ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ အနေဖြင့် နှင်းဆီပါတီ ဥက္ကဋ္ဌ အဖြစ် လျှောက်ထားချိန်တွင် စိစစ်မှု အားနည်းခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြား လိုက်သည်။
ဦးမြင့်နိုင်က “အဲဒီအချိန်ကတော့ စိစစ်မှုကောင်းကောင်း မပြုလုပ်နိုင်ပါဘူး။ ကျနော်တို့ ဒီဘက်ကလည်းပဲ ချို့ယွင်းချက်ရှိ တယ်လို့ပဲ ပြောရမှာပေါ့နော်။ လုပ်ဆောင်စရာ ရှိတာလေးတွေ အားနည်ခဲ့တယ် ပြောရမှာပေါ့။ သက်ဆိုင်ရာက စိစစ်မှုက လည်းပဲ လိုအပ်ခဲ့တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။
နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) အား ကနေဒါနိုင်ငံတွင်၂၀၀၇ ခုနှစ်က စတင်တည်ထောင်ပြီး နောက်၂၀၁၀ တွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဦးလှမြင့် ဆိုသူအား ဥက္ကဋ္ဌ တင်မြှောက်ကာ မှတ်ပုံတင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လျှောက်ထားရာတွင် အမှတ်စဉ် ၁၆ ဖြင့် ပါတီ မှတ်ပုံတင်ရရှိခဲ့ပြီးနောက်၂၀၁၄ ခုနှစ်ခန့်မှသာ ဦးကျော်မြင့် ကိုယ် တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက တာဝန်ယူထားသည်။
ဦးကျော်မြင့် အနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် တင်ပြလာစဉ် သက်ဆိုင်ရာ ဝန်ကြီးဌာနအား စိစစ်ခိုင်းခဲ့သော်လည်း နိုင်ငံခြား ရောက်နေသည့် အကြောင်းပြချက်ဖြင့် မစစ်ဆေးနိုင်ခဲ့ဘဲ ၎င်းတို့ ဖြည့်သွင်းပေးသည့် မှတ်ပုံတင်နံပါတ်ဖြင့်သာ ခွင့်ပြုခဲ့ ကြခြင်း ဖြစ်သည်။
“အမှန်တော့ ဒီဘက်ကလည်း ဆက်ပြီးလုပ်ဖို့ ကောင်းတာပေါ့။ ဒီအချိန် ရောက်ပြီလား၊ ဒီအချိန် ရောက်ပြီလား ဆိုပြီး မေး လိုက်ရင်တော့ ကောင်းတယ်။ အဲဒီလို မမေးဖြစ်လိုက်ဘူး။ နောက်ပြီးတော့ မှတ်ပုံတင်နံပါတ် ပြောပါဆိုတဲ့ အခါကျတော့၊ ကျနော်တို့က မှတ်ပုံတင် မိတ္တူတွေ၊ ဘာတွေ တင်ပြဆိုရင် ပိုကောင်းတာပေါ့။ နောင်ဆိုရင် မှတ်ပုံတင်နံပါတ် ပြောရုံနဲ့ မရ ဘူး၊ မှတ်ပုံတင် မိတ္တူတွေကို ကြည့်မယ်” ဟု ဦးမြင့်နိုင်က ပြောသည်။
ပါတီဥက္ကဋ္ဌ အဖြစ် တင်ပြစဉ်က ဦးကျော်မြင့်၏ မှတ်ပုံတင်အဖြစ် ဖြည့်သွင်းခဲ့သည့် မှတ်ပုံတင် နံပါတ်သည်လည်း ၎င်း၏ မှတ်ပုံတင် မဟုတ်ဘဲ ကွတ်ခိုင်မြို့နယ်မှ အမျိုးသားတဦး၏ မှတ်ပုံတင် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ထုတ်ဖော် ပြောထားသည်။
ယင်းပြင် ဦးကျော်မြင့် အမည်ဖြင့် ကိုင်ဆောင်ထားသည့် မှတ်ပုံတင်မှာလည်း စစ်အစိုးရ လက်ထက်က ထောက်လှမ်းရေး အဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်ပေးထားခြင်းလည်း ဖြစ်သည်။
ထောင်ပြေးတဦး ဖြစ်သည့် ဦးကျော်မြင့်သည် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တဆင့်၂၀၁၄ ခုနှစ်တွင် စတင်ဝင် ရောက် လာချိန်မှ စ၍ အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ပါတီရုံးစိုက်ကာ ဖွင့်လှစ်ခဲ့သကဲ့သို့ စီးပွားရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ချက်များတွင် ၎င်းနှင့်ဆက်နွယ်ခဲ့မှုအား အစိုးရက သီးသန့်အဖွဲ့ ဖွဲ့စည်းကာ စိစစ်လျက်ရှိသော်လည်း ၎င်းပြန်လည် ဝင်ရောက် နေထိုင်နိုင်ရန် ဆောင်ရွက်ပေးခဲ့မှုများ၊ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့မှုများ နှင့် ပတ်သက်ပြီး တစုံတရာ သီးခြား အရေးယူမှု မတွေ့ရသေးပေ။
