ရခိုင်ပြည်နယ် အတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်းအေးချမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အဟန့်အတားများ ကြုံတွေ့ နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယနေ့ ပြုလုပ်သော ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။
UEHRD ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့အနေနဲ့ ရခိုင်ပြည်နယ် တည် ငြိမ်ဖွံ့ဖြိုးရေးတွေကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလတွေ အတောအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးမြှင့်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာနဲ့တဝန်း ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ ဒုတိယ လှိုင်းလို့ သတ်မှတ်ရမယ့် တိုက်ခိုက်မှုဒဏ်ကိုလည်း ရခိုင်ပြည်နယ် အပါအဝင် ကျမတို့ တွေ့ကြုံနေရပါတယ်” ဟု ပြော သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများကို နိုင်ငံသူ/သားများ၊ ပြည်ထောင်စု သားသမီးများ အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြေရှင်းနိုင်မည်ဆိုပါက နောင်လာနောက်သားများအတွက် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ကို ထားခဲ့ နိုင်မည်ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
UEHRD ကော်မတီကို ၂၀၁၇ က ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုမှ စတင်ခဲ့သည့် ဖြစ်စဉ် များကြောင့် တဖက်နိုင်ငံသို့ ထွက်ခွာသွားကြသူများအား စနစ်တကျ ပြန်လည်လက်ခံရန်၊ ပြည်တွင်းရှိ ကျန်ရှိနေသူများ အတွက် ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးကိစ္စများ၊ ရေရှည်ပဋိပက္ခများ ကင်းဝေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၇ အောက်တိုဘာ ၁၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖွဲ့စည်းပြီးချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် များ စတင်နိုင်ရန် ပြန်လည်လက်ခံရေးစခန်း ၂ ခု၊ ယာယီကြားစခန်း ၁ ခု တည်ဆောက်ရေးကို ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ သတ်မှတ်ထားသည့်အချိန် ၂ လကျော်၊ ၃ လအတွင်း ပြန်လည်လက်ခံရေး လုပ်ငန်းများ အတွက် အဆင်သင့်ဖြစ်စေခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ် ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ကျမတို့ရဲ့ ဆောင်ရွက်မှုတွေအပေါ် အပြုသဘော ကြည့်မြင်ပြီး ဝိုင်းဝန်း ကူညီကြတာတွေရှိသလို လိုအပ်ချက်တွေ အားနည်းချက်တွေကိုပဲ ထောက်ပြ ဝေဖန်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတွေအထိ ရောက်အောင် တွန်းပို့ကြတဲ့ ပြည်တွင်း/ပြည်ပ အသိုက်အဝန်းတွေကလည်း ရှိနေတာဖြစ်တဲ့ အတွက် သတိကြီးကြီးထားပြီးဆောင်ရွက်ကြဖို့ ရှိနေတယ် ဆိုတာကိုလည်း သတိပေးချင်ပါတယ်” ဟု ဆိုသည်။
ထို့အတူ “ကျမတို့အနေနဲ့ကတော့ ရခိုင်ပြည်နယ် အပါအဝင် ကျမတို့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာ ‘မည်သူမျှ မကျန်ရစ်စေရ’ ဆိုတဲ့ မူကို လက်ကိုင်ပြုလို့ ဆောင်ရွက်နေတယ်ဆိုတာ ထပ်လောင်းအသိပေး ပြောကြားလိုပါတယ်” ဟု ရှင်းပြသွားသည်။
ဆက်လက်၍ ၎င်းက တဖက်၌လည်း ပြည်နယ်အတွင်းက အကူအညီ လိုနေသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှုများ၊ ပြန်လည်နေရာချထားရေးအတွက် နေအိမ်များတည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူ ပေးရေးဆိုင်ရာ လုပ်ငန်းများ အတိုင်းအတာ တခုထိ အကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ခဲ့သူများကိုလည်း ချီးမွမ်းဂုဏ်ပြုသွားသည်။
သို့သော် Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက UEHRD ကော်မတီ၏ ရည်ရွယ်ချက်များ ကောင်း မွန်သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာ၌မူ အောင်မြင်သည်ဟု ပြော၍မရကြောင်း သုံးသပ်သည်။
ယနေ့အချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးလုပ်ငန်း မစ နိုင်သေးခြင်း၊ ကျန်ရှိနေသူများ၏ အသက်အိုးအိမ် စည်းစိမ်များကို လုံခြုံနိုင်သည့် တရားဥပဒေ စိုးမိုးရေး မဖန်တီးပေးနိုင်ဘဲ တိုက်ပွဲများဆက်ဖြစ်နေပြီး တိုက်ပွဲနှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေခြင်းတို့ကို ၎င်းက ထောက်ပြသည်။
ဦးအောင်မျိုးမင်းက “အကောင်အထည်ဖော်မှု အပိုင်းလည်း အားမရဘူး။ ပြည်သူလူထုကလည်း ဒီရဲ့အသီးအပွင့်ကို ခံစားဖို့ အတွက်လည်း စိတ်ကျေနပ်စရာ မရှိပါဘူး။ ဒီနေရာမှာ တချို့က ဒေသအတွင်းမှာ နယ်မြေမလုံခြုံဘူးလို့၊ စစ်ပွဲတွေ ဖြစ်နေ လို့ ဆိုတဲ့အရာကို ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။ ဒါပေမယ့် စစ်ပွဲတွေကြောင့် မလုံခြုံဘူးဆိုရင် စစ်ပွဲတွေကို ဘယ်လိုမျိုး တားနိုင်မလဲ ဒါကို ဦးစားပေး လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။
UEHRD ကော်မတီက မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွားသူများအား နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်ဝင်ရောက်လာရန် စီမံဆောင်ရွက်ထားသော်လည်း တဦးတယောက်မှ ပြန်ဝင်ရောက်လာမှု မရှိသေးသလို မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့် အချိန်ကစ၍ မောင်တောနယ်စပ်ကို ပိတ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားသည်။
You may also like these stories:
ရခိုင်ပြည်နယ် ကိုဗစ် ကူးစက်မှု ထိန်းချုပ်နိုင်ပြီလား
ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရဘူးဟု ဒေါ်အောင်ဆန်းစုကြည် အာမခံ