သတင်း

Remdesivir ဆေးက ကိုဗစ်လူနာသေဆုံးမှုကို အနည်းငယ်သာ လျှော့ချနိုင်ဟု WHO တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

Covid-19 ကို ကုသနေသည့် remdesivir ဆေးသည် အသက်အန္တရာယ်မှ လူနာ၏ လွတ်မြောက်ရေး အခွင့်အလမ်းများ အပေါ်၌ လုံလောက်သော အကျိုးသက်ရောက်မှု မရှိကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) က ပြုလုပ်သော လက်တွေ့ စမ်းသပ်မှု တခုတွင် တွေ့ရှိခဲ့ရခြင်းက ရောဂါကုသရေး အတွက် ရှိနှင့်ပြီးသား ဆေးဝါးများ ဖော်ထုတ်ရန် မျှော်လင့်ထားမှုများကို သိသာသော ထိုးနှက်ချက်တခု ဖြစ်စေခဲ့သည်။

ဆေးရုံတက်၍ ကုသမှုခံယူနေသော လူနာ ၁၁၂၆၆ ဦး အပေါ် remdesivir နှင့် အခြားအလားအလာရှိသော ဆေးဝါး ၃ခု ဖြင့် ကုသခြင်း၏ အကျိုးသက်ရောက်မှုများကို လေ့လာခဲ့သော WHO ၏ မျှော်လင့်ချက်ကြီးသည့် နိုင်ငံတကာ စုပေါင်း စမ်းသပ်မှုမှ ရလဒ်များအရ အဆိုပါကုသမှုများထဲတွင် တခုကမျှ “(လူနာ) သေဆုံးရမှုအပေါ် သိသာစွာ သက်ရောက်ခြင်း”  သို့မဟုတ် လူနာများ အသက်ရှူကိရိယာဖြင့် အကူအညီပေးရန် လိုအပ်မှုကို လျှော့ချပေးနိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရကြောင်း Financial Times က တွေ့မြင်ရသော လေ့လာမှု မိတ္တူတစောင် ကို ကိုးကား၍ သတင်းရေးသည်။

WHO ၏ စမ်းသပ်မှုရလဒ်များက ဆေးများသည် လူနာများ ဆေးရုံတွင် မည်မျှကြာကြာ နေရမည် ဆိုသည့်အပေါ်တွင်လည်း အနည်းငယ်သာ အကျိုးသက်ရောက်ကြောင်း ဖော်ပြနေသည်။ သို့သော်လည်း WHO မှ သုတေသီများက ဤ လေ့လာမှုသည် ဆေးရုံတက်၍ ကုသမှုခံယူရင်း သေဆုံးသွားရခြင်း အပေါ် သက်ရောက်မှုကို အကဲဖြတ်ရန် အဓိက ရည်ရွယ်ခဲ့သည်ဟု ပြောသည်။ အဆိုပါ လေ့လာမှုကို သက်ဆိုင်ရာ ပညာရှင်အသိုင်းအဝိုင်းမှ ပြန်လည် လေ့လာသုံးသပ်ခြင်း မပြုလုပ် ရသေးပါ။

Remdesivir သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တွင် Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူ့ကို ကုသရန် အသုံးပြုခဲ့သော ဆေးဝါးများထဲမှ တခုဖြစ်သည်။ ကနဦးတွင် ၎င်းကို အမေရိကန်ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်သည့် Gilead Sciences က အီဘိုလာ ရောဂါကို ကုသရန် အလားအလာရှိသော ဆေးဝါးတခုအဖြစ် တီထွင်ခဲ့ခြင်းဖြစ်သည်။

ဧပြီလတွင် အမေရိကန် အမျိုးသား ကျန်းမာရေးသိပ္ပံ (US National Institutes of Health ) က စမ်းသပ်မှုတခု ပြုလုပ်ခဲ့ပြီး Covid-19 မှ ပြန်လည်နာလန်ထနိုင်သည့် ကာလကို ၁၅ ရက်မှ ၁၁ ရက် အထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတွင် အသုံးပြုရန် တစိတ်တပိုင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လတွင် Gilead က ကုသမှုနှင့် ပတ်သက်၍ လူနာသေဆုံးမှုကို လျှော့ချနိုင်ကြောင်း ဖော်ပြသည့် နောက်ထပ် အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ထိုတွေ့ရှိမှုကို ဆေးဝါးခွင့်ပြုချက်အတွက် ရွှေစံချိန်အဖြစ် သတ်မှတ်ထားသော ကျပန်းစနစ်ဖြင့် ဆောင်ရွက်သည့် စမ်းသပ်မှုတခုဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နိုင်ငံတကာ စုပေါင်း စမ်းသပ်မှုမှ ကနဦး အချက်အလက်များကို ပညာရှင်များ  ပြန်လည်သုံးသပ်ထားတဲ့ ဂျာနယ်တခုမှာ မထုတ်ဝေမီ လူသိရှင်ကြား ထုတ်ပြန်ခဲ့တယ်ဆိုတာကို ကျနော်တို့ သတိပြုမိပါတယ်” ဟု Gilead က မှတ်ချက်ပေးရန် Financial Times ၏ တောင်းဆိုမှုကို တုံ့ပြန်ခဲ့သည်။ “ဒီထွက်ပေါ်လာတဲ့ အချက်အလက်တွေဟာ remdesivir ရဲ့ လက်တွေ့အကျိုးကျေးဇူးကို အတည်ပြုပေးမယ့် ကျပန်းစနစ် လေ့လာမှု အမျိုးမျိုးက ရမယ့် ပိုပြီး ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့ သဟဇာတ မဖြစ်တဲ့ပုံ ပေါက်ပါတယ်။”

