ပြည်နယ်အစိုးရနှင့် တပ်မတော်ကို အလိုမရှိဟု ဆန္ဒထုတ်ဖော်ခဲ့သည့် ရခိုင်ပြည်ကျောင်းသား သမဂ္ဂအဖွဲ့မှ ခေါင်းဆောင် ၄ ဦးကို ယနေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် စစ်တွေမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ကာ တရားစွဲထားကြောင်း အမှုလိုက်ရှေ့နေထံမှ သိရသည်။
အမှုလိုက်ပါ ကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ သူတို့ ၄ ဦးကို ၅၀၅ (ခ) နဲ့ ရမန်ယူစရာ မလိုပဲ တရားရုံးကို တရားလိုက ဦးတိုက်လျှောက်ပြီး စွဲဆိုလိုက်တယ်။ ဒီအမှုက အာမခံပေးလို့ မရတဲ့ အတွက် တရားရုံးက ချုပ်ရမန်ပေးပြီးတော့ စစ်တွေအကျဉ်းထောင်ကို ပို့လိုက်တယ် ” ဟုပြောသည်။
တရားစွဲခံရသူ ၄ ဦးမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေး ကောလိပ်မှ အတွင်းရေးမှူး ကိုမြတ်စိုးဝင်း၊ ရန်ကုန်မှ ရခိုင်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုကောင်းခန့် တို့ ဖြစ်ကြသည်။
၎င်းတို့မှာ အောက်တိုဘာလ ၁၉ ရက်က ပြည်နယ်အစိုးရအလိုမရှိ၊ တပ်မတော်အလိုမရှိ စသည့် ဗီနိုင်းများကို ကိုင်ဆောင် ကာ စစ်တွေတွင် မြို့ပတ်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ဦးဆောင်သည့် အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည်။
အဆိုပါအမှုကို ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သော အလံ၊ ဗီနိုင်း၊ လက်ကမ်းစာရွက်စာတမ်း စသည့် သက်သေခံ ပစ္စည်း ၁၇ မျိုးနှင့် အတူ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုပြုလုပ် စွဲဆိုထားခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှေ့နေ ဦးကျော်ညွန့်မောင်ထံ မှ သိရသည်။

ကျောင်းသားများအနေဖြင့် ပြည်သူတို့၏ နစ်နာချက်များကို ဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ပြီး ဒီမိုကရေစီအစိုးရအနေဖြင့် ယခုကဲ့သို့ မလုပ်သင့်ကြောင်း ကျောင်းသားများက ပြောဆိုကြသည်။
စစ်တွေတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ ကျနော်တို့ကတော့ ပြည်သူတွေ ခံစားနေရတာကို ပြောဆိုတာ။ ပြည်သူဆိုတာလည်း အစိုးရကို ပြောဆိုဝေဖန်ပိုင်ခွင့် ရှိရမယ်။ ဒါဟာ လွတ်လပ်တဲ့ ဒီမိုကရေစီတိုင်းမှာ ရှိတာ။ အခုတက်နေတဲ့ လူထုအစိုးရ ခေါင်းဆောင်ကိုယ်တိုင်က ပြောခဲ့တာရှိတယ်။ ဒီလိုလုပ်လို့ ကျောင်းသားတွေကို ထောင်ထဲ ထည့်တယ်ဆိုတာကို ခေါင်းဆောင်ပိုင်းတွေ စဉ်းစားရမယ် ” ဟုဆိုသည်။
ယင်းသို့ ကျောင်းသားများကို တရားစွဲခြင်းနှင့် ပတ်သက်ပြီး တရားလိုဖြစ်သူ ရဲမှူးဇော်နိုင်ကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ပုဒ်မ ၅၀၅(ခ) ဆိုသည်မှာ နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တဦး တယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ သီးခြားလူစုကိုလည်းကောင်း ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလာစေသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်ပြီး မန္တလေးမြို့၌ ဆန္ဒ ပြမှုကြောင့် ဗကသအဖွဲ့ချုပ်မှ ကျောင်းသား ၂ ဦးကို ပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်။
You may also like these stories:
စစ်ပွဲ၊ ကိုဗစ်နှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ
ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်