မြန်မာနိုင်ငံ အနှံ့အပြားရှိ တောင်သူများ ကိုယ်တိုင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ရောင်းချပေးနေသော ရန်ကုန် တောင်သူဈေးကား အစီအစဉ်ကို ရန်ကုန် ၄ မြို့နယ်တွင် ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး ဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) က သိရသည်။
ကိုဗစ် ပထမလှိုင်းတွင် စတင်ခဲ့သည့် တောင်သူဈေးကား အစီအစဉ်သည် ရန်ကုန်တိုင်းအတွင်း Stay at Home ညွှန်ကြား ချက်ကြောင့် အချို့လမ်း၊ ရပ်ကွက်၊ အိမ်ရာများက အဝင်မခံကြသဖြင့် ပြီးခဲ့သည့် စက်တင်ဘာလမှ ယနေ့အထိ ရပ်နား ထားခဲ့ရာမှ ယခု ရက်ပိုင်းအတွင်း ပြန်လည် စတင်ရန် အသင်းက စီစဉ်ခြင်း ဖြစ်သည်။
MFVP ဗဟို အလုပ်မှုဆောင် ဦးမင်းဇော်က “အဓိကတော့ ကိုဗစ် ပထမလှိုင်း ပြီးသွားတော့ ဒုတိယလှိုင်းက နည်းနည်းလေး ပြင်းတော့ ရပ်ထားတာ။ အခု ရန်ကုန်တိုင်း ကုန်စည်စီးဆင်းမှု ကော်မတီက တာဝန်ပေးထားတဲ့အတွက် ၁ ရက် ၂ ရက် အတွင်း ပြန်စမှာပါ။ စစချင်းတော့ လှိုင်သာယာ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ် ၄ ခုမှာ ဖြန့်ဖြူး ပေးမှာ၊ ဒါက အကြမ်းဖျင်း လျာထားတာ။ လမ်းကြောင်းတွေလည်း ဆွဲနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တောင်သူဈေးကား အစီစဉ်ကို နိုင်ငံတော် အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) နှင့် MFVP အသင်းတို့ ပူးပေါင်း စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးကားရောင်းချမှုကို မြို့ တွင်း ၆ မြို့နယ်မှလွဲ၍ ကျန်ရှိသည့် မြို့နယ်များတွင် ရောင်းချခွင့်ကို YCDC က ခွင့်ပြုပေးထားကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးမင်းဇော်က “အခု ဈေးကား အစီအစဉ်မှာတော့ အချက်၂ ချက်ကို အာရုံ စိုက်တယ်။ ကုန်ဈေးနှုန်း တက် လာမယ့်ဟာတွေကို တတ်နိုင်တဲ့ဘက်ကနေ တောင်သူတွေဆီက ယူပြီးတော့ စားသုံးသူဆီကို ဖြန့်ချိပေးတဲ့ သဘောပါ။ ဈေးနှုန်း သက်သာမယ်လို့ မဆိုတောင် ဈေးမများအောင် ရောင်းပေးမယ်ပေါ့လေ။ နောက်တချက်က မြို့နယ်တိုင်းမှာ ခက် ခဲတဲ့သူတွေကိုလည်း ကျနော်တို့ ဝေမျှပေးမယ့် အစီစဉ် ရှိပါတယ်” ဟု လက်ရှိ လုပ်ဆောင်မည့် ဈေးကား အစီအစဉ်ကို ရှင်းပြသည်။
ဈေးအရောင်းအဝယ် ကိစ္စရပ်များတွင် Social Distancing နှင့်အညီ ရောင်းသူဝယ်သူ ထိတွေ့မှု မရှိစေရန် စီမံထားခြင်း၊ ၆ ပေကွာ၍ တန်းစီ လာရောက် ဝယ်ယူနိုင်ခြင်း၊ Mask မတပ် ထားပါက ဝယ်ယူခွင့် မပြုခြင်း၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ် တန် ကုန်များကို အသင့်တွဲစပ် ထုတ်ပိုးထားခြင်း၊ ပိုက်ဆံကို ပုံးထဲသို့ ထည့်ရမည် ဖြစ်ခြင်း၊ အကြွေပြန် မအမ်းခြင်း၊ တနေ့ တာ ကုန်များကို တရက်အတွင်း အပြီးရောင်းချခြင်း စသည့် တို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးမင်းဇော်က “ဥပမာ ဟင်းသီးဟင်းရွက်လေးတွေ ဆိုရင် တစီးကို ကျပ်၂၀၀ ပေါ့။ ၅ စီးယူ ၁၀၀၀ ကျပ်ပေါ့။ ပိုက်ဆံပေး ရင် ပုံးထဲ ထည့်ပေးပေါ့။ ကျနော်တို့ကလည်း ပြန်မအမ်းရအောင် သူတို့ပေးတာကို အကိုက်ဖြစ်အောင် စီစဉ် ရောင်းချ မှာပါ။ ဒါတွေကို ပြင်ဆင်နေပါတယ်” ဟု ပြောသည်။
အဆိုပါ ဈေးကားစတင်ရာတွင် ကား ၃ စီးနှင့် စတင်ထွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် လုပ်ငန်း၏ အခြေအနေပေါ် မူတည်၍ မြို့နယ်နှင့် ဈေးကားများကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