WHO က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး လေ့လာမှု၏ ရလဒ်များကို လူသိရှင်ကြား ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ပြောသည်။

WHO ၏ တွေ့ရှိချက်များအရ Covid-19 မှ လွတ်မြောက်ရှင်သန်မှုနှုန်းကို တိုးမြှင့်ပေးသည့် တခုတည်းသောဆေးမှာ ဈေးချိုသည့် steroid သောက်ဆေးတမျိုး ဖြစ်သည့် dexamethasone ဖြစ်ပြီး ကမာ္ဘအနှံ့တွင် ကျယ်ပြန့်စွာ ရရှိနိုင်သည်။ Covid-19 ကို ပြင်းထန်စွာ ခံစားနေရသော လူနာများအတွက် Steroid ဆေးများ အသုံးပြုရန် WHO က အကြံပြုထားသည်။

WHO ၏ နိုင်ငံတကာ စုပေါင်း စမ်းသပ်မှုသည် Covid-19 ကုသရေး အတွက် ပြုလုပ်နေဆဲ လေ့လာမှုများထဲတွင် အကြီးမားဆုံး လေ့လာမှုတခုဖြစ်သည်။ ဆေးဝါးများကို စမ်းသပ်မှုသို့ ထည့်သွင်းခြင်း သို့မဟုတ် စမ်းသပ်မှုမှ ဖယ်ရှားပစ်ခြင်းကို အချိန်မရွေး ပြုလုပ်နိုင်သည်။ လေ့လာမှုတွင် Financial Times က တွေ့မြင်ခဲ့ရသော ဆေး ၄ မျိုး၏ ရလဒ်သည် မတ်လမှ အောက်တိုဘာလ အစောပိုင်း အထိ လေ့လာမှု ဖြစ်သည်။

Remdesivir စမ်းသပ်သည့် အုပ်စုတွင် လူနာ ၂၇၅၀ ပါဝင်ခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သည့် လူနာများကို ကုသမှု ၁၀ ရက် ပြုလုပ်ခဲ့ပြီး ပထမဆုံးနေ့၌ ဆေး ၂၀၀ မီလီဂရမ်နှင့် နောက်ရက်များတွင် ၁၀၀ မီလီဂရမ်စီ ပေးခဲ့သည်။

လီဗာပူးလ်တက္ကသိုလ် ဆေးဝါးဗေဒဌာနမှ အကြီးတန်း ဧည့်သုတေသီတဦး ဖြစ်သည့် Andrew Hill က နိုင်ငံတကာ စုပေါင်း စမ်းသပ်မှုကဲ့သို့သော ကြီးမားသည့် စမ်းသပ်မှု တခုသည် (အကယ်၍ ဆေးတမျိုး ရှိခဲ့ပါက ထို ဆေးဝါးသည်) ဘေးအန္တရယ်မှ လွတ်ကင်းရေး အကျိုးကျေးဇူး တခုကို ပြသလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောသည်။

ယခုလ အစောပိုင်းတွင် ဥရောပသမဂ္ဂက အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံများတွင် ကုသမှု ၅၀၀,၀၀၀ အထိ ပြုလုပ်ရေးအတွက် ထောက်ပံ့ရန် Gilead နှင့် သဘောတူညီမှု တခုကို လက်မှတ်ရေးထိုးခဲ့သည်။ မှာကြားမှုကို ထပ်မံတိုးချဲ့ နိုင်ရေးလည်း သဘောတူညီချက်တွင် ပါဝင်သည်။

Gilead က ၅ ရက်စာ ဆေးအတွက် ဒေါ်လာ ၂၃၄၀ ဖြင့် remdesivir ကို ဈေးနှုန်း သတ်မှတ်ထားသည်။ အချို့ သော ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများကမူ သေဆုံးနိုင်ခြေကို လျှော့ချရန် သက်သေပြနိုင်ခြင်း မရှိသေးသည့် ဆေးတမျိုးအတွက် ကုန်ကျစရိတ်က များလွန်းကြောင်း ပြောခဲ့ကြသည်။

လူနာ ၁၀၆၂ ဦး အပေါ်တွင် အမေရိကန် အမျိုးသား ကျန်းမာရေး သိပ္ပံ (US NIH) က ပြုလုပ်ခဲ့သည့် လေ့လာမှု၏ အပြီးသတ် လေ့လာဆန်းစစ်မှုကို ပြီးခဲ့သည့်အပတ်က The New England ဆေးပညာဂျာနယ်တွင် ထုတ်ပြန်ခဲ့ရာ ဆေးရုံတက်၍ ကုသမှု ခံယူရသည့် ကာလကို ၁၅ ရက်မှ ၁၀ ရက်သို့ လျှော့ချပေးနိုင်သော်လည်း လူနာသေဆုံးရမှု အပေါ်တွင်မူ remdesivir က သိသာထင်ရှားသော အကျိုးကျေးဇူး မတွေ့ရကြောင်း ဖော်ပြထားသည်။

ကိုးကား။              ။ Financial Times

You may also like these stories:

ကိုဗစ်-၁၉ ကိုအမြစ်ဖြတ်ရန် အစီအစဉ် သုံးရပ်

ကိုဗစ်ပြင်းထန် လူနာများကို Remdesivir ဆေးဖြင့် ကုသနေ

ကိုဗစ်ရောဂါအတွက် ဒေါ်နယ်ထရမ့်ကို ကျွေးတဲ့ ဆေးတွေ

Did you find apk for android? You can find new Free Android Games and apps.
Loading