ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ သတ်မှတ်ခြင်းကို နယ်မြေအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ နှင့် ညှိနှိုင်းပြီး လုံခြုံရေးအပေါ် မူတည်ကာ သတ်မှတ်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ စုတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ထိုနေရာများတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာရာ ကချင်ပြည်နယ်မှ ကိုယ်စားလှယ်လောင်းအချို့က နယ်မြေအေးချမ်းသည့် ကျေးရွာများပါ ထည့်သွင်းလိုက်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိသည်။
ထိုအခြေအနေနှင့် ပတ်သတ်၍ မေးမြန်းရာ ဦးထွန်းအောင်ခိုင်က “ဒီတိုင်း စိတ်ကူးနဲ့ ထည့်ချင်ထည့်၊ မထည့်ချင် မထည့်ဘူးဆိုပြီး ဘလချီးနန်းလုပ်ထားတာ မဟုတ်ဘူး။ ဘယ်မြို့နယ်၊ ဘယ်ကျေးရွာ အုပ်စုလဲ ပြောရင် ဘာ့ကြောင့် ဆိုတာ ပြောပြလို့ရတယ်။ ဝေဖန်တာက သူတို့အလုပ်ပဲ။ ထင်ကြေးနဲ့ လျှောက်ပြီး ဝေဖန်နေတာ ထင်ရာမြင်ရာပဲ။ တိတိကျကျပြောဆို ထွက်မလာတော့ဘူး။ တို့ လုပ်ထားတာက သေချာ စီစစ်ပြီး လုပ်ထားတာ” ဟု ပြောသည်။
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ နယ်မြေ အလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းများကို တောင်းပြီး သုံးသပ်ကာ ကြေငြာခြင်း ဖြစ်ပါသည်ဟု ဦးထွန်းအောင်ခိုင်က ဆိုသည်။
ဦးထွန်းအောင်ခိုင်က “တို့အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေမှာ လုပ်တဲ့ အဆင့်က မြေပြင်မှာ မြို့နယ် အဆင့် ကော်မရှင် အဖွဲ့တွေ ရှိတယ်။ နောက်ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေ ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တွေ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒါက သွားလို့ ရတယ်၊ မရဘူး။ ကောက်လို့ ရတယ်၊ မရဘူး သုံးသပ်ပြီး အန္တရာယ်ရှိတယ်၊ ပြဿနာရှိတယ်၊ လက်နက်ကိုင်အဖွဲ့တွေ အဝင်အထွက်ရှိတယ်ဆိုတာ သူ့အဆင့်အတန်း အလိုက် သတ်မှတ်တာ ဖြစ်တယ်” ဟု ပြောသည်။
UEC မှ ထုတ်ပြန်ကြေငြာလိုက်သည့် ကျေးရွာအုပ်စုများမှာ လူဦးရေနှင့် မဲစာရင်း ကောက်ယူစဉ်ကလည်း ချန်လှပ်ထား ခဲ့သည့် နယ်မြေများ ဖြစ်ပါသည်ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ ဆွမ်ပရာဘွမ် မြို့နယ်မှ ကျေးရွာအုပ်စု ၃၁ စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု ၁၅ စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၉ အုပ်စု ၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု နှင့် ခေါန်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု ၁ စု တို့ဖြစ်သည်။
ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဂဲနက်စ်က “၁၃ နေရာမှာ ၈ နေရာ၊ ၉ နေရာက ရွာပျက်တွေ လူမရှိတဲ့ နေရာတွေလို့ ပြောလို့ ရပါတယ်။ ၂၀၁၅ ပုံစံအတိုင်း သတ်မှတ်ပြီး ဖျက်ချသွားတာက အေးချမ်းတည်ငြိမ်နေတဲ့ နေရာတွေ ၃ ခု ၊ ၄ ခု ပါသွားတော့ နေထိုင်တဲ့ လူဦးရေတွေ မဲပေးနိုင်တဲ့ လူဦးရေက ရာဂဏန်းရှိပါတယ်။ ကျနော့်အနေနဲ့ဆို ဇီးကျွန်း၊ စန်ပိုင်ပါသွားပါတယ်။ မဲပေါင်း ၃၀၀ ကျော် နစ်နာသွားပါတယ်” ဟု ဆိုသည်။