လက်ရှိတွင် ဦးကျော်မြင့် ပိုင်ဆိုင်သည့် ငွေကြေးများမှာ တရုတ်နိုင်ငံ ရွှေလီနှင့် ကြယ်ဂေါင်မြို့ရှိ တရားမဝင်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းများမှ တရားမဝင် ရောက်ရှိလာသည့် ငွေများ ဖြစ်ကြောင်းလည်း စုံစမ်းရေးအဖွဲ့က ဖော်ထုတ်ထားသည်။
ဦးကျော်မြင့် အနေဖြင့် တရားမဝင် ငွေများ လက်ခံရယူခဲ့ခြင်းနှင့် ယင်းငွေများဖြင့် ပါတီအား ထောက်ပံ့သုံးစွဲခဲ့သည့် အတွက် နှင်းဆီပါတီအား ဖျက်သိမ်းကာ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိတော့ကြောင်း UEC က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။
ပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ရန် UEC က အစိုးရသို့ တင်ပြ ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၁၉ အရ ဖျက်သိမ်းပြီးသည့် ပါတီပိုင်ပစ္စည်းများအား အစိုးရ စီမံခန့်ခွဲ မှုအောက်သို့ အပ်နှံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
နှင်းဆီပါတီသည့်၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် တနေရာမျှ အနိုင်ရခြင်း မရှိခဲ့သော်လည်း ယခု၂၀၂၀ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပြီး အာဏာရပါတီ NLD ပြီးနောက် ဒုတိယမြောက် ကိုယ်စားလှယ်လောင်း အများဆုံး ပါတီဖြစ်သည်။
ယင်းအတွက် လာမည့် ရွေးကောက်ပွဲတွင် နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းများအား မဲပေးရန် မလိုအပ်တော့ကြောင်း နှင့် မဲပေးမည် ဆိုပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည ်ဖြစ်ကြောင်း UEC က ယနေ့ ပြောကြားခဲ့သည်။
လက်ရှိတွင် ဦးကျော်မြင့်အား စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်မှ ဖမ်းဆီးခဲ့ကာ ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့သည်။
ဦးကျော်မြင့်သည် မြန်မာကျုံယွမ် ကုမ္ပဏီအား တည်ထောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယင်းကုမ္ပဏီအား ၁၉၉၇ ခုနှစ်တွင် အစိုးရက အမည်ပျက် စာရင်းသွင်းခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ၎င်းအား ပုဒ်မ-၅(ည)၊ ပုဒ်မ-၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။
ယင်းနောက် ၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးထောင်မှ အပြင်ဆေးရုံကြီးသို့ ဆေးကုသရန် သွားရောက်ပြသစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် ချမ်းအေးသာဇံမြို့နယ် တရားရုံးတွင် ဦးကျော်မြင့် ထွက်ပြေးမှု ဖြစ်စဉ်ကြောင့် ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံရ သည့် ထောင်မှူးဟောင်း ဦးဣန္ဒြောဘာသ(ခ) ဦးအေးချမ်းတို့ အပါအဝင် ၅ ဦးကို စစ်ဆေးခဲ့ပြီး၊ ဦးကျော်မြင့်အား ပုဒ်မ-၂၂၄ ဖြင့် စွဲချက်တင်ခဲ့သည်။
အမှုနှင့် ပတ်သက်ပြီး နောက်ရုံးချိန်းအား အောက်တိုဘာ ၂၃ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး ဦးကျော်မြင့်အား စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်
You may also like these stories:
နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