တပ်မတော်သား၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အုန်းချိုသည် ကိုဗစ် – 19 ရောဂါဖြင့် ယနေ့ နံ နက်ပိုင်းက ရန်ကုန်မြို့ ရှိ တပ်မတော် အသည်းရောဂါ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး အုန်းချိုသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်ပြီး တပ်မတော်၏ အရန်အင်အား၊ အမျိုးသား လွှတ် တော်တွင် အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများဆိုင်ရာ ကော်မတီတွင် ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်နေသူတဦးလည်း ဖြစ်သည်။
“ဗိုလ်မှူးကြီး အုန်းချို ဆုံးတာ ဟုတ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဆုံးတယ်။ သူ့မိသားစုနဲ့ပဲ အပြင်မှာ နေ နေတာ။ ကိုဗစ် – 19 ရောဂါဖြစ်တယ်။ ဖြစ်တော့ အသည်းရောဂါဆေးရုံကြီးမှာ ကုသနေတယ်။ ကျနော်တို့ သိရသလောက် တော့ နှလုံးရောဂါအခံ ရှိပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးကြီး အုန်းချို သေဆုံးသွားသဖြင့် တပ်မတော်တွင် လက်ရှိ အချိန်အထိ ကိုဗစ် – 19 ရောဂါဖြင့် သေဆုံးသူများထဲ တွင် ရာထူးအကြီးဆုံး တပ်မတော် အရာရှိကြီးတဦး ဖြစ်လာသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က“သူက အကြံပေးတာလည်း ကောင်းတယ်။ ပျော့ပြောင်းတယ်။ ကော်မတီ လုပ်ငန်းတွေလည်း ပံ့ပိုးပေးတယ်။ အစီရင်ခံစာတွေ ရေးရင်လည်း တာဝန် အပြည့်အဝ ယူတယ်။ တက်တက် ကြွကြွလည်း ပါဝင်တယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းတယောက် အခုလို ဖြစ်ပွားတဲ့အတွက် ဝမ်းနည်းတယ်”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်သည် အမျိုးသား လွှတ်တော်၊ အ စိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများဆိုင်ရာ ကော်မတီဝင် ဖြစ်သဖြင့် ဗိုလ်မှူးကြီး အုန်းချိုနှင့် ကော်မ တီတခုတည်းတွင် အတူ အလုပ်လုပ်နေသူတဦး ဖြစ်သည်။
ဗိုလ်မှူးကြီး အုန်းချိုတွင် ဇနီးဖြစ်သူနှင့် သား၊ သမီး ၃ ဦး ကျန်ရစ်ခဲ့ပြီး ၎င်းတို့သည် ရန်ကုန်မြို့ တွင် နေထိုင်လျက်ရှိ
ကြောင်း၊ ၎င်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်တကြိမ်၊ သူရဲကောင်း မှတ်တမ်းဝင် တကြိမ် ရရှိထားသူတဦး ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၏ ကော်မတီမှတ်တမ်းတခုတွင် ဖော်ပြထားသည်။
ယခုအခါ ဗိုလ်မှူးကြီး အုန်းချို အပါအဝင် တပ်မတော်မှ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သူ ၆ ဦး ရှိလာပြီ ဖြစ်ပြီး ပြီးခဲ့သည့် လက အသက် ၆၅ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီး အငြိမ်းစား နား၊ နှာခေါင်း၊ လည်းချောင်း ပါရဂူ အမျိုးသမီးတဦးလည်း ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့သေးသည်။
တပ်မတော်သားတွေ၊ မိသားစုဝင်တွေ၊ စစ်မှုထမ်းအငြိမ်းစားများအပါအဝင် စုစုပေါင်း ၂၁၃ ဦးတွင် ကိုဗစ် – 19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု တပ်မတော်က ပြီးခဲ့သည့်လက ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မနေ့က ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် – 19 ရောဂါပိုး တွေ့ ရှိသူ ၃၇၂၀၅ ဦး၊ ပြန်လည် ကောင်းမွန်လာသူ ၁၇၅၆၈ ဦး၊ သေဆုံးသူ ၉၁၄ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကလေးမြို့ဝင်/ထွက်ကတ် ထုတ်ပေးမှု သက်ဆိုင်ရာမှ ပြန်သုံးသပ်ပေးရန် တင်ပြ
စက်ရုံများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကိုဗစ်ပိုး စစ်ဆေးမှု ဥပဒေအရ အရေးယူခံရနိုင်
ကယားပြည်နယ်၏ ပထမဆုံး ကိုဗစ်အတည်ပြုလူနာ ကျန်းမာရေး ကောင်းမွန်