သားသားနားနား ဝတ်ဆင်ထားသော မြန်မာအမျိုးသမီးတဦး က တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဆီး Shanxi ပြည်နယ်၊ ချင်းယွမ် Qinyuan ခရိုင်ရှိ ကျေးရွာတရွာမှ သူတို့၏ နေအိမ်တွင်ထိုင်ရင်း ဒေသခံ အမျိုးသားတဦးနှင့် လက်ထပ်ရသည့် သူ၏ ပျော်ရွှင်ချမ်းမြေ့သော ဘဝကို မန်ဒရင်း တရုတ်ဘာသာ စကားဖြင့် ကျွမ်းကျင် သွက်လက်စွာ ပြောဆို ထားသည့် ဗီဒီယိုတခုကို တရုတ် အစိုးရပိုင် မီဒီယာတွင် တင်ထားသည်ကို စက်တင်ဘာလနှောင်းပိုင်းတွင် မြင်တွေ့ ခဲ့ရသည်။
သို့သော်လည်း လူကုန်ကူးခံရသည့် အမျိုးသမီးများ အများဆုံး ရောက်သွားကြရသော နေရာတခု အဖြစ် တရုတ်နိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့် သိထားကြသည့် မြန်မာနိုင်ငံတွင်မူ ထိုဗီဒီယိုသည် လူမှုမီဒီယာ အသုံးပြုသူ ထောင်ပေါင်းများစွာ၏ တုံ့ပြန်မှုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့ပြီး လူကုန်ကူးခံရသောအမျိုးသမီးများကို ကူညီပေးနေသည့် နိုင်ငံတဝှမ်းမှ အမျိုးသမီး အဖွဲ့အစည်းများ၏ ဒေါသတကြီး တုံ့ပြန်မှုများကို ပေါ်ပေါက်စေခဲ့သည်။ (ဗီဒီယိုကို ဤနေရာတွင် https://www.facebook.com/watch/?v=324859591954831 ကြည့်ပါ။)
“ဒီဗီဒီယိုက လူကုန်ကူးမှုကို လုံးလုံးလျားလျား ထောက်ခံထားပါတယ်။ အဲဒါက အဖြစ်မှန်နဲ့ မကိုက်ညီဘူး ဆိုတာ ကျမတို့ အားလုံး ကောင်းကောင်းသိပါတယ်”
ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်(GEN) ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက နှစ်စဉ်နှစ်တိုင်း မြန်မာအမျိုးသမီးများ အထူးသဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်များမှ ရာနှင့်ချီသော အမျိုးသမီးများ တရုတ်နိုင်ငံသို့ “သတို့သမီးများ” အဖြစ် လူကုန်ကူးခံနေရကြောင်း ဧရာဝတီသို့ ပြောသည်။ အများစုမှာ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရေး တရုတ်နိုင်ငံသို့ သွားရန် လှည့်စားခြင်း ခံနေရပြီး အချို့မှာမူ ပြန်ပေးဆွဲခံရကာ သူတို့၏ဆန္ဒကို ဆန့်ကျင်၍ ဇနီးမယား ရှာဖွေနေသည့် တရုတ် အမျိုး သားများထံ ရောင်းချခြင်း ခံကြရသည်။
“ဒီဗီဒီယိုက လူကုန်ကူးမှုကို လုံးလုံးလျားလျား ထောက်ခံထားပါတယ်။ အဲဒါက အဖြစ်မှန်နဲ့ မကိုက်ညီဘူး ဆိုတာ ကျမတို့ အားလုံး ကောင်းကောင်းသိပါတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။
သိသာထင်ရှားသော လက်ဝတ်ရတနာများ ဝတ်ဆင်ထား၍ မိတ်ကပ်ထူထူလိမ်းထားပြီး Ma Xiaoyue (မာရှောင်ယွဲ့)ဆိုသည့် တရုတ်အမည်ကို အသုံးပြုထားသော ထို မြန်မာအမျိုးသမီးက တရုတ် အစိုးရသတင်း အေဂျင်စီ ဆင်ဟွာ Xinhua မှ ထုတ်လုပ်ခဲ့သော ဗီဒီယိုတွင် သူ၏ခင်ပွန်း၊ သမီးများနှင့် ၂၀၀၇ ခုနှစ်ကတည်းက ခံစားခဲ့ရသည့် သက်တောင့်သက်သာရှိသော ဘဝ၏ အသေးစိတ် အချက်အလက်များကို ပျော်ရွှင်စွာ ပြန်ပြောပြခဲ့သည်။
