သတင်း

ပုသိမ်တွင် ပါတီများ အင်အားပြလှည့်လည်ရာ၌ ဦးဆောင်သူများကို အရေးယူမည်

ကူးစက်မြန်COVID– 19 ရောဂါ ဖြစ်ပွားမှုများကြောင့် ပုသိမ်မြို့တွင် Stay at Home ကြေညာထားသော်လည်း လူစုလူ ဝေးဖြင့် ပါတီအင်အားပြ လှည့်လည် မဲဆွယ်ခဲ့သည့်အတွက် ဦးဆောင်သူများကို အရေးယူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ပုသိမ်မြို့တွင် အောက်တိုဘာလ ၁၇ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ ၁ သောင်းခန့် မြို့ ပေါ်တွင် လှည့်လည် မဲဆွယ်ခဲ့ပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကလည်း လူအင်အား ရာနှင့်ချီ လှည့်လည်၍ မဲဆွယ်မှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လှည့်လည် မဲဆွယ်မှုမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home အမိန့်ကို ချိုးဖောက်သည့်အတွက် ပါတီ၂ ခုစလုံးမှ ဦးဆောင်လှည့်လည်သူ ၁၀ ဦးကို အရေးယူသွားရန် ပြင်ဆင်နေကြောင်း ပုသိမ် မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ပုသိမ်မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက “မနေ့ က ကျနော်တို့ တိုင်းအစိုးရ အဖွဲ့ဆီကို တင်ပြထားပါတယ်။ လူစုလူဝေးနဲ့ လှည့်လည်တဲ့ ခေါင်းဆောင်တွေကို အမည်စာ ရင်းနဲ့တကွ တင်ပြထားတာပါ။ ကျနော်တို့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ သို့မဟုတ် သဘာဝဘေး အန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ တခုခုနဲ့ အရေးယူမှာပါ။ ဒါက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကိစ္စ ဖြစ်နေတဲ့ အတွက် အခုလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကော်မတီအနေဖြင့် ယခု ဖြစ်စဉ်အပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပြီး အစိုးရအဖွဲ့က ပြန်လည် ညွှန်ကြားထားသည့် ဥပဒေပုဒ်မများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပုသိမ်မြို့တွင် NLD ပါတီ ထောက်ခံသူများမှ အင်အားပြ လှည့်လည်ရာတွင် မြို့ပေါ် ရပ်ကွက်များနှင့် မြို့အနီး ကျေးရွာများ မှ ၁ သောင်းခန့်မှာ ဆိုက်ကား၊ ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်၊ အိုးဝေ၊ မော်တော်ကားများ၊ ဆင်အက တို့ဖြင့် အုပ်စုလိုက် လှည့်လည်ကြကာ၊ ကြံ့ခိုင်ရေးပါတီမှလည်း ပုသိမ်မြို့ပေါ်နှင့် ပုသိမ်မြို့အနီး ကျေးရွာများတွင် ဆင်အက၊ ကားများ၊ ဆိုင် ကယ်များဖြင့် အပြိုင်အဆိုင် လှည့်လည်အင်အားပြ မဲဆွယ်ခဲ့ကြသည်။

ပုသိမ်မြို့ပေါ်တွင် NLD နှင့် USDP ပါတီဝင်များ လူစုလူဝေးဖြင့် အစုလိုက် လှည့်လည်နေချိန်တွင် ပုသိမ်မြို့နယ် ကိုဗစ် ထိန်းချုပ်ရေး ကော်မတီမှ ကိုဗစ်ရောဂါ ပြန့်ပွားနိုင်သဖြင့် လူစုလူဝေး မလုပ်ကြရန်၊ လူစုခွဲကြရန် လိုက်လံ တားမြစ်ခဲ့ သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ယခုလို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဦးရာဇာအေးက ဆို သည်။

ပုသိမ်မြို့မ ရဲစခန်းက ပါတီ လှည့်လည်ပွဲ ဦးဆောင်သူ ၁၀ ဦးကို ယမန်နေ့ ညပိုင်းက စခန်းသို့ ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်ဌေးက “ပြည်သူတွေ လှည့်လည်တာက ပါတီနဲ့ ပတ်သက်မှု လုံး၀ မရှိပါဘူး။ ပါတီကလည်း လုံး၀ မလုပ်ပါဘူး။ ပြည်သူတွေကိုက သူတို့ ကိုယ်တိုင်ကို ထွက်ချင်နေတာ။ ရပ်ကျေး အဖွဲ့ ဝင်တွေလည်း လှည့်လည်တဲ့အထဲ မပါဖို့ ပြောထားပြီးသားပါ။ ဘာလို့ဆိုတော့ ကိုဗစ် ကာလ၊ Stay at Home ကာလ ဖြစ် နေလို့ပါ။ ပြည်သူတွေကျတော့ သူတို့လှည့်ချင်တဲ့ ဆန္ဒ ပြင်းပြနေတဲ့အခါမှာ ဟိုအိမ်ထွက်၊ ဒီအိမ်ထွက်နဲ့ ထွက်ကြတာပါ။ တစုံတယောက်က ဦးဆောင်ပြီး လုပ်တယ် ဆိုတာမျိုးလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ကိုဗစ်ရောဂါ ကူးစက်ခံရမှုများ ဖြစ်ပွားနေသည့် ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့ကို ကျန်း မာရေးနှင့် အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းအမိန့်အရ ပြည်သူများ အပြင်မထွက်ရန်၊ အကြောင်းကိစ္စရှိ၍ အပြင်ထွက်လျှင် တအိမ်လျှင် လူတဦးသာ ထွက်ရန် တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့အခြေစိုက် မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက “လက်ရှိမှာ ကိုဗစ် ရောဂါက ပြင်း ထန်နေဆဲ အချိန်ပါ။ ကူးစက်မှုနှုန်းကလည်း အရမ်းမြန်ပါတယ်။ ရွေးကောက်ပွဲက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် မဲ ဆွယ်တဲ့ အဲဒီ လူအုပ်ကြီးကနေ ရောဂါကူးစက်ခဲ့ရင် မတွေးဝံ့စရာပါ။ ဒါကြောင့် ဘယ်လို အကြောင်းပြချက်နဲ့မှ လူစုလူဝေး မလုပ်သင့်ပါဘူး။ သက်ဆိုင်ရာ ပါတီများနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း ဒီလို မဖြစ်အောင် သေချာ ကြပ်မတ် သင့်တယ် လို့ မြင်ပါတယ်” ဟု ပြောသည်။

ပုသိမ်မြို့တွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ကူးစက်မြန် COVID – 19 ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၉ ဦး ထိရှိခဲ့ကြောင်း သိရသည်။ ယင်းလူနာများအနက် ကျန်းမာရေး ကောင်မွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရသူ ၁၅၁ ဦး ရှိခဲ့ပြီး လက်ရှိအချိန်တွင် ပုသိမ်ဆေးရုံ၌ လူနာ ၈ ဦး ကုသ မှု ခံယူနေကြောင်း ပုသိမ်ဆေးရုံကြီး၏ မှတ်တမ်းများအရ သိရသည်။

You may also like these stories:

ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင်

မြောင်းမြမြို့ NLD အင်အားပြလှည့်လည်ရာတွင် ပါဝင်သူ ၁ ဦး အမောဖောက် သေဆုံး

Loading