကြေးများအား ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေများအဖြစ် သတ်မှတ် နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “ကျနော်တင်ပြခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(စ)ပေါ့နော်၊ ၆(စ)အရ ငြိစွန်းခြင်း ရှိ၊ မရှိပေါ့နော်။ နောက်တခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄၊ ၅ ။ ဒါတွေနဲ့ ကိုက်ညီသလား၊ မကိုက်ညီ ဘူးလားပေါ့နော်။ ကျနော်တို့ တွေ့ရှိချက်တွေကတော့ မကိုက်ညီဘူး။ မကိုက်ညီတဲ့ဟာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်ကြားထားတယ်။ ပြန်ကြားထားတဲ့ ဒီအထောက်အထားတွေ၊ စိစစ်ချက်တွေအပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။

ဦးကျော်မြင့်ပိုင် မြန်မာကျော်ကုမ္ပဏီမှ ပါတီအတွက် ထောက်ပံ့၊ လှူဒါန်းခြင်း၊ ပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းများ အား ထောက်ပံ့ခြင်းများ အပါအဝင် စုစုပေါင်း ကျပ် ၁၃.၈၉ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်းလည်း စိစစ် တွေ့ရှိထားကြောင်း သိရသည်။

ယင်းအပြင် ဦးကျော်မြင့်သည် မှတ်ပုံတင် ၂ ခုအား ရရှိသုံးစွဲနေသူဖြစ်ပြီး ၎င်းအမည်နှင့်တခုသည် လားရှိုးမြို့နယ် လိပ်စာနှင့်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည် မှတ်ပုံတင်သည် ၎င်းအမည်နှင့် မဟုတ်ဘဲ ကွတ်ခိုင် မြို့နယ်နေသူတဦး၏ မှတ်ပုံတင်ဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိသည်ဟု ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “သူ့နာမည်နဲ့ မှတ်ပုံတင်က ယခင်အစိုးရခေတ် ကတည်းက တရားဝင်ရထားတာဖြစ်တယ်။ ထောက် လှမ်းရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ထုတ်ပေးထားတာဖြစ်တယ်” ဟု ရှင်းပြသည်။

ယင်းအပြင် ဦးကျော်မြင့်သည် ထောင်ဒဏ်ပြစ်ဒဏ် ကျခံနေရစဉ် ထောင်မှ ထွက်ပြေးသွားသူဖြစ်သည့်အတွက် အကျဉ်းကျနေဆဲ လူအဖြစ်သာ သတ်မှတ်ရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင်ပါရှိသည့် ပါတီတည်ထောင်လိုသူသည် ထောင်ဒဏ်ကျခံနေရဆဲ လူမဖြစ်ရဆိုသည့် အချက်နှင့်လည်း ငြိစွန်းနေကြောင်း ဦးဇော်ဌေးက ထောက်ပြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ-၄ တွင် ပါတီတည်ထောင်လိုသူသည် နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြားသား(သို့)နိုင်ငံခြားသားအဖြစ် ခံယူထားသူမဖြစ်ရဟု ပြဌာန်းထားသည်။

ယင်းအပြင် ပုဒ်မ-၆(စ)တွင် ပါတီတည်ထောက်လိုသူ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် “နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်းတခုခု(သို့) လူပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ၏ ဩဇာခံယူခြင်းမပြုရေး” ဟု ပြဌာန်းထားသည်။

လက်ရှိ စိစစ်တွေ့ရှိထားချက်များအား ရွေးကောက်ပွဲနှင့် နီးကပ်နေသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့နေခြင်းဖြစ်ပြီး ပါတီ၏ ရပ်တည်ခွင့်နှင့် ပတ်သက်ပြီး မည်သို့ဆုံးဖြတ်ဆောင်ရွက်မည်ကို ကော်မရှင်ကသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ဦးကျော်မြင့်နှင့် နှင်းဆီပါတီတို့၏ ဖော်ထုတ်တွေ့ရှိချက်များအရ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ဦးဇော်ဌေး၏ ထုတ်ဖော်ပြောကြားချက်များနှင့် ပတ်သက်ပြီး ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က “ဦး ဇော်ဌေးက ပြည်ထောင်စုအစိုးရ ကိုယ်စားဖြစ်တော့ UEC ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို စောင့်ထိန်းသွားတာပေါ့။ UEC အနေနဲ့ တည်ဆဲဥပဒေအရပဲ ဆုံးဖြတ်ရမှာပေါ့နော်၊ ဒီလိုစိစစ်ပေါ်ပေါက်ချက်တွေအရ ပါတီကို မှတ်ပုံတင် ထားရာ ကနေ ဖျက်သိမ်းဖို့ အမိန့်တခုပဲ ရှိပါတော့တယ်။ ဥပဒေအရ အခြားနည်းမရှိနိုင်ပါဘူး” ဟု သုံးသပ်ပြောကြားသည်။