ဗီဒီယို၏ အဖွင့်တွင် မီးဖိုချောင်ထဲ၌ အစားအစာများ ပြင်ဆင်နေစဉ် သူ၏ ရွှေလည်ဆွဲနှင့်ပုလဲနားကပ်များကို အသားပေးပြသနိုင်ရန် Ma Xiaoyue ၏ ဦးခေါင်းပိုင်းကို အနီးကပ် ရိုက်ပြခဲ့သည်။ ယူနန်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခု၌ သူ၏ခင်ပွန်းနှင့် တွေ့ဆုံခဲ့ပြီး သူတို့ ၂ ယောက် ဆက်သွယ်ပြောဆိုနိုင်ရန် တရုတ်စကားပြန် က ကူညီ ပေးခဲ့သည် ဟုပြောသည်။ နောက်ပိုင်းတွင် သူ၏ ခင်ပွန်းနှင့် အတူ ရှန်ဆီး ပြည်နယ်ရှိသူ၏အိမ်သို့ လိုက်ပါလာခဲ့သည်။
ထူးဆန်းသည်မှာ သူသည် မြန်မာနိုင်ငံ မည်သည့် အစိတ်အပိုင်းမှ ဖြစ်ကြောင်း လုံးဝ ရည်ညွှန်းခဲ့ခြင်း မရှိပါ။ တရုတ်သတင်းဌာန က ထိုဗွီဒီယိုကို အင်္ဂလိပ်နှင့်မြန်မာ ၂ ဘာသာ စာတန်းထိုးကာ Facebook တွင်တင်ခဲ့သည်။ ဗီဒီယိုထဲတွင် Ma Xiaoyue က မိသားစု၏အိမ်မှ အမျိုးမျိုးသော တိုးတက်မှုများကို ကြွားဝါ ပြသခဲ့ပြီး တရုတ်အစိုးရ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အစီအစဉ် အကူအညီကြောင့် ဖြစ်သည်ဟုဆိုသည်။
ဗီဒီယိုထဲတွင် တရုတ် ကျေးလက်ဒေသ၌ အတော်အသင့် ပြည့်စုံကြွယ်ဝမှု၏ သင်္ကေတ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထား ကြသည့် အခင်းအကျင်းတခု ဖြစ်သော ဧည့်ခန်းအတွင်းမှ တီဗွီတလုံးနှင့် သစ်သားဗီရို တခု၏ ရှေ့တွင် ရိုက်ကူးထားသည့် Ma Xiaoyue ၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်။
သူ၏ သားသမီးများ ပညာရေးနှင့် သူ့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုတခု ပြုလုပ်ရန် တရုတ်အစိုးရ၏ ဘဏ္ဍာရေး ထောက်ပံ့မှုကိုလည်း Ma Xiaoyue က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။
ဗီဒီယိုထဲတွင် Ma Xiaoyue ၏ ခင်ပွန်း Gao Baohong ကလည်း ကူညီ ထောက်ပံ့ပေးတတ်သော အိမ်ထောင်ဖက်တဦးအဖြစ် ပါဝင်ထားသည်။ တနေရာတွင် သူက Ma Xiaoyue ကို အစားအစာ ပြင်ဆင်ရာ၌ ကူညီပေးနေသည်ကို ပြသခဲ့သည်။
ဒေါ်မေစပယ်ဖြူကထို ဗီဒီယိုသည် အလွန်တရာ နည်းပါးသည့် လူအချို့ အတွက်သာ ဘဝဖြစ်ရပ်မှန် ဖြစ်နိုင်သော်လည်း လက်တွေ့တွင်မူ တရုတ်နိုင်ငံရောက် လူကုန်ကူးခံရသူ သားကောင် အများစုမှာ ကလေးမွေးဖွားပေးရန် အတင်းအကျပ် ခေါ်ထားခံရသည့် လိင်ကျေးကျွန်များ ထက် အနည်းငယ်မျှသာ ပိုသည် ဟုပြောသည်။
အဓိကအားဖြင့် လူကုန်ကူးသူများက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လစာနည်းပါးခြင်း၊ ပညာရေးဆိုင်ရာ အတားအဆီးများ၊ စီးပွားရေးနှင့် လူမှုရေး အခက်အခဲများကြောင့် ဘဝရှင်သန် ရပ်တည်ရေး အတွက် ရုန်းကန်နေရသော အမျိုးသမီးငယ်များကို ပစ်မှတ်ထားကြသည်။
