ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ စာရင်း ထုတ်ပြန် ချက်ကို ပြန်လည် သုံးသပ်ကာ ပြင်ဆင်ပေးရန် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီကြီး ၅ ခုက ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီကြီး ၅ ခု ဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၊ ချင်းအမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ပါတီ (CNLD)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KYSDP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့သည် ထိုအပေါ်တွင် အခြေခံကာ UEC ၏ ကြေငြာချက်ကို ပြန်သုံးသပ် ပြင်ဆင်ပေးရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
UEC ၏ အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်သည့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို ကြေညာချက်တွင် အချို့မြို့နယ်များနှင့် ကျေးရွာ အုပ်စုများမှာ တိုင်းရင်းသားပါတီများကို အမာခံထောက်ခံသည့် ဒေသများ ဖြစ်ခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသဖြင့် နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများရှိနေခြင်း ဖြစ်သည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက “ ရခိုင်မှာဆိုရင် NLD ထက် ရခိုင်ပါတီက ပိုပြီး အားသန်တယ်။ ဒါကြောင့် တမင် ဖျက်ဖို့ ဖြစ်လာတယ်လို့ ထင်တယ်။ နောက် စိုးရိမ်ချက်က ကျနော်တို့က ညွှန့်ပေါင်း အစိုးရတွေ ညီညွတ်ရေး အစိုးရတွေ ပြောနေတော့ ဒါတွေ မဖြစ်လာနိုင်အောင် လုပ်တာလားလို့ မေးခွန်းလည်း ထုတ်ချင် ပါတယ်။ ဒါကြောင့် UEC က ဒါတွေ လုပ်သလားလို့ ထင်ပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲ မကျင်းပကြောင်း ကြေငြာလိုက်သည့် နယ်မြေများ စာရင်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်သည် လက်နက် ကိုင်ပဋိပက္ခ အပြင်းထန်ဆုံးနှင့် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားနေသည့် ဒေသ ဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်၏ နယ်မြေအားလုံးနှင့် အခြားမြို့နယ် ၄ ခုအတွင်းရှိ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၁၃၇ စု ၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၇ ခု၏ နယ်မြေအားလုံးနှင့် အခြားမြို့နယ် ၁၆ ခုအတွင်းရှိ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၁၃၃ စုတို့မှာ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း UEC က ထုတ်ပြန်ကြေငြာထားသည်။
ထို့ပြင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့မှ ကျေးရွာအုပ်စု ၁၉ ၂ စု၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၆ ခုမှ ကျေးရွာအုပ်စု ၅၃ စု၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၂ ခုမှ ကျေးရွာအုပ်စု ၄၂ စု၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်မှ ကျေးရွာအုပ်စု ၁ စုတို့မှာလည်း ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေငြာထားသည်။
UEC ၏ ကြေငြာချက်တွင် ပါဝင်သည့် မြို့နယ်များနှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် လူဦးရေ ၁သန်းခွဲခန့် ရှိပြီး ၎င်းတို့မှာ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း တန်းတူ ရပိုင်ခွင့် ဖြစ်သည့် မဲပေးရမည့် အခွင့်အရေး ကို ဆုံးရှုံးရမည် ဖြစ်သည်။
လတ်တလောတွင် လက်နက်ကိုင်ပဋိပက္ခကြား လူ့အခွင့်အရေးဆုံးရှုံးများ နှင့် ရင်ဆိုင်နေရသည့် ဒေသခံများ၏ အသံကို ကိုယ်စားပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ခွင့် မရှိတော့သည့်အပေါ်တွင်လည်း ဝေဖန်မှုများ ရှိနေသည်။