နှင်းဆီပါတီ(ခ) UDP ပါတီအား ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ရွေးကောက် ပွဲကော်မရှင်ဥက္ကဌ၊ ဦးသိန်းစိုးလက်တွင် ကော်မရှင်ထံသို့ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ရာ အမှတ်စဉ် ၁၆ ဖြင့် ပါတီမှတ်ပုံတင်ရရှိခဲ့သည်။

နှင်းဆီးပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကိုယ်စားလှယ် တဦးမျှ အနိုင်ရခြင်းမရှိသော်လည်း ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် အာဏာရ NLD ပါတီပြီးနောက် ဒုတိယကိုယ်စားလှယ်လောင်း အများဆုံးပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။

ပိုင်ဆိုင်မှုငွေကြေးများနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် ကနေဒါနိုင်ငံတွင် နေထိုင်စဉ် ကနေဒါ ဒေါ်လာ ၃၃ သန်းစုဆောင်းရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၁၅ သန်းအား ထုတ်ယူကာ ကျန်ငွေများအား မိသားစုထံ ပေးခဲ့ကြောင်း၊ ယင်း နောက်တွင် တရုတ်သို့ လာရောက်ခဲ့ပြီး ယင်းငွေများဖြင့် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး၊ လူသုံးကုန်ပစ္စည်းများ တင်ပို့ခြင်း လုပ်ကိုင်ခဲ့ကြောင်း၊ ငွေများအား ရွှေလီ၊ ကြယ်ဂေါင်မြို့တို့ရှိ ငွေလွှဲလုပ်ငန်းများမှ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ဘက်တွင် ကျပ်ငွေ ၃၀ ဘီလီယံခန့် မြှုပ်နှံခဲ့ပြီး ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ မြန်မာကျော် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

၎င်း၏ ငွေကြေးများနှင့် ပတ်သက်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေချေးလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အတွက် ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေစသည့် ဥပဒေများဖြင့်လည်း ဆက်လက်အရေးယူ ခံနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ကနဦးစိစစ်ဖော်ထုတ်ချက်များအရ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအနေဖြင့် ငွေကျပ် ၂၃ ဘီလီယံကျော်အား ဖော်ထုတ် တွေ့ရှိ ထားသော်လည်း လက်တွေ့တွင် ပိုမိုများပြားစွာရှိနိုင်ပြီး ၎င်းနှင့် ပတ်သက်ဆက်နွယ်မှုများအား ဆက်လက် ဖော်ထုတ် သွားမည် ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောခဲ့သည်။

၁၉၉၇ ခုနှစ် ဦးကျော်မြင့်ပိုင် မြန်မာကျုံယွမ်ကုမ္ပဏီမှာ အမည်ပျက်စာရင်းသွင်းကာ ဖျက်သိမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ၎င်းအား ပုဒ်မ-၅(ည)၊ ပုဒ်မ-၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့သည်။ ယင်နောက် ၁၉၉၉ ခုနှစ်တွင် ၎င်းသည် မန္တလေးထောင်မှ အပြင်ဆေးရုံကြီးသို့ ဆေးကုရန်သွားရောက်စဉ် ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံမှတဆင့် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ရွေ့ပြောင်းနေထိုင်ခဲ့သည်။

ယင်းနောက်တွင် တရုတ်နိုင်ငံမှတဆင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ကာ လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပြီး ထောင်မှထွက်ပြေးပြီးနောက် နှစ်ပေါင်း ၂၀ ကျော်အကြာ ယခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ညတွင် ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခံရပြီး လက်ရှိတွင် မန္တလေး ချမ်းအေးသာစံတရားရုံးတွင် ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် တရားစွဲခံထားရသည်။

You may also like these stories:

ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ

နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

Loading