လတ်တလောတွင် တောင်သူ ဈေးကား အစီစဉ်တခုလုံး ပြန်လည် စတင်ခြင်း မဟုတ်သော်လည်း အောက်တိုဘာလ ၁၄ ရက်ကစပြီး ကိုဗစ်ကာလအတွင်း စားသုံးသူများ အဆင်ပြေစေရန်အတွက် ရန်ကုန်အနီးတဝိုက်က ကုန်စိမ်းများကို အိမ်ရာ ဝင်းများက လာရောက် ရောင်းချရန် ဖိတ်ခေါ်ပါက ရောင်းချပေးမှုလည်း ရှိနေသည်။
ရန်ကုန်တောင်သူ ဈေးကားအစီစဉ်တွင် ပါဝင်မည့် တောင်သူများမှာ ရှမ်းပြည်နယ် နောင်တရား တောင်သူများ၊ ပင်လောင်း တောင်သူများ၊ ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံရှိ တောင်သူများက ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ ပင်းတယ ကြက်သွန်နီနှင့် ချဉ်ပေါင်၊ ကန်စွန်း၊ ဗူး၊ ဖရုံ၊ ဆူးပုပ် အစရှိသည့် ဟင်းသီးဟင်းရွက် ကုန် စိမ်းများကို ရောင်းချသွားမည် ဖြစ်ကြောင်း အသင်းက သိရသည်။
ရောင်းချမည့် ဈေးနှုန်း အနေဖြင့်လည်း တောင်သူ သတ်မှတ်သည့် ဈေး(စိုက်ခင်းဈေး)၊ ကားခ၊ အလုပ်သမား အတင်အချခ များနှင့် ထုတ်ပိုးခ များနှင့် တွက်ချက်ပြီး ရောင်းချသွားမည် ဖြစ်သည်။
သို့သော် ရှမ်းပြည်မှ ကုန်စည်များကို ရန်ကုန်သို့ သယ်ယူရာတွင် လမ်းခရီးတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ကိုဗစ် ရောဂါ စစ်ဆေးရသောကြောင့် ကားစီစဉ်မှုတွင် အခက်အခဲ အနည်းငယ် ရှိကြောင်း အသင်း က သိရသည်။
ရှမ်းပြည်နယ် နောင်တရားဒေသ အာလူးအသင်း ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက “ပထမလှိုင်းတုန်းကတော့ ရောင်းချဖို့ ခက်ခဲတဲ့ ကုန်စည်တွေကို အပေးအယူ စနစ်နဲ့ ပို့ခဲ့ပါတယ်။ ကျနော်တို့ ဟင်းသီး ဟင်းရွက်တွေက ရှားပါးတာတော့ မဟုတ်ဘူး။ သယ်ယူ ရတာတော့ နည်းနည်း အခက်အခဲ ရှိပါတယ်။ ဟိုတလောက ကားလမ်းပိတ်တာတို့ ဆေးစစ်တာတို့ကြောင့်ပေါ့။ အခုကတော့ သွားလို့ နည်းနည်းတော့ အဆင်ပြေလာပါပြီ။ ဒါပေမယ့် ကားသမားတိုင်းက သိပ်မသွားရဲကြဘူး။ အဲဒီတော့ အရင်ထက် ကားခက နည်းနည်းလေး ပိုတယ်” ဟု ကုန်စည်သယ်ယူ ပို့ဆောင်ပေးမည့် အခြေအနေကို ဧရာဝတီသို့ ပြော သည်။
ယခင် ပုံမှန်ရက်က ရှမ်းပြည်မှ ရန်ကုန်သို့ သယ်ယူသည့် ၁၂ ဘီး ကားတစီးလျှင် ကားပိတ်စဉ်က ကျပ် ၄ သိန်း အထိ ပေး ရပြီး ယနေ့တွင် ကျပ် ၇ သိန်းအထိ ပေးရကာ နေ့စဉ် ရန်ကုန်သို့ သွားသည့် ဈေးပတ်ကား ဆိုလျှင် ငွေကျပ် ၁၂ သိန်း အထိ ပေးရကြောင်း ၎င်းက ရှင်းပြသည်။
“ဈေးကွက်ကတော့ ကျနော်တို့ ဆီက ပိုလျှံနေတယ်။ ဂေါ်ဖီထုပ် ဆိုရင် တထုပ် ၁၅၀ ကျပ်ပဲ ရှိတယ်။ ရန်ကုန်ကို ပို့ရင် တော့ ကောင်းတဲ့ဟာလေး ရွေးခုတ်ပြီး ပို့မယ်ပေါ့။ ကျပ်၂၀၀ တန်ပေါ့။ ဒါက လုပ်သမားခနဲ့ ကားခတော့ မပါဘူးပေါ့။ ခရမ်း ချဉ်သီးဆိုလည်း ကျနော်တု့ိဆီ ၁ ပိဿာ ကျပ် ၃၀၀ ပဲ ရှိတယ်။ ရန်ကုန်မှာဆိုရင် ကျပ် ၁၅၀၀ လောက် ရှိတယ်” ဟု တောင်သူလည်း ဖြစ်သူ ဦးခွန်ဆန်းဦးက ပြောသည်။
ရှမ်းပြည်နယ်မှ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ အာလူး တို့ကို ရန်ကုန်တောင်သူ ဈေးကား အစီစဉ်တွင် ရောင်းချရန် ယနေ့တွင် တင်ပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တောင်သူ ဈေးကား အစီအစဉ် ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့ တော်ဝန် ဦးမောင်မောင်စိုး တို့ထံသို့ MFVP က ပြီးခဲ့သည့် ဧပြီလက တင်ပြခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှ စိစစ်ကာ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ဇွန်လ ၂၉ ရက်တွင် ခွင့်ပြုပေးခဲ့သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
You may also like these stories:
ကိုဗစ်ကန့်သတ်ချက်ကြောင့် ကုန်စည် စီးဆင်းမှုနှေး၍ စားသောက်ကုန်အချို့ ဈေးတက်
ရန်ကုန်တောင်သူဈေးကား အစီအစဉ် စတင်မည်