အိမ်ထောင်စုတခုလျှင် ကလေးတဦးသာ မွေးဖွားရမည့် မူဝါဒကို ဆယ်စုနှစ် ၃ ခု နီးပါး တင်းကျပ်စွာ ချမှတ်ထားခဲ့ပြီး နောက် မိန်းကလေးများထက် ယောက်ျားလေးများကို ပိုမိုနှစ်သက်ခြင်းက တရုတ်နိုင်ငံတွင် ကျား၊ မ အချိုးအစား ကြီးမားစွာ မညီမျှမှု တခုကို ဖန်တီးပေးခဲ့သည်။ ကမာ္ဘ့ဘဏ်၏အဆိုအရ တရုတ်နိုင်ငံသည် ကမာ္ဘပေါ် ကျား၊ မ အချိုး အစား မညီမျှဆုံး နိုင်ငံများထဲမှ တခု ဖြစ်နေပြီး ၎င်း၏ အမျိုးသမီး လူဦးရေတွင် (အိမ်ထောင်သားမွေးပြု နိုင်သည့် အရွယ်) အမျိုးသမီးနှင့် မိန်းကလေး လိုအပ်ချက်က သန်း ၃၀ မှ ၄၀ အထိ ရှိလာခြင်းနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။ ထို့ကြောင့် လက်ထပ်ထိမ်းမြားနိုင်သော အမျိုးသမီးများ ရှာဖွေ နေသော တရုတ်မိသားစုများက မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ လူကုန်ကူးခံရသော အမျိုးသမီးများ သို့မဟုတ် မိန်းကလေးများကို ဝယ်ယူခြင်းဖြင့် ဖြေရှင်းကြသည်။
အဓိကအားဖြင့် လူကုန်ကူးသူများက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လစာနည်းပါးခြင်း၊ ပညာရေးဆိုင်ရာ အတားအဆီးများ၊ စီးပွားရေးနှင့် လူမှုရေး အခက်အခဲများကြောင့် ဘဝရှင်သန် ရပ်တည်ရေး အတွက် ရုန်းကန်နေရသော အမျိုးသမီးငယ်များကို ပစ်မှတ်ထားကြသည်။
ထိုအမျိုးသမီးများသည် လခကောင်းသည့် အလုပ်များ ရမည်ဟု အယုံသွင်း ကမ်းလှမ်းခြင်း သို့မဟုတ် တရုတ်ပြည်မှ ချမ်းသာသော အမျိုးသား တယောက်နှင့် လက်ထပ်ကာ ဘဝကို ပြောင်းလဲစေနိုင်သော အခွင့်အလမ်းများဖြင့် သွေးဆောင်ခြင်းတို့ ဖြင့် လှည့်စားခြင်း ခံနေကြရသည်။
ပြီးခဲ့သည့် နှစ်၂၀ အတွင်း မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်များအပြင်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများမှ အမျိုးသမီးငယ်များနှင့် ဆယ်ကျော်သက် မိန်းကလေးများသည် ယူနန်ပြည်နယ်မှ နယ်စပ်မြို့များနှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကဲ့သို့ ဝေးလံသော နေရာများသို့ မကြာခဏ လူကုန်ကူးခြင်းခံခဲ့ကြရပြီး ထိုနေရာများတွင် သူတို့ကို တရုတ် ယောက်ျားများနှင့် လက်ထပ်ရန် သို့မဟုတ် လိင်လုပ်ငန်းတွင် အလုပ်လုပ်ရန် အတင်းအကျပ်ခိုင်းစေခြင်း ခံနေရကြောင်းကို ပိုမိုသိရှိလာကြသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းချမှု မည်မျှရှိသည်ကို တွက်ချက်ရန် ခက်ခဲပါသည်။ သို့သော်လည်း၂၀၁၉ ခုနှစ်တွင် အမှုပေါင်း ၂၃၉ မှုဖြစ်ပွားခဲ့ကြောင်း မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထဲတွင် ၁၉၆ မှုမှာ တရုတ်နိုင်ငံသားများနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခိုင်းခြင်းနှင့် ပတ်သက်နေသည်။ အမှု ပေါင်း ၂၃၉ မှုတွင် သားကောင် ဖြစ်ရသူ စုစုပေါင်း ၃၅၈ ဦး ရှိပြီး အချို့ အမှုများတွင် လူကုန်ကူးခံရသူ တဦးထက်မက ရှိခဲ့သည်။
