ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့မှ စ၍ လာမည့် အောက်တိုဘာလ ၂၄ ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် ဒေသအချို့တွင် မိုးကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
“၂၁ ရက်နဲ့ ၂၂ ရက် လောက်မှာတော့ ရခိုင်မြောက်ပိုင်းက မိုးကြီးတာ သတိထားဖို့ လိုမယ်။ ၂၃ရက်နေ့နဲ့ ၂၄ ရက်မှာတော့ ချင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကချင်တို့မှာ မိုးကြီးနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်း လာပြီး နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း အနီးတွင် အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
“မိုးတိမ်တောင် ဖြစ်စဉ်ကြောင့် ရွာတဲ့မိုး ဖြစ်တဲ့အတွက်ကြောင့်မလို့ လျှပ်စီးနဲ့ မိုးကြိုးပစ်တဲ့ အန္တရာယ်တွေ သတိ ထားရမယ်။ မိုးများလာပြီဆိုတော့ မိုးရွာမယ့် ဒေသတွေက တောင်ကုန်းတောင်တန်းဒေသတွေ၊ ကချင်ပြည်နယ်တို့ မိုးများ လာရင် ကျောက်စိမ်းမှော်တွင်းတို့ မြေပြိုမှု ဘေးအန္တရာယ်တွေ၊ တောင်ကျ ချောင်းရေတွေ ရုတ်တရက် စီးဆင်း တာတွေ သတိပြုဖို့ လိုပါတယ်”ဟု ဦးကျော်မိုးဦးက ပြောသည်။
ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်း လုပ်ကွက်တွေအတွင်း ၂၀၂၀ ဇူလိုင် ၂ ရက်နေ့က မိုးကြီးမြေပြိုမှုကြောင့် လူပေါင်း ရာနှင့်ချီပြီး သေဆုံးခဲ့သေးသည်။
ထို့ပြင် စက်တင်ဘာလအတွင်း မိုးကြီးမှုကြောင့်လည်း မိုးကုတ်တွင် မြေပြို သဖြင့် ကလေးငယ် နှစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့သေးကြောင်း သိရသည်။
You may also like these stories:
မြန်မာနိုင်ငံအနှံ့အပြား အချိန်အခါမဟုတ် မိုးရွာနိုင်ဟု မိုး/ဇလ သတိပေး
ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်နိုင်