အစိုးရ သတ်မှတ်ထားသော အခြေခံ ရည်ညွှန်းဈေးဖြင့် နိုဝင်ဘာလမှစ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင် ပြည်နယ်တို့တွင် စပါးများ စတင် ဝယ်ယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
“တိုင်းနဲ့ ပြည်နယ်တွေ ဝယ်ယူမယ့် ပမာဏအလိုက် တင်ပြထားတာ ရှိတယ်။ ဒီအတိုင်း ကျနော်တို့က ဝယ်ယူမယ်။ နိုင်ငံ တော်ကနေ စပါးဝယ်ဖို့ ကျပ် ဘီလီယံ၂၀ တောင်းထားတယ်။ ဒါကို မူတည်ပြီးမှ စပါးဝယ်ယူသွားမှာ။ အခု စပါးဈေးက အောက်ကျတဲ့ အနေအထား မရှိသေးပေမယ့် စပါးတွေ အများကြီး ထွက်လာလို့ ဈေးကျမယ်ဆိုရင် ဝယ်လို့ရအောင် ကြိုပြီး ဆောင်ရွက်တာ ဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ အစိုးရ သတ်မှတ်ဈေးနှင့် စပါးဝယ်ယူရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ၊ စက်ပိုင်များကို နိုင်ငံပိုင် သတင်းစာမှ တဆင့် တင်ဒါခေါ်ယူထားပြီး ယခု အောက်တိုဘာလကုန်တွင် တင်ဒါ အောင်မြင်မည့် ကုမ္ပဏီကို ရွေးချယ်ကာ စပါးဝယ်ယူ ရေး အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် ၁ တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံ ရည်ညွှန်းဈေးနှုန်းကို ကျပ်ငွေ ၅ သိန်း ၂ သောင်း အဖြစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေး ဦးဆောင်အဖွဲ့က သတ်မှတ်ထား သည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်တွင် ကျပ် ၁၅ ဘီလီယံ ထုတ်ယူပြီး တိုင်းဒေသကြီး ၃ ခုတွင် ဝယ်ယူခဲ့သော်လည်း အမှန်တကယ် ကျပ် ၇ ဘီလီယံကျော်သာ ဝယ်ယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သိရသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ် ပါလာသည့်အတွက် ကျပ် ၂၀ ဘီလီယံ အသုံးပြုပြီး ဝယ်ယူရန် နိုင်ငံတော်သို့ တင်ပြထားသည် ဟု ဆိုသည်။
ယခုနှစ်တွင် အစိုးရ၏ ဘတ်ဂျက် လျာထားချက်နှင့် တိုင်းဒေသကြီး ၃ ခုနှင့် ရခိုင်ပြည်နယ်တို့တွင် စပါးတင်းပေါင်း ၃၈ သိန်းခန့် ဝယ်ယူရန် မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
“ကျပ် ဘီလီယံ၂၀ သတ်မှတ်ထားပေမယ့် အခြေခံ ဈေးအောက်မရောက်ဘူးဆိုရင် အကုန်လုံး ဝယ်စရာ မလိုဘူး။ အခြေခံ ဈေးအောက် ရောက်ရင်တော့ အကုန်လုံး ဝယ်မှာပါ။ အဓိကတော့ ကောက်စောပေါ်ရင် စပါးဈေး ကျတတ်တာကြောင့် အရင်နှစ်တွေထက် ပိုပြီး စောဝယ်နိုင်အောင် စီမံတာပါ။ ဧရာဝတီတိုင်း တခုထဲတင် စပါးတင်းပေါင်း ၉ သိန်း ၇ သောင်း ဝယ်ဖို့ လျာထားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ စပါးများသည် ၅၀ ရာခိုင်နှုန်းခန့် ဝင်းမှည့်သည့် အနေအထားရှိနေပြီး