KSPP ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက မျိုးဆက်သစ် လူငယ်များအတွက် ဥပဒေလမ်းကြောင်းအတွင်းရှိ လွှတ်တော် နိုင်ငံရေးမှ ပြောဆို ၍ မရတော့သည့် အခြေအနေတွင် လွှတ်တော်ပြင်ပ လမ်းကြောင်းကို ပိုအားသန်သွားမည့် အခြေ အနေများကိုလည်း ကြိုတင် ခန့်မှန်းမိသည်ဟု ပြောပြီး “အကြမ်းဖက်မှုတွေ အကုန်ဖြစ်လာနိုင်ပါတယ်။ စစ်ပွဲတွေ ပိုဖြစ်လာ နိုင်ပါတယ်”ဟု လည်း သုံးသပ်သည်။
ချင်းအမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ပါတီ (CNLD) အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်ကလည်း “ရွေးကောက်ပွဲ အခင်းအကျင်းကနေ ကျနော်တို့ အခွင့်အရေးတွေ လွှတ်တော်တွင်းမှာ တောင်းဆိုတယ်။ ဒီလမ်းကြောင်း ကို အသုံးပြုတာကို ဒီလမ်းကြောင်းကြီးက ကျနော်တို့ တိုင်းရင်းသားအခွင့်အရေးအတွက် မျှော်လင့်ချက် မရှိတော့ ဘူးဆိုရင် ကျနော်တို့ရဲ့ တခုတည်းသော မဖြစ်မနေ လုပ်ရမယ့် လမ်းကြောင်းက လက်နက်ကိုင်နိုင်ငံရေးလမ်းကြောင်း ဖြစ်သွားပါပြီ။ ဒါက ၁၉၆၀ ဝန်းကျင်ကို ကြည့်လိုက်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်လို ပေါ်ထွက်လာလဲ ဆိုတာကို ကြည့်လိုက်ပါ”ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများအနေဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးပြီး နောက် ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် လက်နက် ကိုင်ရခြင်းက ဝန်ကြီးချုပ် ဦးနု၏ ရွေးကောက်ပွဲ နိုင်ငံရေးမှသည် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူမျိုးများ၏ မျှော်လင့်ချက်များ ပျောက်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆလိုင်းကျဲအိုဘိထောင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “အခုလည်း ကျနော်တို့ ၁၀ နှစ်ကျော်လာပြီဆိုတော့ အများကြီး သုံးသပ်ရပါမယ်။ ရခိုင်မှာ ၂၀၁၀ ၊ ၂၀၁၅ သူတို့ အနိုင်ရတယ်။ အနိုင်ရပေမယ့် သူတို့ပြည်နယ်မှာ အစိုးရဖွဲ့ခွင့် မရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲ နိုင်ငံရေး ကို စိတ်ကုန်သွားတဲ့ လူငယ်တွေ အများကြီးပဲ။ ရွေးကောက်ပွဲပြင်ပနိုင်ငံရေးကို မဖြစ်စေချင်ဘူးဆိုရင် ရွေးကောက်ပွဲကို တိုင်းရင်းသားတွေ မျှော်လင့်စရာဖြစ်သွားအောင် သူတို့ ဖန်တီးရမယ်”ဟု ထောက်ပြသည်။
ရွေးကောက်ပွဲ အခင်းအကျင်းက စိတ်ပျက်စရာ ဖြစ်နေသဖြင့် တိုင်းရင်းသားလူမျိုးများက အနာဂတ် ရွေးကောက်ပွဲများတွင် ဆက်လက် မပါဝင်ချင်တော့ဘဲ ရွေးကောက်ပွဲပြင်ပ နိုင်ငံရေးလမ်းကို ရွေးချယ်သည့် အချိန်မှ ဒီမိုကရေစီ မလိုလားသူများ၊ အမြင်ကျဉ်းသူများအဖြစ် အပြစ်မဖို့ဘဲ လက်ရှိကာလတွင် ဒိုင်လူကြီးဖြစ်သည့် UEC က တရားမျှတမှု ရှိရေး အတွက် ပြန်လည်သုံးသပ်ပေးစေလိုသည်ဟုလည်း ၎င်းက ဆိုသည်။
ပါတီ ၅ ခု၏ ထုတ်ပြန်ချက်တွင်လည်း နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိပြီး လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့် ရရှိ စေသည့် နည်းလမ်း၊ နိုင်ငံရေးဘောင်ကို ချဲ့ရန် လိုအပ်နေသည့် အခြေအနေတွင် UEC က ရွေးကောက်ပွဲ မကျင်းပ နိုင်သည့် နယ်မြေများကို ကြေငြာလိုက်ခြင်းက ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရှိသည့် နယ်မြေများမှ တိုင်းရင်းသားများကို လွှတ်တော်ပြင်ပနိုင်ငေံရး နည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာလည်း ရောက်ပါသည်ဟု ရေးသားထားသည်။
ထို့ပြင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက အားကောင်းလာပြီး ရွေးကောက်ပွဲတွင် ပြည်နယ်အသီးသီး၌ အနိုင်ရပါက ဗဟိုအစိုးရဖွဲ့စည်းရေးတွင် တိုင်းရင်းသားပါတီကလည်း အရေးပါလာမည် ဖြစ်သဖြင့် NLD က ၎င်းတို့ တပါတီတည်းသာ အစိုးရပြန်ဖွဲ့နိုင်ရေးအတွက် ရည်ရွယ်ပြီး တိုင်းရင်းသားပါတီများ အားကောင်းသည့် မဲဆန္ဒနယ်များကို UEC နှင့် လက်ဝါးရိုက်ကာ ပယ်ဖျက်ခြင်း ဖြစ်သည်ဟုလည်း အဆိုပါ ပါတီ ၅ ခုမှ ပြောရေးဆိုခွင့်ရှိသူများက ဝေဖန်နေကြသည်။