ဇန်နဝါရီလမှ အောက်တိုဘာ ၁ ရက် အတွင်း တရုတ်ယောက်ျားများကို လက်ထပ်ထိမ်းမြားခိုင်းခြင်း ခံရသည့် အမျိုးသမီးများ၏ အမှု ၆၈ ခု အပါအဝင် လူကုန်ကူးမှု ၉၄ မှု ဖြစ်ပွားခဲ့ ကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ် က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) ၏ အစီရင်ခံစာ တစောင် တွင် စစ်ပွဲများ ဖြစ်ပွားနေသော ကချင်နှင့် ရှမ်းပြည်နယ်မှ ဆယ်ကျော်သက်များ အပါအဝင် အမျိုးသမီးငယ်များကို အမေရိကန်ဒေါ်လာ ၃၀၀၀ မှ ၁၃၀၀၀ (ကျပ်ငွေ ၃.၈၄သန်း မှ ၁၆.၆၅ သန်း) နှင့် ညီမျှသော ငွေဖြင့် “ သတို့သမီးများ” အဖြစ် တရုတ်မိသားစုများသို့ ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် အမျိုးသမီးများအား လိင်ကျွန်အဖြစ်ဆက်ဆံခြင်း၊ အခန်းများထဲတွင် ပိတ်လှောင်ထားခြင်းနှင့် သူတို့ကို ကိုယ်ဝန် ရှိစေရန် ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခြင်းများကိုလည်း မှတ်တမ်းတင်ထားသည်။ ထို အစီရင်ခံစာသည် လူကုန်ကူးခံရပြီး ပြန်လည် လွတ်မြောက်လာသူ ၃၇ ဦး၊ လူကုန်ကူးခံရသူတို့၏မိသားစု ၃ ခု၊ အစိုးရအရာရှိများ၊ ရဲတပ်ဖွဲ့ နှင့် အခြားသူများအား တွေ့ဆုံမေးမြန်းခြင်း အပေါ် အဓိကအားဖြင့် အခြေခံ ထားသည်။
လူကုန်ကူးခံရသူများကို ဥပဒေရေးရာ အကူအညီများ ပေးနေသည့် Htoi Gender and Development Foundation ၏ ဒါရိုက်တာ ဒေါ်နန်ပူက ကိစ္စရပ်များစွာတွင် သူတို့ကို တရုတ်နိုင်ငံသို့ လူကုန်ကူးရာ၌ သားကောင်များ၏ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများက ကြံရာပါများ အနေဖြင့် ကူညီခဲ့ကြသည်ဟု ဧရာဝတီသို့ ပြောသည်။
ယခု ဗီဒီယိုသည် မြန်မာနိုင်ငံ ကျေးလက်ဒေသများမှ အမျိုးသမီးများကို လူကုန်ကူးသူများက လွယ်ကူစွာ ထောင်ချောက်ဆင်နိုင်ရန် ရည်ရွယ်ထားသည့် တရုတ်အစိုးရ၏ ဝါဒဖြန့်ချိမှုဖြစ်သည်ဟု သူက ဆိုသည်။
“ကျမတို့က တရုတ်နိုင်ငံရောက် သားကောင် အများကြီးကို ကယ်တင်ခဲ့ပြီးပါပြီ။ အဲဒီမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျမတို့ သိပါတယ်။ ကျမ (ဒီဗီဒီယို ထုတ်လုပ်တဲ့သူတွေ) ကို မေးချင်ပါတယ်။ လူကုန်ကူးသူတွေက ဒီဗီဒီယိုအတွက် စပွန်ဆာ ပေးခဲ့တာလား”
“ ဗီဒီယိုထဲမှာ သရုပ်ဖော်ပြထားတဲ့ အခြေအနေက လက်တွေ့မှာ ဖြစ်ပျက် နေတာတွေနဲ့ တော် တော်လေး ကွာခြားပါ တယ်။ ဒီ ဗီဒီယိုကတဆင့် တရုတ်နိုင်ငံက လူကုန်ကူးမှုကို တရားဝင်မြှင့်တင်နေပုံရပါတယ်။ (တရုတ်ယောက်ျား တွေနဲ့ လက်ထပ်ရတဲ့) အမျိုးသမီး အားလုံးနီးပါးဟာ အတင်းအဓမ္မ လက်ထပ်ခံရတာကြောင့် အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြရပါတယ်”ဟု ဒေါ်နန်ပူက ပြောသည်။