ဝိုင်းမော်မြို့နယ်တွင်း ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စု ၁၃ စုမှာ မဲဆန္ဒနယ် (၁) နယ်မြေတွင် ပါဝင်သည်။
၂၀၁၅ ခုနှစ်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် ဝိုင်းမော်မြို့နယ်အတွင်းမှ အဆိုပါ ကျေးရွာအုပ်စု ၁၃ စု အပါအဝင် စုစုပေါင်း ၁၆ စုကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပယ်ဖျက်ခဲ့သော်လည်း ယခုအခါ တိုက်ပွဲများ၊ ပစ်ခတ်မှုများ လုံးဝ မရှိသည့် အခြေအနေဖြစ်သည်ဟု ဦးဂဲနက်စ်က ပြောသည်။
ဦးဂဲနက်စ်က “တရားမျှတမှု အပိုင်းနဲ့ ပတ်သတ်လို့ ပြောရရင် ဒီနေရာတွေ အများစုက တိုင်းရင်းသားပါတီတွေ ဒေသခံ တိုင်းရင်းသား တွေ အားကောင်းတဲ့ နေရာတွေပါ။ နယ်မြေအေးချမ်းတည်ငြိမ်နေတဲ့ အချိန်၊ လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ ပတ်သတ်လို့ ရွေးကောက်ပွဲမှာ အနှောင့်အယှက်အဟန့်အတားက လုံးဝ မရှိဘူး။ ဒီလိုလုပ်လိုက်တာက ဘယ်လောက် နစ်နာလဲဆို ကျနော်ဆို အချိန်ပေး မဲဆွယ်စည်းရုံးခဲ့တာရှိတယ်။ ကုန်ကျစရိတ်တွေ ရှိခဲ့တယ်။ အရင်ကတည်းက မကျင်းပ နိုင်ဘူးလို့ ယူဆရင် အရင်ကတည်းက ထုတ်ပြန်ပေးသင့်တယ်”ဟု ဆိုသည်။
ဦးဂဲနက်စ်က ဝိုင်းမော်မြို့နယ်တွင်း ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စုအနက် အချို့မှာ ရွေးကောက်ပွဲ ကျင်းပသင့်သည့် နယ်မြေ များဖြစ်ကြောင်းကို ကိုယ်စားလှယ်လောင်းတဦးအနေဖြင့် UEC ထံ တင်ပြရန်လည်း ပြင်ဆင်နေသည်ဟု သိရသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒုဥက္ကဋ္ဌ တဦးဖြစ်ပြီး ဆွမ်ပရာဘွမ် မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးကွမ်ဂေါင်အောင်ခမ်းက UEC က ထုတ်ပြန်ကြေငြာခဲ့သည့် ရွေးကောက်ပွဲ မကျင်းပ နိုင်သည့် နယ်မြေများမှာ တိုင်းရင်းသားပါတီများ အားကောင်းပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အား မကောင်းသည့် နယ်မြေများ ဖြစ်သည်ဟု ဝေဖန်သည်။
ဦးကွမ်ဂေါင်အောင်ခမ်း က “အခုလို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာက အနာဂတ်အတွက် ရွေးကောက်ပွဲ ၊ တရားမျှတပြီး ပွင့်လင်းတဲ့ ဂုဏ်ပုဒ်ကို တင်ဖို့ကတော့ ခက်ခဲသွားပါပြီ။ ကျနော်တို့ အနာဂတ် ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် တည်ဆောက်ဖို့ကိုလည်း အလှမ်းဝေးစေတဲ့ အချက်တွေ ပါပါလိမ့်မယ်။ ရွေးကောက်ပွဲက လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရှိရမယ်ဆိုတဲ့ အချက်ပေါ်မှာ လုပ်ခဲ့တယ်။ အခု NLD က လုပ်တဲ့ပုံစံက ကျနော့်အတွက် မနှစ်မြို့စရာ ၊ နိုင်ငံတကာက ထောက်ပြစရာလည်း ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
ဆွမ်ပရာမြို့နယ်တွင်း ဖျက်သိမ်းခံရသည့် ကျေးရွာအုပ်စုများအနက် အချို့မှာ တိုက်ပွဲများကြောင့် ရွာပျက်များ ဖြစ်သွားခြင်း၊ အချို့မှာ KIA ၏ ထိန်းချုပ်နယ်မြေအတွင်း ရှိနေသော်လည်း အချို့မှာ မဲထည့်နိုင်သည့် အခြေအနေတွင် ရှိသည့် ကျေးရွာ များလည်း ပါဝင်သွားသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
