ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ် ရပ်ကွက်တွင် အောက်တိုဘာလ ၁၉ ရက် ညနေ ၄ နာရီကျော်က လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေး ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ သေဆုံးသူမှာ အသက် ၉ နှစ်အရွယ် မောင်မျိုးအောင်ဌေး ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ကလေးဖခင်ဖြစ်သူ အသက် ၄၄ နှစ် အရွယ် ဦးကျန်မြင့်နှင့် အိမ်နီးချင်းဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်ဦးသန်းယဉ်တို့ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ဓမ္မရာဇ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းထွန်း က “မနေ့က ၄ နာရီကျော်လောက်မှာ အိမ်ရှေ့ကို လာကျတာလို့ ပြောတယ်။ ကလေးကတော့ ပွဲချင်းပြီး သေတယ်။ ကလေးအဖေနဲ့ အိမ်ဘေးနားက အမျိုးသမီးတယောက်ကတော့ ဒဏ် ရာတွေ ရသွားတယ်။ အဲဒီ နှစ်ယောက်ကိုတော့ မနေ့ ကတည်းက ဆေးရုံကို ပို့ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ညနေပိုင်းက အဆိုပါ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းနှင့် လက်နက်ကြီးမှာမည်သည့် အရပ်က ပစ်သည်ဆိုသည်ကို တိတိကျကျ မသိရှိကြောင်း ဒေသခံများက ဆိုကြသည်။
မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ကျနော်လည်း ဒီနေ့ သေဆုံးသူ ကလေး မိခင်နဲ့ သွားတွေ့ ဖြစ်တယ်။ မနေ့ကတော့ အဲဒီအနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်တာမရှိဘူး။ လက်နက်ကြီးက အိမ်ရှေ့ကွင်း ပြင်မှာ လာကျတာလို့ ပြောတယ်။ ဘယ်နေရာကနေ ပစ်တယ် ဆိုတာတော့ တိတိကျကျတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ဒဏ်ရာရှိသူ ၂ ဦးမှာ မြောက်ဦး ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး သေဆုံးသူ မောင်မျိုးအောင်ဌေး၏ ရုပ် အလောင်းကို ယနေ့ မြောက်ဦး သုဿာန်တွင် သဂြိုဟ်မည် ဖြစ်ကြောင်း မြို့ခံများက ပြောကြသည်။
ယမန်နေ့ အောက်တိုဘာလ၂၉ ရက် မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ကသစ်တောကျေးရွာအတွင်း လက် နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အတွက် အသက်၂၀ အရွယ် မူလတန်းပြ ကျောင်းဆရာ ကိုမျိုးဆက်နိုင်ဦးမှာ ဝဲဘက်မျက်လုံး ဖောက်ထွက် ဒဏ်ရာဖြင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး တနေ့တခြား ကူးစက်မှု မြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ်တခုလုံးကား Stay at Home နေထိုင် ကြရန် နိုင်ငံတော်အစိုးရမှ အမိန့် ထုတ်ပြန်ညွှန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) အဖွဲ့တို့၏ နှစ် ဖက် စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြ ရသလို လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် သေဆုံးမှုများလည်း တိုးလာနေသည်။
ယင်းပြင် ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဖက် တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး မြို့နယ်တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ တွင် စစ်ရှောင် အရေအတွက်၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC ) က အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ထားသည်။
တပ်မတော်က စစ်တိုင်ကြီး ၅ ခု အား တဖက်သတ် အပစ်ခတ် ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အကြမ်းဖက်သမားများ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။
You may also like these stories:
ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံး
ရသေ့တောင်တွင် လက်နက်ကြီးကျ ရွာသား ၄ ဦး ဒဏ်ရာရ