“ကျမတို့က တရုတ်နိုင်ငံရောက် သားကောင် အများကြီးကို ကယ်တင်ခဲ့ပြီးပါပြီ။ အဲဒီမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျမတို့ သိပါတယ်။ ကျမ (ဒီဗီဒီယို ထုတ်လုပ်တဲ့သူတွေ) ကို မေးချင်ပါတယ်။ လူကုန်ကူးသူတွေက ဒီဗီဒီယိုအတွက် စပွန်ဆာ ပေးခဲ့တာလား”ဟု သူက ထပ်ပြောသည်။
Htoi Gender and Development Foundation ၏ အဆိုအရ ပြီးခဲ့သည့် နှစ်အတွင်း ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၁၀၉ ခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထဲမှ ၇၉ ခုမှာ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးခံရသူ အမျိုးသမီးငယ် အများစုမှာ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ကြားတွင် ပြန်လည် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် အရပ်သားများ ထူထောင်ထားသည့် ကချင်ပြည်နယ်တွင်းမှ စစ်ရှောင် ဒုက္ခသည်စခန်းများမှဖြစ်ကြောင်း Htoi Gender and Development Foundation ကပြော သည်။
ငွေကြေး အကျပ်အတည်းကြောင့် အမျိုးသမီး အများအပြားက တရုတ် နိုင်ငံတွင် အလုပ်အကိုင် ရှာဖွေလာကြရပြီး အများစုမှာ နောက်ဆုံး တွင် လူကုန်ကူးသူများ သို့မဟုတ် သူတို့၏ ဆွေမျိုးများ က တရုတ်မိသားစုများလက် သို့ ရောင်းချခြင်းခံကြရပြီး သူတို့၏ဆန္ဒနှင့်ဆန့်ကျင်၍ “ သတို့သမီးများ” ဖြစ်လာကြရသည်။
ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ၏ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ် San Htoi က တရုတ်နိုင်ငံတွင် ဇနီးမယားတယောက် အနေဖြင့် သာယာသော ဘဝတခုကို ရရှိနေသည်ဟု ဆိုသည့် မြန်မာအမျိုးသမီးတယောက်၏ ပုံမှန်မဟုတ်သော ဥပမာတခုကို အသားပေးခြင်းအားဖြင့် လူကုန်ကူးခံရသူ ရာပေါင်းများစွာ၏ ဝေဒနာများကို ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့သော တရုတ် အာဏာပိုင်များ၏ တာဝန်မဲ့မှုကို ထို ဗီဒီယိုက ဖော်ပြနေသည်ဟု ပြောသည်။
အချို့သော ဖြစ်ရပ်များတွင် သားကောင် အများအပြားသည် စိတ်ဒဏ်ရာရရှိခြင်းနှင့် ရင်ဆိုင်ခဲ့ကြရပြီး အချို့သော ဖြစ်ရပ်များတွင် သူတို့ ခံစားခဲ့ရသော အကြမ်းဖက်နှိပ်စက်မှုများကြောင့် နောက်ဆက်တွဲ ရောဂါ ဝေဒနာများ ဖြစ်ပွားခဲ့ရသည်ဟု သူက ပြောသည်။
“ဒီ ဗီဒီယိုက (အတင်းအဓမ္မ လက်ထပ်စေခြင်းတွေ) နဲ့ပတ်သက်ပြီး ဗဟုသုတ လုံလုံလောက်လောက် မရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အလွန်အန္တရာယ်များတဲ့ သတင်းစကားတခုကို ပေးပါတယ်။ အဲဒါက သူတို့ကို (လူကုန်ကူးသူတွေ) ရဲ့သားကောင် ဖြစ်အောင် အားပေးပါလိမ့်မယ်” ဟု San Htoi က ဆိုသည်။
