စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် အစိုးရညွှန်ကြားချက် မရရှိဘဲ အဝင်/အထွက် ကတ်များနှင့် အသွားအလာ ကန့်သတ်နေမှုအပေါ် သက်ဆိုင်ရာမှ စဉ်းစားသုံးသပ်ပေးရန် အောက်တိုဘာ ၁၈ ရက်က တင်ပြထားသည်ဟု အထက်ချင်း တွင်း လူငယ်ကွန်ရက်မှ အမှုဆောင် ဒါရိုက်တာ ဦးကျော်သက်ဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “အဓိကက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ကိုဗစ်ကာကွယ်ရေးက တရား ဝင် ထုတ်တဲ့ကတ် မဟုတ်လို့ ကန့်ကွက်တယ်။ ကျန်မားရေးဌာနက ပြောတာက Stay at Home ဒေသ မဟုတ်ရင် အသွား/အလာ ကန့်သတ်တဲ့ ကတ် မလိုပါဘူးတဲ့။ ဒါကြောင့် တရားမဝင်ထုတ်တဲ့ ကတ်တွေနဲ့ ပြည်သူလူထု သွားလာခွင့် ကန့်သတ်လိုက်တဲ့ ကိစ္စက သိပ်အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်” ဟု ပြောသည်။
ကလေးမြို့နယ်ရှိ အောင်သစ္စာ ရပ်ကွက်မှ ကိုဗစ် အတည်ပြု လူနာများသည် ခရီးသွား ရာဇဝင် မရှိခြင်း၊ Positive လူနာနှင့် ထိတွေ့မှု မရှိဘဲ မြို့နယ်အတွင်း ရောဂါကူးစက်ခံရခြင်းဖြစ်ပွားခဲ့သည်ဟု ယူဆသဖြင့် ကလေးမြို့သို့ ဝင်ရောက်လာသည့် ခရီးသည်တင် မော်တော်ယာဉ်များအား အထူးကြပ်မတ် စစ်ဆေးခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးနေသည့်ကြားမှ ပြည်သူတချို့သည် Stay at Home ဒေသမှ ပြန်လာပြီး သက်ဆိုင်ရာသို့ သတင်းမပို့ဘဲ ခိုး ဝင်လာမှုများ ရှိနေကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ တိုင်ကြားလာ သဖြင့် မြို့နယ်အတွင်း ဝင်ထွက်ခွင့် ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအလိုက် အောက်တိုဘာ ၁၅ ရက်မှ စတင် ထုတ် ပေးကာ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ဦးကျော်သက်ဝင်းက “ကတ်ပါရင် အစစ်အဆေး အမေးအမြန်း မရှိ ဝင်ထွက်လို့ ရတော့ တရားမဝင် ဝင်လာတာတွေ ရှိ လာနိုင်တယ်။ နောက် မြို့ဝင်မြို့ထွက်တွေက စစ်ဆေးမေးမြန်းတာတွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ ဒါကြောင့် ဒီကတ်တွေ ဖျက်သိမ်းပေးဖို့ မနေ့က တင်ပြခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။
ကလေးမြို့ ဒေသခံ ဒေါ်ယမုံဝေ က ကတ်ပါမှ သွားလို့ရမည် ဆိုသည့် အမိန့်ကို ရုတ်တရက် ထုတ်ပြန်လိုက်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ရုံးတွင် သွားလာခွင့် ကတ်လုပ်ရာ၌ လူများပြားသဖြင့် စောင့် ဆိုင်းယူရသည့်အတွက် အလုပ်ပိုရှုပ်စေသည်ဟု ထောက်ပြ ပြောဆိုသည်။
ကလေးမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာမည့် ပြည်သူများအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် ဝင်ထွက်ခွင့် ကတ်ပြား ပါ မပါ စစ်ဆေးရာ၌ ကြည်ဖြူစွာ ခံယူပေးရန်နှင့်၊ စစ်ဆေးမှုကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုရှိပါက Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများထံ အချိန်နှင့်တပြေးညီ အကြောင်းကြားနိုင်ကြောင်း အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ထားသည်။
ကလေးမြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ တဦးလည်း ဖြစ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်းက “လူနာတွေ ရှိနေပြီး ခိုးဝင်လာတာတွေ ရှိလို့ အဝင်အထွက်တွေမှာ မြို့သူမြို့ သားတွေကို စိစစ်လိုတဲ့အတွက် ဒီလိုကတ် လုပ်ပေးရတာပါ။ အဓိကက ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် တင်းကျပ်စွာ ဆောင်ရွက်တဲ့သဘောပါ။ တကယ်လို့ ပြည်သူလူထုက ဒီလို ကတ်စနစ်ကို မကြိုက်ဘူး၊ ဂိတ်တွေ ဖွင့်တာ မကြိုက်ဘူး ဆိုရင် ကျနော်တို့ အကုန်ဖြုတ်ပေးမှာပါ” ဟု ပြောသည်။
ဒေသခံများ အနေဖြင့် ကိုဗစ်ကာလတွင် အိမ်တွင်း နေထိုင်မှုများခြင်းကြောင့် စိတ်မွန်းကြပ်မှု ပြဿနာရှိသည့်အတွက် ကလေးမြို့နှင့် ၄ မိုင်ခန့် ဝေးသည့် ကလေးဝ သွားရာလမ်းဘေးရှိ အရိပ်ရ အပင်ကြီးများတွင် သွားရောက် အပန်းဖြေ ကြသည်ဟု သိရသည်။
ကလေးမြို့ဒေသခံ တဦးဖြစ်သည့် ဦးသန့်စင်လင်းက “ဒီကတ်စနစ် လုပ်လိုက်တာ ရည်ရွယ်ချက် ကောင်းတယ်။ ဒါပေမယ့် လူဦးရေ ၄ သိန်းလောက်ကို မကြေညာဘဲနဲ့ ကောက်လုပ်လိုက်တော့ အကုန်လုံး ကသိကအောက် ဖြစ်မှာပေါ့။ အဲဒီတော့ စိတ်မွန်းကြပ်တဲ့သူတွေက ကန့်လန့်တိုက်ရင် ပြဿနာတွေ ဖြစ်လာမှာ စိုးရတယ်” ဟု ပြောသည်။
ထ့ိုပြင် ၎င်းက ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဘောင်ကျော်ပြုလုပ်ခြင်းက သဘာဝ မကျကြောင်း၊ မြို့ နယ် ကျန်းမာရေး အခြေအနေအရ ရံဖန်ရံခါ ဘောင်ကျော်ပြုလုပ်ခြင်း ရှိနိုင်သော်လည်း ယခုကိစ္စတွင် လက်တွေ့ ကြုံသူ များ၏ အသံကို နားထောင်ပြီး ဥပဒေကို အတိုးအလျှော့ လုပ်ပေးသင့်သည်ဟု အကြံပြုသည်။
ရန်ကုန်မြို့ရှိ စက်ရုံများတွင် အလုပ်လုပ်နေကြသည့် ကလေးမြို့ဒေသခံ တချို့သည် ကိုဗစ်ကာလ နေရပ်ပြန်ရန် ခက်ခဲ သဖြင့် ရန်ကုန်မှ ကလေးမြို့အဝင်အထိ ကားတစီးကို ၈ သိန်းဖြင့် စုငှားကာ နေရပ်ပြန်ကြကြောင်း၊ ၎င်းတို့သည် ကလေး မြို့မှနေရပ်သို့ ပြန်ရာတွင် သက်ဆိုင်ရာသို့ သတင်းမပို့၊ Quarantine မဝင်ဘဲ ခိုးဝင် နေထိုင်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကလေးမြို့ ကိုဗစ်ကော်မတီက မြို့နယ်အတွင်းသို့ အဓိက ဝင်/ထွက်ရာ လမ်းမနေရာများဖြစ်သည့် သာစည် ကျေးရွာအနီးနှင့် ဖောင်ကူး ကျေးရွာအနီး၌ စစ်ဆေးရေးဂိတ်များအား အောက်တိုဘာ ၁၅ ရက်မှ စတင် တိုးချဲ့ဖွင့်လှစ်ပြီး ခရီးသွား မော်တော်ယာဉ်များ သာမက အိမ်စီးကားများ၊ ဆိုင်ကယ်များနှင့် လူပုဂ္ဂိုလ်တဦးချင်းကိုပါ အထူးကြပ်မတ် စစ် ဆေးပေးလျက် ရှိသည်ဟု ဦးကျုံးလျန်ထန်းက ဆိုသည်။
ဦးကျော်သက်ဝင်းကလည်း “ကိုဗစ်နဲ့ ပတ်သက်ပြီး သေချာထိန်းချုပ်မယ်ဆိုရင် မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ဥပမာ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းကြား၊ ကလေးနဲ့ ချင်းပြည်နယ်ကြားတွေမှာ တရားဝင် စိစစ်ရေးဂိတ်တွေ ဖွင့်ပါ။ စစ်ဆေးပါ။ အခုက ဂိတ်တွေက မြို့လယ်ခေါင်မှာ ဖြစ်နေတဲ့အတွက် တခြားခရိုင်၊ ပြည်နယ်က လာတဲ့ လူတွေကို တားဆီးဖို့ ခက်ခဲပါတယ်။ ဒီ ကတ်တွေ ထုတ်ပေးလိုက်ခြင်းအားဖြင့် မထိရောက်ဘူးဆိုတာ ကျနော်က ထောက်ပြတာပါ” ဟု ပြောဆိုသည်။
လက်ရှိ အောက်တိုဘာ ၁၉ ရက်အထိ ကလေးမြို့နယ်တွင် ကိုဗစ် အတည်ပြုလူနာ ၂၃ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ် ကော်မတီက သိရသည်။
You may also like these stories:
ကိုဗစ်ကြောင့် ဧရာဝတီတိုင်းအတွင်းမှ အထည်ချုပ်စက်ရုံများ ၁၄ ရက် ထပ်မံပိတ်သိမ်းရ
အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်မှ တရားမဝင်သွားလာ ရောင်းဝယ်မှုများ အရေးယူမည်
နာဂဒေသတွင် မဲရုံစောင့်မည့် ဆရာ/ဆရာမများကို သီးခြားထားရှိမည်