၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ထက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၈ မြို့နယ် ပိုများခဲ့ပြီး ရပ်ကွက် ၂၃ ခုနှင့် ကျေးရွာအုပ်စု ၁၀၅ စုလည်း ပိုများခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများအဖြစ် ရှမ်းပြည်နယ်မှ မြိုနယ် ၇ ခုနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းမှ ကျေးရွာအုပ်စု ၄၅၃ စုရှိခဲ့သည်။
ယခုနှစ် ၂၀၂၀ တွင်မူ မကျင်းပနိုင်သည့်နေရာများအဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၉ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၆ မြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ အတွင်းမှ ကျေးရွာအုပ်စု ၅၅၈ ခု ပါဝင်လျှက်ရှိသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်မှ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် အတွက် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားဒေသများမှ ကိုယ်စားပြုအနေဖြင့် ပြည်သူ့လွှတ်တော် ၁၀ ဦးနှင့် အမျိုးသား လွှတ်တော် ၇ ဦး လျော့နည်းသွားမည်ဖြစ်သည်။
ယင်းအပြင် နိုင်ငံသားအခွင့်အရေးအရ မိမိနှစ်သက်ရာ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးကြ မည့် မဲဆန္ဒရှင်ပြည်သူ ၁ သန်းခွဲခန့်မှာလည်း မဲပေးခွင့် ဆုံးရှုံးရမည်ဖြစ်သည်။
ယင်းအပြင် ယခုချန်ခဲ့သည့် မြို့နယ်များသည် အာဏာရ NLD ပါတီ အပါအဝင် ပြည်မအင်အားကြီးပါတီများ အနိုင်ရနိုင်ခြေ နည်းပါးပြီး ဒေသအခြေစိုက် တိုင်းရင်းသားပါတီများက အားကောင်းသည့် နေရာများ ဖြစ်နေသည့် အတွက်လည်း ဝေဖန်မှုများ မြင့်တက်နေပြီး ရွေးကောက်ပွဲတရားမျှတမှုအပေါ် မေးခွန်းထုတ်နေကြသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ပါလီမန် (လွှတ်တော်) ဘောင်ကျယ်လာရင် စစ်ဘောင်ကျဉ်းသွားမယ်၊ ခုတော့ ပါတီ ဘောင် ကျယ်လာအောင်လုပ်ရင်း ပါလီမန်ဘောင်ကျဉ်း ကျဉ်းလာတာကို စိတ်မသက်မသာ ဖြစ်ရကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သုံးသပ်ရေးသားထားသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မကျင်းပနိုင်ကြောင်း သတ်မှတ်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းဖို့ လိုအပ်ကြောင်းနှင့် ယခုအတိုင်းဆက်သွားပါက ရွေးကောက်ပွဲပြီးနောက် ရလဒ်အပေါ်တွင် တိုင်းရင်းသားများ၏ မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ထိခိုက်လာနိုင်ကြောင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
ဒေါက်တာမင်းဇော်ဦးက “မြန်မာပြည်မှာ လုံခြုံရေးယာဉ်တန်းနဲ့ ရိက္ခာပို့ရတဲ့မြို့ဆိုတာ ပလက်ဝ တမြို့ပဲရှိတယ်၊ အဲ့ဒီလိုမြို့မှာ လုပ်လို့ရပြီး တခြားမြို့တွေမှာ လုပ်လို့မရဘူးဆိုတာက မေးခွန်းထုတ်စရာတွေအများကြီးရှိတယ်။ အဲ့ဒီတော့ ဒီရွေးကောက်ပွဲ (Election) ရဲ့ အများယုံကြည်လက်ခံနိုင်မှု (Credibility) ကို ထိခိုက်နိုင်တယ်။ အခု UEC ရဲ့ ထုတ်ပြန်ချက်က” ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ဒေသများမှ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးဆုံးရှုံးခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းကို အပြောင်းအလဲအပေါ် သက်ရောက်မှုကြီးမားသည့်အတွက် လိုအပ်ပါက သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။