“အဲဒါက တရုတ်အမျိုးသား တွေဟာ မြန်မာအမျိုးသမီးတွေကို ကောင်းမွန်စွာ ပြုမူဆက်ဆံတယ်ဆိုတဲ့ မှားယွင်းတဲ့ ထင်မြင်ချက်ကို ဖြစ်စေပါတယ်။ တကယ်တော့ တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ အမျိုးသမီး အများအပြားက စိတ်ဒဏ်ရာကို ခံစားကြရပါတယ်။ သူတို့ရဲ့ တရုတ်ခင်ပွန်းတွေဆီက ရခဲ့တဲ့ နှိပ်စက်မှုတွေကို ကျော်ဖြတ်ဖို့ အလွန် ခက်ခဲတယ်ဆိုတာကို တွေ့ရပါတယ်။ သူတို့က သူတို့အသိုင်းအဝိုင်းရဲ့ တခါတရံမှာ မိသားစုတွေရဲ့ အထင်အမြင်သေးမှုကိုလည်း ခံရပါတယ်။ ဒီဗီဒီယိုက တကယ်ကို ခံစားနေရတဲ့ သားကောင်တွေရဲ့ ဘဝကို လုံးလုံးလျားလျား လျစ်လျူရှုထားပါတယ်” ဟု သူက ပြောသည်။
လူကုန်ကူးမှုကို တိုက်ဖျက်ရန် တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟု San Htoi က ဆိုသည်။ ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် လူကုန်ကူးမှုနှင့် စပ်လျဉ်းသည့် ၂ နိုင်ငံ သဘောတူညီချက်အား အဆင့်မြှင့်တင်ရေးအတွက် စဉ်းစားရန် သူက မြန်မာအစိုးရကို တိုက်တွန်းသည်။ ထိုနှစ် နိုဝင်ဘာလတွင် မြန်မာနှင့် တရုတ်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာ တခုကို လက်မှတ် ရေးထိုးခဲ့သည်။
“လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပိုပြီးထိရောက်တဲ့ သဘောတူညီချက်တွေ ကျမတို့ လိုအပ်ပါလိမ့်မယ်” ဟု San Htoi ကပြောသည်။
၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းတွင် Johns Hopkins Bloomberg ပြည်သူ့ကျန်းမာရေးကျောင်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေး စင်တာက တရုတ်အမျိုးသားများနှင့် လက်ထပ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ၅ နှစ် ကြာနေထိုင်စဉ်အတွင်း ကလေးမွေးဖွားသည့် အတွေ့အကြုံရှိသော အသက် ၁၅ နှစ်မှ ၅၅ နှစ်ကြားရှိ မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းအမျိုးသမီးများနှင့် မိန်းကလေး ၄၀၀ နီးပါးကို လေ့လာမှုတခု ပြုလုပ်ခဲ့သည်။
KWAT ၏ အကူအညီဖြင့် ပြုလုပ်သော အဆိုပါ လေ့လာမှုအရ ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ပြန်လာသော ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၁၀၆၀၀၀ ထဲတွင် ၇၈၀၀ ခန့်က တရုတ်အမျိုးသားများနှင့် လက်ထပ်ခဲ့ကြရပြီး ၅၀၀၀ ခန့်မှာ (လက်ထပ်ရန်) သူတို့ကို အတင်းအကျပ်ခိုင်းစေခြင်း ခံခဲရသည်။ ၎င်းတို့ထဲတွင် ၃၉၀၀ ခန့်မှာ တရုတ် အမျိုးသားများနှင့် အတင်းအကျပ် လက်ထပ်ခိုင်းရန် တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း ခံခဲ့ရသူများ ဖြစ်သည်။ ပြန် ရောက်လာသော အမျိုးသမီး ၂၈၀၀ ခန့်က သူတို့၏ တရုတ်ယောက်ျားများနှင့် ကလေးမွေးရန် အတင်းအကျပ်ခိုင်းစေ ခံခဲ့ရသည်ဟု ခန့်မှန်းရသည်။
