မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များအနက် တခုတည်းသော ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်နယ်မြေ ဖြစ်သည့် ကယားပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာတဦး စတင် တွေ့ရှိခဲ့ပြီး ၎င်းလူနာမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို အောက်တိုဘာ ၁၅ ရက် တွင် တောင်ကြီးမြို့ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ပြီးနောက် ယင်းနေ့ည ဆေးစစ် ချက် အဖြေ ထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာတဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်နယ် အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း က “ပိုးတွေ့လူနာနဲ့ ပတ်သက်လို့ လွိုင်ကော်ဆေးရုံရဲ့ အထူး ကြပ်မတ်ဆောင်မှာထားပြီး ကုသပေးလျက် ရှိပါတယ်။ လက်ရှိ အခြေအနေမှာ ကျန်းမာရေး ကောင်းပါတယ်။ အနံ့ မရတာ တို့၊ နေမကောင်းဖြစ်တာတို့၊ ကျန်တဲ့ ကျန်းမာရေး ဆိုးရွားတဲ့ အခြေအနေ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ လူနာသည် ကျန်းမာရေး ဝန်ထမ်းတဦး ဖြစ်သည့်အတွက် ဂရုတစိုက် နေတတ်သူ ဖြစ်ပြီး Quarantine (အသွား အလာ ကန့်သတ်ထားခြင်း) ဝင်နေစဉ် ကာလ တလျှောက်လည်း ပါးစပ်၊ နှာခေါင်းစည်း(Mask)တပ်ပြီး နေခဲ့သောကြောင့် တခြား ထိတွေ့ ဆက်စပ်သူ (Contact person) ဖြစ်နိုင်ခြေ အလွန်နည်းသည် ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် အဆိုပါ လူနာနှင့် စကားပြောခဲ့သည့် Quarantine စင်တာမှ သူငယ်ချင်းဖြစ်သူ သူနာပြု နှစ်ယောက် (Negative ထွက်ပြီးသား) ကို ပိုမို စိတ်ချစေရန် Swab ယူပြီး ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း၊ ၎င်း၏ မိသားစုဝင်များနှင့် ထိတွေ့မှု မရှိခဲ့သော်လည်း ပိုမို စိတ်ချစေရန် မိသားစု၏ အိမ်ကိုလည်း Home Stay ပြုလုပ်ထားကြောင်း သိရသည်။
ယင်း ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးသည် လွိုင်ကော်မြို့၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ အထက်တန်း သူနာပြုတဦးဖြစ်ပြီး ရန်ကုန်သို့ သင်တန်း တက်ရောက်ရာမှ ပြန်ရောက်လာကာ လွိုင်ကော်မြို့၊ ပညာရေးကောလိပ်တွင် Quarantine ဝင် ရောက်နေသူ ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မှ တဦးတည်း ကားငှားပြန်လာခဲ့ရာ အောက်တိုဘာ ၆ ရက် နံနက်တွင် လွိုင်ကော်မြို့၊ ဝါရီကောခူဂိတ်သို့ ရောက်ရှိခဲ့ပြီး ယင်းဂိတ်မှ တဆင့် ရွှေလွိုင်ကော် ပရဟိတကားဖြင့် Quarantine စင်တာသို့ ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်ကြောင်း ရွှေလွိုင်ကော် ပရဟိတ အသင်း ဥက္ကဋ္ဌ စောဝဏ္ဏက ပြောသည်။
၎င်းက “ကျနော်တို့ အဖွဲ့က ၂ ယောက်ကတော့ Quarantine ဝင်ရပါတယ်။ PPE ဝတ်ထားလို့ တော်သေးတယ်။ Swab ယူပြီး ပိုး တွေ့ မတွေ့ စစ်မယ်။ သဘက်ခါလောက်တော့ အဖြေသိရမှာပေါ့” ဟု ဆိုသည်။
