စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ မဲရုံလာစောင့်မည့် ဆရာ/ဆရာများကို အသွားအလာ ကန့် သတ်၍ သီးခြားထားရှိမည် ဟု နန်းယွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ဧရာဝတီသို့ ပြောသည်။
တိုင်းအတွင်းရှိ မြို့နယ်စုံမှ နာဂဒေသသို့ မဲရုံစောင့်မည့် ဆရာ/ဆရာမ စုစုပေါင်း၂၄၀၆၄ ဦးကို တိုင်းဒေသကြီး အစိုးရမှ ရေယာဉ်များနှင့် အောက်တိုဘာ ၇ ရက်က ပို့ဆောင်ပေးခဲ့သည် ဟု သိရသည်။
ဦးထွန်းကျော်နိုင်က “ဆရာ၊ ဆရာမတွေက မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေလည်း ရှိတယ်။ သူတို့ကို အသွားအလာ ကန့် သတ်ပြီး သီးသန့်တော့ ထားတယ်။ ပြည်သူတွေနဲ့ မထိစပ်အောင်၊ စားသောက်ဖို့ကတော့ သူတို့ စရိတ်နဲ့ သူတို့ပေါ့။ သူတို့ ဝယ်စရာ ရှိရင်တော့ စောင့်ပေးတဲ့ ဆရာ/ဆရာမတွေ ရှိတယ်။ စေတနာ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ သူတို့က ပူးပေါင်း ဆောင်ရွက်ပေးပါတယ်” ဟု ပြောသည်။
ထိုသို့ မဲရုံစောင့်မည့် သူများတွင် နာဂဒေသခံ ဆရာ/ဆရာမမှာ ဆယ်ဂဏန်းဝန်းကျင်သာ ပါဝင်ပြီး ကျန်သူများက စစ်ကိုင်း တိုင်းအတွင်းရှိ မြို့နယ်စုံမှ ဆရာ/ဆရာမများသာ ဖြစ်သည်ဟု သိရသည်။
ကိုဗစ်ကာလအတွင်း မြို့နယ်စုံမှ ဆရာ/ ဆရာမ အများအပြား ဝင်ရောက်လာသည့် အပေါ် ဒေသခံများက စိုးရိမ်နေကြသ ဖြင့် ယခုကဲ့သို့ ကန့်သတ်မှုများ ပြုလုပ်ရခြင်း ဖြစ်သည် ဟု နာဂဒေသ ဦးစီးအဖွဲ့ ဦးကေဆိုင်းက ဆိုသည်။
လက်ရှိ အချိန်အထိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ ကိုဗစ်အတည်ပြုလူနာ တဦးမျှ မရှိသေးပါ။
မဲရုံစောင့်မည့် ဆရာ/ဆရာမများသည် လက်ရှိ နာဂဒေသရှိ အိမ်တွင်းမှု သင်တန်းကျောင်း၊ အထက်တန်းကျောင်း၊ လူမှုဝန် ထမ်းကျောင်းများတွင် Quarantine ဝင်နေကြလျက် ရှိသည်ဟု သိရသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဝေးလွန်းသည့်ဒေသ ဖြစ်ခြင်းတို့ကြောင့် ဆရာဝန်၊ ကျောင်းဆရာ/ ဆရာမ အင်အား မလုံလောက်သည့် ဒေသလည်း ဖြစ်သည်။
အမည်မဖော်လိုသူ မဲရုံစောင့် တာဝန်ကျသည့် ဆရာမ တဦးက “အခုမှ ပထမဆုံး မဲရုံစောင့်ရမှာဆိုတော့ ဘာတွေ ဘယ် လို လုပ်ရမလဲ ဆိုတာ သိပ်မသိသေးပါဘူး။ စိုးရိမ်မှုကတော့ အများကြီး ရှိတယ်။ ကိုယ့်ကျန်းမာရေးက အစပေါ့။ နေထိုင်မှု စားသောက်မှု အဆင်ပြေပါ့မလား။ အဲဒါတွေလည်း ပါတယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ရွေးကောက်ပွဲသည် အမျိုးသားရေး တာဝန်တရပ် ဖြစ်ခြင်းကြောင့် ဆရာ/ဆရာမ အားလုံး လာကြရမည် ဖြစ်ပြီး ထိုသို့ လာရောက်ရန်လည်း ယခုအချိန်ထိ ငြင်းဆန်သူ မရှိသေးပါ ဟုလည်း ဆိုသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်း က “ဆရာ/ဆရာမ တွေက Quarantine လည်း ဝင်ရတယ်။ တာဝန်ကျမယ့် ကျေးရွာကိုလည်း သွားရတော့ ဆိုင်ကယ်ကယ်ရီ စီးရတဲ့အတွက် တသိန်းလောက် ပေးရတယ်။ အဲဒီ စရိတ်တွေ မရပါဘူး” ဟု ထောက်ပြသည်။
မဲရုံစောင့် ဆရာ၊ ဆရာမများသည် မဲရုံမှူး ဖြစ်ပါက တရက်လျှင် ကျပ်ငွေ ၁ သောင်းနှုန်းနှင့် ၃ ရက်စာ၊ ဒုမဲရုံမှူး ဖြစ်လျှင် တရက်ကို ၈၀၀၀ ကျပ် နှုန်းဖြင့် ၃ ရက်စာနှင့် အဖွဲ့ဝင်ဖြစ်ပါက ၆၀၀၀ ကျပ်နှုန်းဖြင့် ၃ ရက်စာ ကျွေးမွေး စရိတ်အဖြစ် ရရှိ မည်ဟု ကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
ဒေါ်သန်းသန်းဝင်း က “သူတို့တွေ မဲရုံမှူး သင်တန်း ပြီးပြီးချင်း မဲရုံသုံး ပစ္စည်းတွေနဲ့အတူ ဒီပိုက်ဆံတွေကို တခါတည်း ထုတ်ပေးလိုက်တော့မှာပါ” ဟု ပြောသည်။
ဆရာ/ဆရာမများကို နန်းယွန်းမြို့နယ် ပညာရေးမှူးက အောက်တိုဘာ ၁၉ ရက် သင်တန်အမီ လာရောက်ကြရန် စာထုတ် ထားသော်လည်း နာဂဒေသသည် ဝေးလံခေါင်ဖျားပြီး သွားလာရ ခက်ခဲမှုကြောင့် အောက်တိုဘာလ ၂၉ ရက်အမီ လာ ရောက်ကြရန် ပန်ကြားထားသည် ဟု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဆိုသည်။
ထ့ိုပြင် အထူးရဲ ဝန်ထမ်းများကို ဒေသခံများ ခန့်အပ်ထားခြင်းကြောင့် မဲရုံစောင့်မည့် အထူးရဲဝန်ထမ်းပေါင်း ၂၄၂ ဦး ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားကာ သီးသန့် ထားရှိသည်ဟု နာဂ ဦးစီးအဖွဲ့က သိရသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဆန္ဒမဲပေးနိုင်သူ ဦးရေ ၇၅၃၇၁ ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ခု ရှိပြီး မဲရုံပေါင်း ၂၄၂ ရုံ ရှိသည်ဟု နာဂဒေသရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂအမျိုးသား ပါတီ(NNP)သည် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်ထောင်စု ကောင်းကျိုးပါတီ (UBP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
You may also like these stories:
နာဂ ဒေသ နန်းယွန်းမှာ အစိုးရ လျှပ်စစ်မီး ရပြီ