“တရုတ်နိုင်ငံကို လူကုန်ကူးခြင်း နှစ်စဉ် တိုးပွား လာနေပါတယ်။ မြန်မာအစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ် မနေသင့်ဘူး”
မိန်း ကလေးငယ်များ အတွက် မှားယွင်းသော သတင်းစကားဖြစ်စေမည်ဟု သူတို့ယုံကြည်ကြသည့် ဆင်ဟွာမှ ထုတ်လုပ်ခဲ့သော ဗွီဒီယိုအား တရားဝင်တုံ့ပြန်ပေးရန် အမျိုးသမီးအဖွဲ့အစည်းများက မြန်မာအစိုးရ ကို တိုက်တွန်းသည်။
“တရုတ်နိုင်ငံကို လူကုန်ကူးခြင်း နှစ်စဉ် တိုးပွား လာနေပါတယ်။ မြန်မာအစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ် မနေသင့်ဘူး”ဟု ဒေါ်နန်ပူက ပြောသည်။
“သူတို့ အနေနဲ့ တရုတ်ဘက်က တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးသင့်ပါတယ်။ နောက်ထပ် လူကုန်ကူးမှုတွေ မဖြစ်ပွားအောင် တားဆီးဖို့အတွက် ဒီလို နားလည်မှု လွဲစေတဲ့ သတင်းစကားမျိုး မတင်ဖို့ သူတို့ကို တောင်းဆိုသင့်ပါတယ်” ဟု သူက ဆိုသည်။
တရုတ်နိုင်ငံတွင် မြန်မာအမျိုးသမီးများ အတွက် စောင့်စားနေသည့် ပျော်ရွှင်ဖွယ်ရာ လက်ထပ်ထိမ်းမြားမှု အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေရန် သရုပ်ဖော်ထားသော ဗွီဒီယိုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရင်း ဆိုရှယ်မီဒီယာသုံးစွဲသူများက ၎င်းကို ဖျက်ချပေးရန် Facebook သို့ တောင်းဆိုခဲ့သည်။သို့သော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့ အထိ Facebook ပေါ်တွင် မြန်မာနှင့် အင်္ဂလိပ် ၂မျိုးလုံး ဖြင့် ရှိနေဆဲဖြစ်သည်။
လူကုန်ကူးသူများက ကျေးလက်ဒေသမှ အမျိုးသမီးငယ်များအား ဖျားယောင်း ဆွဲဆောင်ရန် ထို ဗီဒီယိုကို အထောက်အကူ တခု အနေဖြင့် အသုံးပြုမည့် အပေါ် စိုးရိမ်မှုများ တိုးလာနေသည်ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။
“လူကုန်ကူးတဲ့သူတွေက အဲဒါကို တရုတ်အစိုးရပိုင် မီဒီယာက ထုတ်လုပ်တာ၊ ဒါကြောင့် အမျိုးသမီးတွေက သူတို့ကို ယုံကြည် စိတ်ချနိုင်တယ်လို့ ပြောကြလိမ့်မယ်။ ဒီဗီဒီယိုက တိုင်းပြည်တွင်းမှာ လူကုန်ကူးမှု တွေ မြင့်တက်လာအောင် လှုံ့ ဆော်ပေးလိမ့်မယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။
(Nan Lwin ၏ Chinese News Agency’s Video Showing Myanmar Woman’s ‘Happy’ Marriage to Local Man Prompts Trafficking Fears ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာ
အမျိုးသမီးများနှင့် ကျားမ ရေးရာ ရှုထောင့်ကို မြန်မာ့တပ်မတော်အတွင်း ထည့်သွင်းတည်ဆောက်ပါ