အဆိုပါ လူနာမှာ ရန်ကုန်မှ ပြန်လာစဉ်ကလည်း တဦးတည်း ကားငှားလာခြင်း၊ လမ်း၌လည်း မည်သည့်နေရာမှ မဝင်ခဲ့သ လို လွိုင်ကော် ရောက်ချိန်တွင်လည်း Quarantine တန်းဝင်ခြင်းဖြစ်ရာ ၎င်းနှင့် ထိတွေ့ဆက်စပ်သူမှာ စစ်ဆေးရေးဂိတ်၊ Swab ယူ စစ်ဆေးသည့် ကြက်ခြေနီ အဖွဲ့များနှင့် အသင်းမှ ၂ ဦးလောက်သာ ရှိကြောင်း စောဝဏ္ဏက ရှင်းပြသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်နယ်အတွင်း အဝင်အထွက်ကို ကြပ်မတ်ဆောင်ရွက်ခဲ့ သလို ရန်ကုန်မှ ပြန်လာသူ၊ နေရပ်ပြန် ထိုင်းမှပြန်လာသူ၊ တခြားတိုင်းနှင့် ပြည်နယ်မှ ပြန်လာသူ စသဖြင့် ပြည်နယ်အတွင်း ဝင်လာသူများကို သီးခြား ထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ခြင်းများကြောင့် ကိုဗစ်ကင်း စင်နယ်မြေအဖြစ် ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်သန်းလင်းက ရှင်းပြသည်။
၎င်းက “လက်ရှိ ပိုဂရုစိုက်ပြီး ကွာရန်တင်းစင်တာတွေမှာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ဟာအတိုင်း ထပ်ပြီး အလေးအနက်ထားပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ အဝင်အထွက်တွေကိုလည်း ထပ်မံစိစစ်ပြီးတော့ ဆောင်ရွက် လျက် ရှိပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ကုန်တင်ယာဉ် ရပ်နားစခန်းကိုလည်း မြို့ပြင်၌ထားကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test kit ဖြင့် စည်းကမ်းတကျ စစ်ဆေးပေးနေပြီး ရောဂါပိုး ပြန့်ပွားခြင်း မရှိအောင် ဆောင်ရွက်နေရာ ယနေ့အချိန်ထိ ၃၆၉ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ပြီး အားလုံး၏အဖြေမှာ Negative ဖြစ်သည်ဟု ပြောသည်။
ဦးကျော်သန်းလင်းက “စိုးရိမ်မှုလည်း အရမ်း မကြီးဖို့။ အရမ်းလည်း မပေါ့ဆဖို့။ ကျန်းမာရေး ညွှန်ကြားချက်နဲ့အညီ လိုက်နာ သွားရင်တော့ ကျနော်တို့ ကယားပြည်နယ်ကြီးက ဒီ Positive တယောက်ပဲ တွေ့တာပါ။ တွေ့တဲ့တယောက်လည်း ကျန်း မာရေး ကောင်းကောင်းမွန်မွန်နဲ့ Negative ပြန်ဖြစ်သွားရင် အရင်လိုပဲ အဖြူရောင် ပြန်ဖြစ်သွားမှာလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
ပြည်နယ်အစိုးရအဖွဲ့၏ အောက်တိုဘာ ၁၅ ရက်ထိ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း Quarantine စင်တာပေါင်း ၁၅ ခု ရှိပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ ကျား ၂၁၉၊ မ ၁၄၃ စုစုပေါင်း ၃၆၂ ဦး ရှိကြောင်း၊ ကိုဗစ်ပိုး မြန်မာနိုင်ငံ ၌ စတင်တွေ့ရှိ ချိန်မှစ၍ ယနေ့အချိန်ထိ ကယားပြည်နယ်အတွင်း ၂၀၈၇ ဦးကို ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးပေးခဲ့ပြီး ယမန်နေ့ ညက တွေ့သည့် လူနာတဦးမှ လွဲ၍ ကျန်သူများ အားလုံး၌ ပိုးမတွေ့ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အောက်တိုဘာ ၁၅ ရက်၊ ည ၈ နာရီအထိ သတင်း ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၃၂,၃၅၁ ဦး၊ သေဆုံးလူနာ ၇၆၅ ဦး ရှိပြီ ဖြစ်သည်။
You may also like these stories:
ကိုဗစ်ပြင်းထန် လူနာများကို Remdesivir ဆေးဖြင့် ကုသနေ
ကိုဗစ်လူနာကို နေအိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် မလုပ်ဖြစ်သေး ဟုဆို