ဦးစိုင်းရဲကျော်စွာမြင့်က “ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပြဿနာတွေကို အငြိမ်းချမ်းဆုံး ဖြေရှင်းလို့ရတဲ့ အခြေခံအကျဆုံးနည်းလမ်းလို့ ပြောလို့ရတာပေါ့။ အထူးသဖြင့် ရခိုင်လိုနေရာမျိုးမှာ နိုင်ငံရေးအရ ကြီးမားတဲ့ ပြဿနာတွေရှိတဲ့နေရာမှာ သူတို့အတွက် ဖြေရှင်းလို့ရတဲ့ ရွေးကောက်ပွဲဆိုတဲ့ နည်းလမ်းတခုကို ဖယ်ထုတ်လိုက်တဲ့အခါမှာ သူတို့အနေနဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုနည်းသွားနိုင်တယ်။ ပြဿနာတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းစွာဖြေရှင်းရမယ့်အစား အခြားနည်းတွေကို စဉ်းစားလာကြမှာပေါ့။ ဒါဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အင်မတန်ကြီးမားတဲ့ သက်ရောက်မှုနဲ့ စိန်ခေါ်မှုပဲ”ဟု ပြောသည်။
ရခိုင်ပြည်နယ် အခြေအနေ
ရခိုင်ပြည်နယ်လွှတ်တော် အနေဖြင့်လည်း မြို့နယ် ၉ ခုမှ ကိုယ်စားလှယ် ၁၈ ဦးနှင့် တောင်ကုတ်နှင့် အမ်းမြို့နယ် တို့ ၂ ဦး၊ စုစုပေါင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး လျော့နည်းမည်ဖြစ်သည်။
အထူးသဖြင့် တောင်ကုတ်နှင့် အမ်းမြို့နယ်တွင် မြို့နယ်တခုလုံးနီးပါးရှိ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအား မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုခန့်ဖြင့်သာ ကျင်းပရမည်ဖြစ်သည်။
လတ်တလောတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည်မှာ မှန်သော်လည်း အချို့မြို့နယ်များတွင် မြို့ပေါ်၌ ဖြစ်ပွားခြင်းမရှိသည့် အခြေအနေဖြစ်သော်လည်း အစိုးရသည် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် စာရင်းတွင် စစ်ရေးပဋိပက္ခ မရှိသည့် မြို့နယ်များကိုပါ ထည့်သွင်းကာ ကြေညာခဲ့ခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်နှင့် ထိစပ်နေပြီး ချင်းပြည်နယ်အတွင်း ပါဝင်သည့် ပလက်ဝမြို့နယ်တွင်မူ လမ်းကြောင်းများ ပြတ် တောက်ကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်တိုင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်စာရင်းတွင် မပါဝင်မှုအပေါ် နားမလည်ဖြစ်ကြကာ မေးခွန်းထုတ်နေကြသည်။
ရှမ်းပြည်နယ်၏ ရွေးကောက်ပွဲ မကျင်းပဖြစ်သော နေရာများ အခြေအနေ
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ မိုင်း မော၊ ပန်ဝိုင်းမြို့နယ်တို့နှင့် အထူးဒေသ မိုင်းလားမြို့နယ်တို့မှာ ယခင်ကလည်း ရွေးကောက်ပွဲတကြိမ်မျှ ကျင်းပခြင်း မရှိခဲ့သည့် မြို့နယ်များဖြစ်သည်။
ယမန်နေ့ကြေညာချက်တွင်မူ မိုင်းကိုင်မြို့နယ်ကိုပါ ထပ်မံဖြည့်သွင်းလိုက်ရာ မြို့နယ် ၆ ခု ဖြစ်လာပြီး ပြည်သူ့လွှတ်တော် ၁ ဦးနှင့် ရှမ်းပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ် ၂ ဦး လျော့နည်းမည်ဖြစ်သည်။
ကျေးရွာအုပ်စုအနေဖြင့် တစိတ်တပိုင်း ကျင်းပနိုင်ခြင်း မရှိသည့်နေရာများ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၁၀ မြို့ နယ်မှ ကျေးရွာအုပ်စု ၁၀၆ စုသာ ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင်မူ မြို့နယ် ၁၆ မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၁၃၃ စု ပါဝင်နေသည့်အတွက် မကျင်းပနိုင်သည့် ကျေးရွာအုပ်စု အရေအတွက် တိုးလာခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တွင်း မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများတွင် မိုင်းကိုင်မြို့နယ်မှအပ ကျန် မြို့နယ် ၆ ခုသည် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့ ထိန်းချုပ်သည့် မြို့နယ်များ ဖြစ်သည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲအခြေအနေ
ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် ကျေးရွာအုပ်စုအနေဖြင့် ၂၀၁၅ ခုနှစ်၌ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၂၁၁ စု ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၀ တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ စု ပါဝင် လျက်ရှိသည်။
ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ သတ်မှတ်ခြင်းကို နယ်မြေအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များ နှင့် ညှိနှိုင်းပြီး လုံခြုံရေးအပေါ် မူတည်ကာ သတ်မှတ်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ဧရာဝတီကို ပြောသည်။
ဦးထွန်းအောင်ခိုင်က “တို့အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေမှာ လုပ်တဲ့ အဆင့်က မြေပြင်မှာ မြို့နယ် အဆင့် ကော်မရှင် အဖွဲ့တွေ ရှိတယ်။ နောက်ရပ်ကွက်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲတွေ ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တွေ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒါက သွားလို့ ရတယ်၊ မရဘူး။ ကောက်လို့ ရတယ်၊ မရဘူး သုံးသပ်ပြီး အန္တရာယ်ရှိတယ်၊ ပြဿနာရှိတယ်၊ လက်နက်ကိုင်အဖွဲ့တွေ အဝင်အထွက်ရှိတယ်ဆိုတာ သူ့အဆင့်အတန်း အလိုက် သတ်မှတ်တာ ဖြစ်တယ်”ဟု ပြောသည်။
UEC မှ ထုတ်ပြန်ကြေငြာလိုက်သည့် ကျေးရွာအုပ်စုများမှာ လူဦးရေနှင့် မဲစာရင်း ကောက်ယူစဉ်ကလည်း ချန်လှပ်ထား ခဲ့သည့် နယ်မြေများ ဖြစ်ပါသည်ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ ဆွမ်ပ ရာဘွမ် မြို့နယ်မှ ကျေးရွာအုပ်စု ၃၁ စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု ၁၅ စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၉ အုပ်စု ၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု နှင့် ခေါန်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု ၁ စု တို့ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာရာတွင် ကချင်ပြည်နယ်မှ ကိုယ်စားလှယ်လောင်းအချို့က နယ်မြေ အေးချမ်းသည့် ကျေးရွာများပါ ထည့်သွင်းလိုက်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိသည်။
ကရင်ပြည်နယ် အခြေအနေ
ကရင်ပြည်နယ်တွင်မူ ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၇ မြို့နယ်မှ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၀ ခုနှစ်တွင် မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်ခဲ့သည်။
ကရင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က “အုပ်ချုပ်မှုအာဏာစက် မသက်ရောက်တဲ့ နေရာတွေဖြစ်နေလို့ပါခင်ဗျ၊ အဲဒီနေရာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်လို့မရတဲ့နေရာတွေ ဖြစ်နေတယ်။ အဲဒါကြောင့် မဲစာရင်းပြုစုလို့မရဘူး။ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေလည်း ခန့်လို့မရဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲ ကျင်းပလို့မရဘူးလို့ ကြေညာတာပါ” ဟု ကရင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီးပြောသည်။