UEC ၏ ကြေငြာချက်တခုလုံးကို ခြုံသုံးသပ်ပါကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များအားလုံးကို ချန်လှပ်ခဲ့ ခြင်း၊ တိုင်းရင်းသားပါတီများ အားကောင်းသည့် မဲဆန္ဒနယ်အများစု ချန်လှပ်ခံခဲ့ရခြင်းကြောင့် UEC ၏ ထုတ်ပြန်ချက်ကို သဘောမတူနိုင်ပါဟုလည်း ပြောသည်။
ဆက်လက်ပြီး ၎င်းက “ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ ပြောချိန်မှာ ကျနော်တို့ ရပ်တည်မှု ရှင်သန်ရေးတွေကိုပါ ထိခိုက်လာတာက သက်သက် အနိုင်ကျင့်တယ်၊ ဗိုလ်ကျတယ် လို့ပဲ ပြောချင်ပါတယ်” ဟုလည်း ဝေဖန်ပြောဆိုသည်။
ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စုများအနက် မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ်တို့မှ ကျေးရွာများမှာ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း လုံခြုံရေး အခြေအနေ၊ စစ်ရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။
သို့သော် ၂၀၁၅ ခုနှစ်က မကျင်းပနိုင်ခဲ့သည့် ခေါန်လန်ဖူး၊ ဝိုင်းမော်၊ တနိုင်း၊ မိုးမောက်၊ မန်စီ၊ ခေါန်လန်ဖူးနှင့် ရွှေကူ တို့မှ ကျေးရွာအုပ်စု ၁၉ စု တို့မှာ ယခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းထဲမှ ပယ်ဖျက်သည့်ထဲတွင် ပါဝင်သည်။
အောက်တိုဘာ ၁၆ ရက်က UEC က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၉ မြို့နယ်၏ နယ်မြေအားလုံးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှ မြို့နယ် ၄ ခုရှိ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၁၃၇ စု တို့တွင် ရွေးကောက်ပွဲ မကျင်းပ နိုင်ကြောင်း ကြေငြာခဲ့သည်။
ရှမ်းပြည်နယ်ရှိ မြို့နယ် ၇ ခု၏ နယ်မြေအားလုံး နှင့် အခြားမြို့နယ် ၁၆ မြို့နယ်မှ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၁၃၃ စု တို့တွင် မကျင်းပနိုင်ကြောင်း ကြေငြာထားသည်။
ရှမ်းပြည်နယ်တွင်း မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများတွင် မိုင်းကိုင်မြို့နယ်မှအပ ကျန် မြို့နယ် ၆ ခုသည် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့ ထိန်းချုပ်သည့် မြို့နယ်များ ဖြစ်သည်။
ထို့ပြင် ကရင်ပြည်နယ်ရှိ မြို့နယ် ၆ ခုမှ ကျေးရွာအုပ်စု ၅၃ စု၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၂ခုမှ ကျေးရွာအုပ်စု ၄၂ စု၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်မှ ကျေးရွာအုပ်စု ၁ စုတို့တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့ေ ကြာင်း ကြေငြာထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များတွင် အသက် ၁၈ နှစ်အထက် နေထိုင်သူ ဦးရေ တသန်းကျော် ရှိပြီး ၎င်းတို့သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးမည် ဖြစ်သည်။
You may also like these stories:
“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”
မြောင်းမြမြို့ NLD အင်အားပြလှည့်လည်ရာတွင် ပါဝင်သူ ၁ ဦး အမောဖောက် သေဆုံး
အရောင်အသွေး ပိုစုံလာတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