UEC အနေဖြင့် သမာသမတ်ကျပြီး ဂုဏ်သိက္ခာ ရှိသည့် ကော်မရှင်ဖြစ်ကြောင်း သက်သေပြရန် ရွေးကောက်ပွဲ မကျင်းပ ဖြစ်သည့် နယ်မြေများ ထုတ်ပြန်ချက်ကို ပြန်သုံးသပ်ကာ ကော်မရှင်တာဝန်ရှိသူများက အများပြည်သူကို ထွက်ရှင်း ရန် လိုအပ်သည်ဟုလည်း ပါတီ ၅ ခုမှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
ကရင်ပြည်နယ်အခြေစိုက် KNDP ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကလည်း UEC ၏ ထုတ်ပြန်ချက်မှာ ကရင်ပြည်နယ်အတွင်း ထိခိုက်မှု မရှိသော်လည်း ရခိုင်နှင့် ရှမ်းတို့တွင် ထိခိုက်နစ်နာမှုရှိသဖြင့် ၎င်းတို့နှင့် တသားတည်း ရပ်တည်မည်ဟု ပြော သည်။
တဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြင့်ဆုံး ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ကို ရွေးကောက်ပွဲ မကျင်းပသည့် နယ်မြေထဲတွင် မထည့်သွင်းခြင်းမှာလည်း ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကို အစိုးရက အရေးစိုက် ၊ မစိုက် အပေါ် မေးခွန်းထုတ်စရာ ဖြစ်ပါသည်ဟု ဦးမန်းအောင်ပြည်စိုးက ပြောသည်။
ဦးမန်းအောင်ပြည်စိုးက “တိုင်းရင်းသားနေရာတွေမှာကျ ပိတ်တယ်။ ရန်ကုန်မှာကျ Semi Lockdown ဖြစ်နေတဲ့ နေရာမှာ ရော ရွေးကောက်ပွဲ မပိတ်ဘူးလား။ ဒီအပေါ် UEC အနေနဲ့ သေချာ သုံးသပ်ဆွေးနွေးပြီး ရွေးကောက်ပွဲကို ဘယ်လိုလုပ် သင့်သလဲ ဆိုတာကိုတော့ အကြံပေးချင်တယ်။ တိုက်တွန်းချင်တယ်”ဟု ဆိုသည်။
UEC အနေဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ စာရင်း ထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ပေးရန် တိုက် တွန်း သည့် ပါတီ ၅ ခုသည် ယခင်က ပြည်နယ်အDPခြေစိုက်သည့် တိုင်းရင်းသားပါတီငယ်များကို စုစည်းပြီး ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြန်လည်ဖွဲ့စည်းထားသည့် ပြည်နယ်အခြေစိုက် ပါတီကြီးများ ဖြစ် သည်။
လက်ရှိတွင် UEC အပေါ် ဝေဖန်မှုများမှာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအပြင် နိုင်ငံရေးအသိုင်းအဝိုင်းမှ အတတ်ပညာရှင်များ၊ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများနှင့် နိုင်ငံရေး၊တိုင်းရင်းသားအရေး လေ့လာသုံးသပ် နေသူများကလည်း ဝေဖန်မှုများရှိနေသည်။
ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှ တာဝန်ရှိသူများက ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ သတ်မှတ်ချက်ကို လုံခြုံမှု မရှိသည့် အပေါ်တွင်လည်း ထည့်သွင်းစဉ်းစားသည်ဟု ပြောဆိုထားရာ UEC၏ ကြေငြာချက်ပါ နယ်မြေအချို့မှာ တိုက်ပွဲလည်း မရှိ၊ အများပြည်သူလည်း သွားလာနေထိုင်နေသည့် နယ်မြေများကို ချန်လှပ်ထားခြင်းက မဖြစ်သင့် ကြောင်းကို လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အင်စတီကျူ့ (MIPS) ၏ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ထောက်ပြ သည်။
MIPS သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများကိုလည်း နေ့စဉ် ပြုစု နေသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းထက် တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ပိုများသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ နယ်ကို ရွေးကောက်ပွဲ မကျင်းပသည့် နယ်မြေအတွင်း မထည့်သွင်းခြင်းကလည်း UEC အပေါ် ယုံကြည်မှုပိုင်း ဆိုင်ရာတွင် ထိခိုက်စေနိုင်သည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောဆိုထားသည်။
You may also like these stories:
ပုသိမ်တွင် ပါတီများ အင်အားပြလှည့်လည်ရာ၌ ဦးဆောင်သူများကို အရေးယူမည်
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေး ရင်လေးဖွယ်
လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