နောက်ထပ် ဆယ့်လေးငါးရက် ဆိုလျှင် ရိတ်သိမ်းကာ လှိုင်လှိုင်ပေါ်မည့် အခြေအနေ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “အခု စပါးတွေက ရိတ်နေကြပြီ။ အောက်တိုဘာလ ကုန်လောက်ဆိုရင်ပဲ ဆင်းသုခ၊ ရက်ကိုးဆယ်၊ ရတနာတိုး စတဲ့ သက်ရင့် စပါးတွေက တော်တော်ကြီးကို ကုန်သလောက် ဖြစ်သွားမှာ။ ဒါကြောင့် ကျနော်တို့ အနေနဲ့ အစိုးရ စပါးဝယ်ယူရေးကို မြန်မြန် လုပ်ပေးစေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဝယ်မယ့် နေရာမှာလည်း အခုက မိုးနဲ့ ဆိုတော့ အခြောက်ခံဖို့ နေလှန်းဖို့ တောင်သူမှာ အဆောက် အအုံ၊ စက်မရှိတဲ့အတွက် အခြောက်ခံစက်ရှိတဲ့ ကုန်သည်ကိုပဲ တိုက်ရိုက် ထိုးရောင်းရတာ ဖြစ်တဲ့အတွက် စပါးတင်း ၁ ရာ ကို ကျပ် ၄ သိန်း ၈ သောင်းနဲ့ ကျပ် ၅ သိန်း ဈေးလောက်နဲ့ ရောင်းနေရတယ်။ မြို့နဲ့ဝေးပြီး သယ်ယူပို့ဆောင်ရေးခက်တဲ့ နေရာတွေမှာဆိုရင် ကျပ် ၄ သိန်း ၅ သောင်းလောက်နဲ့ ပဲ ရောင်းနေရတယ်”ဟု လက်ရှိ စပါးဈေးကွက် အခြေအနေကို ရှင်း ပြသည်။
လက်ရှိ တောင်သူ ရောင်းချနေသော စပါး၏ အစိုဓာတ်မှာ အဆ ၂၀ ရှိနေပြီး ရာသီဥတု အခြေအနေအရ ရှိသေးသဖြင့် အစိုးရ ဝယ်ယူပေးမည် ဆိုပါကလည်း မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဦးသိန်းအောင် က ပြောသည်။
သို့တည်းမဟုတ် အချိန်ဆွဲကာ တိုင်ပင်ရခြင်း၊ ငွေချပေးသည့် ကာလ စောင့်မျှော်ရခြင်းများ လုပ်ဆောင်နေမည်ဆိုလျှင် ယခင်နှစ်များသို့ပင် တောင်သူ စပါးပေါ်ချိန်၊ တောင်သူလက်ထဲ စပါးရှိချိန်တွင် အစိုးရ ဝယ်ယူပေးခြင်း မဟုတ်ဘဲ ကုန် သည်၊ စက်ပိုင်များ လက်ထဲက စပါးကိုသာ ဝယ်ပေးသည့် သဘော ဖြစ်သွားမည်ဟု လယ်သမားများက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေး ကျဆင်းခဲ့ခြင်းကြောင့် အစိုးရ စပါး ဝယ်ယူခဲ့သော်လည်း ဝယ်ယူချိန်သည် နောက်ကျသဖြင့် လယ်သမား အများစု အခက်အခဲများ တွေ့ခဲ့ရသည်။
တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “ဒီနှစ်ကတော့ သူတို့ ဝယ်မယ်ပြောတာ လအားဖြင့်တော့ နည်း နည်း စောတယ်။ ဒါပေမယ့် အခြေအနေအရတော့ အခုထိတောင် အကောင်အထည် မဖော်နိုင်အောင် မရှိသေးရင် နည်း နည်း နောက်ကျတယ်လို့ ပြောရတယ်” ဟု သုံးသပ် ပြောဆိုသည်။
ဆန်စက်ပိုင်ရှင်များကို တောင်သူများထံမှ အခြေခံ ဈေးဖြင့် စပါးဝယ်ပေးနိုင်ရန် အစိုးရက တင်ဒါများချပေးမည် ဖြစ်ပြီး ဆန် စက်ပိုင်ရှင်များက ဆန်အဖြစ်ကြိတ်ခွဲပြီးလျှင် အစိုးရထံ ပြန်လည် ပေးသွင်းရမည် ဖြစ်သည်။
You may also like these stories:
ရန်ကုန် တောင်သူဈေးကား အစီအစဉ် ပြန်လည် စတင်မည်
မြဝတီ- မဲဆောက် ကုန်သွယ်ရေး ထိုင်းဘက်မှ ယာယီရပ်ဆိုင်းလိုက်