ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ ဝန်ထမ်း ၁ ဦးမှာ အောက်တို ဘာလ ၁၄ ရက် ည ၉ နာရီကျော်အချိန်ခန့်က မြို့ဝင်ကားဂိတ်၊ ငွေတောင်ပေါက်တံတားတွင် ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသူမှာ အသက် ၃၆ နှစ်အရွယ် ကိုဦးကျော်တင်ဖြစ်ပြီး ၎င်းမှာ မြောက်ဦး ကားဂိတ်ဘက်မှ ၎င်းနေထိုင်ရာ လက်ကောင်ဈေးရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် လာရောက်စဉ် လမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မြောက်ဦးမြို့နယ် အုတ်ဖိုကန် ဇာတိ ဖြစ်ပြီး FDA ရုံးတွင် စာရေးအဖြစ် တာဝန်ထမ်းဆောင်နေ သည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသူ၏ ဖခင်ဖြစ်သူ ဦးမောင်သန်းရွှေက “မနေ့ည ၉ နာရီကျော်မှာ ကားဂိတ်ကနေ ဆိုင်ကယ်နဲ့ တဦးတည်း ပြန်လာတဲ့အခါ တံတားနားမှာ ရဲတပ်ဖွဲ့က ဖမ်းသွားတာ။ သူက အုတ်ဖိုကန်အနီးက FDA ရုံးမှာ စာရေးအဖြစ် တာဝန်ကျနေတာ ” ဟု ပြောသည်။
၎င်းနှင့် ဆွေမျိုးတော်သူတဦးဖြစ်သည့် အုတ်ဖိုကံကျေးရွာနေ ဒေါ် မသောင်းဌေးက “ သူ့မှာ ဝန်ထမ်း အထောက်အထား ကဒ်တွေ အစုံရှိတယ်။ FDA တာဝန်ရှိ အထက်လူကြီးတွေကိုလည်း တိုင်ကြားထားတယ်။ သူ့တို့ကလည်း ရဲစခန်းကို ဆက်သွယ် ထားပြီးတော့ ထောက်ခံထားတယ်။ နောက်ပြီး ကျေးရွာ လူကြီးတွေကလည်း ထောက်ခံထားတာ ရှိတယ် ” ဟု ပြောသည်။
ကိုဦးကျော်တင်ကို လက်ရှိတွင် မြောက်ဦးမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မည့်သည့် ပုဒ်မနှင့် အရေးယူမည်ကို မသိရသေးကြောင်း ဖခင်ဖြစ်သူက ပြောသည်။
၎င်းက “ ဒီနေ့ ရဲစခန်းကို သွားတော့ အချုပ်ထဲမှာ သားကို တွေ့ခဲ့တယ်။ ရဲဘက်ကတော့ သူ့ကိုချုပ်ထားအုံးမယ်လို့ ပြောတယ်။ ဘာကြောင့်ဖမ်းတယ်။ ပုဒ်ပုဒ်မနဲ့အရေးယူမယ် ဆိုတာကိုတော့ မပြောဘူး။ သားကို မေးမြန်းဖို့ကြိုးစားလည်း မရခဲ့ဘူး ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော စစ်ပွဲကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အရပ်သားများ ဖမ်းဆီးခံရမှုများရှိကာ စစ်ဆေးရေးကာလအတွင်း သေဆုံးမှုများ ရှိသည့်အတွက် ၎င်းအတွက် အလွန်စိုးရိမ်မိကြောင်း မိသားစုဝင်များက ပြောသည်။
မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အရပ်သားများကို သံသယနှင့် ဖမ်းဆီးရာတွင် ဥပဒေလုပ်ထုံးနှင့် အညီဆောင်ရွက်သင့်ကြောင်း ထောက်ပြသည်။
ဦးထွန်းသာစိန်က “ အရပ်သားပြည်သူတွေ ဖမ်းခံရတဲ့ အပေါ်မှာ ကျနော်တို့လည်း စိုးရိမ်မှု မြင့်တက်နေတယ်။ ဒေသခံ တွေကို သံသယနဲ့ ဖမ်းဆီးရင်လည်း တရားဥပဒေ ဘောင်အတွင်းက အလုပ်ပဲ လုပ်စေချင်တယ် ” ဟု ဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ မြောက်ဦးမြို့မရဲစခန်း စခန်းမှူးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဆက်သွယ်၍ မရှိခဲ့ပါ။
You may also like these stories:
ဟင်္သာတမြို့ NLD ဝန်းရံသူများ တိုက်ခိုက်ခံရမှု ၂၆ ဦးကို အမှုဖွင့်ထား
နေပြည်တော်တွင် အစိုးရ အရာရှိ၏ ဇနီး အသတ်ခံရမှု တရားခံ ဖမ်းမိ
ဟင်္သာတတွင် NLD ထောက်ခံသူများ အကြမ်းဖက် တိုက်ခိုက်ခံရ