တိုးတက်မှုအနေဖြင့် ၂၀၁၅ ခုနှစ် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် လှိုင်းဘွဲ့မြို့နယ်မှ ကျေးရွာအုပ်စု ၈ ခုတွင် ယခုနှစ် ကျင်းပ မည်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၂၉ အုပ်စု၊ သံတောင်ကြီးမြို့နယ် အုပ်စု ၁ ခုနှင့် မြဝတီမြို့နယ်မှ အုပ်စု ၃ စုတို့တွင် တိုးတက်ကျင်းပနိုင်ခြင်းဖြစ်သည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဘောနော်ခီးကျေးရွာအုပ်စုတွင်မူ ၂၀၁၅ ခုနှစ် က ကျင်းပခဲ့ခြင်း မရှိသကဲ့သို့ ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲရွေးကောက်ပွဲတွင်လည်း မကျင်းပနိုင်ကြောင်း ကြေညာထားသည်။
ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “ဘော်နော်ခီး ရွာမှာက ငြိမ်းချမ်းရေးအဖွဲ့ တပ်မဟာ ၁ နဲ့ ၅ က အဲဒီမှာထိုင်တယ်။ အဲဒီရွာက နယ်စပ်ရွာလို ဖြစ်နေတာ၊ သူတို့အချင်းချင်းလည်း အဆင်မပြေတဲ့ ပုံပဲလား မသိပါဘူး။ အဲဒီမှာ ထွေ/အုပ်ကလည်း အုပ်ချုပ်ရေးမှူး မခန့်ထားဘူး။ အုပ်ချုပ်ရေးမှူးမရှိရင် ကော်မရှင်က ဖွဲ့လို့ မရဘူး။ မဲစာရင်းလည်း ကောက်လို့မရဘူး။ နည်းနည်းလေး တင်းမာတဲ့ အနေ အထားရှိတယ်။ အဲဒီတော့ အဲဒီရွာကို ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးပေါ့”ဟု ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ၂၀၁၅ ခုနှစ်က ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ စုနှင့် ရွှေကျင်မြို့နယ်မှ ကျေးရွာ အုပ်စု ၂၉ တွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ် ၂၀၂၀ တွင် ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ စုနှင့် ရွှေကျင်မြို့ နယ်မှ ကျေးရွာအုပ်စု ၃၀ တွင် ကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့သည့်အတွက် မကျင်းပနိုင်သည့် နေရာအဖြစ် ရွှေကျင်မြို့နယ်မှ ကျေးရွာအုပ်စု ၁ ခု တိုးလာခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “အဲဒီကျောက်ကြီးက ကျေးရွာ ၁၂ ရွာက လူလည်းမရှိဘူး၊ ရွာလည်းမရှိဘူး၊ ရွာနာမည်တွေက နဂိုကတည်းက ပြန်တမ်းနဲ့ထွက်ထားတာကိုး။ ဒီရွာတွေ မပယ်ဖျက် မချင်းက ကျနော်တို့စာရင်းထဲ ရှိနေမှာကိုး၊ တကယ်တမ်းတော့ ရွာပျက်ပေါ့ဗျာ။ ရွှေကျင်က ၂၉ ရွာ၊ အခုရွှေကျင်က ၁ ရွာ တိုးလာတယ်။ ရဲသောင်ရွာ။ သူကတော့ အခုမှ နည်းနည်းလုံခြုံရေး အခြေအနေကြောင့်ပါ။ ဒီတခုပဲတိုးတယ်၊ ကျန်တာက အတူတူပဲ”ဟု ရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခုကဲ့သို့ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိကြောင်း ကြေညာခြင်းနှင့်ပတ်သက်၍ မည့်ကဲ့သို့ အကြောင်းအရာများကြောင့် သတ်မှတ်သည်ကို ရှင်းလင်းပေးရန် ဒေသအခြေစိုက်နိုင်ငံရေးပါတီများက လိုလားလျှက်ရှိကြသည်။
You may also like these stories:
ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ
အရောင်အသွေး ပိုစုံလာတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ
ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