ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေ ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာ ၁ ဦး သည် အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
အသက် ၂၀ အရွယ် မူလတန်းပြ ကျောင်းဆရာ ကိုမျိုးဆက်နိုင်ဦးသည် ရွာအနီးရှိ လယ်ကွင်းတွင် နွားရေတိုက်ရန် သွားရောက်စဉ် လက်နက်ကြီး ကျည်ဆန်ထိမှန်ခဲ့ကာ ဝဲဘက် မျက်လုံး ဖောက်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့်အတွက် ရသေ့တောင် ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ စက်လှေဖြင့် ပို့ဆောင်စဉ် မွန်းလွဲ ၂ နာရီ ဝန်းကျင် အချိန်၌ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရသေ့တောင်ဒေသခံ ကျောင်းဆရာတဦးက “သူက ကျောင်းပိတ်ထားတယ်ဆိုတော့ မိဘ ကူတဲ့အနေနဲ့ ရွာအနီးမှာ နွားကျောင်းရင်း၊ နွားတွေကို ရေသွားတိုက်တဲ့အခါမှာ လက်နက်ကြီးလာကျတာ။ ဒဏ်ရာက တော်တော်ပြင်းတော့ စစ်တွေဆေးရုံကို သယ်လာတဲ့အချိန် လမ်းမှာပဲ ဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ သေဆုံးသွားသူ ကျောင်းဆရာ ကိုမျိုးဆက်နိုင်ဦး၏ ရုပ်အလောင်းကို ရသေ့တောင်မြို့သို့ ယူဆောင်ကာ မနက်ဖြန် ဂူသွင်း သဂြိုလ်မည် ဖြစ်ကြောင်းလည်း သိရသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ကျနော်ကို ရွာသားတွေ ပြောပြ တာကတော့ တိုက်ပွဲလည်း မရှိဘူး။ လက်နက်ကြီးက ရသေ့တောင်တပ်ရင်းက ပစ်တာလို့ ပြောတယ်။ လက်နက်ကြီးမှန်တဲ့ ကျောင်းဆရာ ကတော့ မျက်လုံးဖောက်ထွက်ပြီးတော့ ဦးနှောက်ထိသွားပြီးတော့ လမ်းမှာ ဆုံးသွားရှာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဆက်သွယ် ခဲ့ရာ ယနေ့ အဆိုပါ ရသေ့တောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခြင်းများ မရှိသလို မည်သည့် လက်နက်ကြီး ပစ်ခတ်မှုမှ လည်း မရှိကြောင်း ပြောသည်။
သေဆုံးသွားသူ ကျောင်းဆရာ ကိုမျိုးဆက်နိုင်သည် ကျောက်ဖြူ ပညာရေး ကောလိပ် ကျောင်းဆင်းတဦးဖြစ်ပြီး ၎င်းသေဆုံးရခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ မိသားစုနှင့်အတူ ဝမ်းနည်းကြောင်းနှင့် တပ်မတော်၏ လုပ်ရပ်များကို အားပေး အားမြှောက်လုပ်နေသော အစိုးရအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကျောင်းသားသမဂ္ဂ ဖေ့စ်ဘုတ်စာမျက်နှာမှ ထုတ်ပြန်ထားသည်။
ယခုလ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ပြာပင်းရင်းကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ရွာသား ၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့် အသက် ၅၇ နှစ် ကျော်အရွယ် ဦးဘရွှေမှာ ရသေ့တောင် ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုခံယူနေစဉ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
ယင်းအပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်အတွင်း လက်နက်ကြီးကျ၍ ကံပြင်ကျေးရွာသား ၁ ဦးနှင့် ပြင်ဝန်းကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို အောက်တိုဘာလ ၅ ရက်နေ့လည်း စဖိုကျွန်း ကံပြင် ကျေးရွာ စစ်ဘေးရှောင်စခန်းအတွင်း လက်နက်ကြီးကျ၍ အသက် ၇၃ နှစ်အရွယ် ဦးသင်္ကြန်အောင်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်။
အဆိုပါ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာအနီးရှိ တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အောက်တိုဘာလ ၁၃ ရက်နေ့ ကလည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ တပ်မတော်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် စစ်သည်များ ကျဆုံးမှု ရှိကြောင်းလည်း သိရသည်။
အလားတူ အောက်တိုဘာလ ၃ ရက်နေ့မှနေ ၅ ရက်နေ့အထိလည်း အဆိုပါ အောင်သာစည်ကျေးရွာအနီးရှိ AA စိုးမိုးရေး တောင်ကုန်းအား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိကြောင်း နှစ်ဖက်လုံး က ထုတ်ပြန်ထားသည်။
ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ် တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင်အရေအတွက် ၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး (REC) က အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
You may also like these stories:
ရခိုင်၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်များ မထုတ်ပြန်သေးခြင်း ကိုယ်စားလှယ်လောင်းများ ဝေဖန်
တောင်ကုတ်ကိုယ်စားလှယ်လောင်းများ အဖမ်းခံရမှုအပေါ် အမြင်များ
ဖက်ဒရယ် အောင်မြင်ရေး ဆက်ကြိုးပမ်းမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ကတိပြု