သတင်း

တောင်ကုတ်တွင် ANP ပါတီ အင်အားပြ လှည့်လည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အောက်တိုဘာလ၂၁ ရက် နံနက်ပိုင်းက ရခိုင်အမျိုးသား ပါတီ (ANP) ကို ဝန်းရံသူ အင်အား ၂၀၀၀ ကျော်ခန့်မှာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များ၊ အလံများ၊ ကား၊ ဆိုင်ကယ်များဖြင့် မြို့အတွင်း လှည့် လည် အင်အားပြခဲ့ကြောင်း သတင်း ရရှိသည်။

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသား ပါတီ ဒု ဥက္ကဋ္ဌ ဦးဖေကြွယ်က “ဒီနေ့ မြို့ပေါ် ၄ ရပ်ကွက်မှာ ANP အောင်နိုင်ရေး အတွက် လှည့်လည် အင်အားပြကြတာ။ ရပ်ကွက်ထဲက ပါတီကို အားပေးထောက်ခံတဲ့သူတွေက ပါဝင် ပူးပေါင်းကြတာ လူ ၂၀၀၀ ကျော်လောက် ရှိတယ်” ဟု ပြောသည်။

ယင်းသို့ မဲဆွယ်စည်းရုံးရေး အင်အားပြခြင်းကို ချောင်းကုန်းရပ်ကွက်ရှိ ANP မြို့နယ်ရုံးမှ ဦးဥတ္တမလမ်း အပါဝင် မြို့ပေါ် ရပ်ကွက်များသို့ နံနက် ၈ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအထိ လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ANP အမာခံဖြစ်သော နယ်မြေတို့တွင် ရွေးကောက်ပွဲ မရှိတော့သည့်အတွက် တောင်ပိုင်း မဲဆန္ဒနယ်များမှာ ပိုအရေးကြီးသောကြောင့် ယင်းသို့ အင်အားပြရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်း ခေါင်း ဆောင်များက ပြောသည်။

ANP ဗဟိုမူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းက “မြောက်ပိုင်းက ANP အနိုင်ရတဲ့ မဲဆန္ဒနယ်တွေဟာ အားလုံး အဖျက် ခံရတယ်။ ဒီနှစ်မှာ ရွေးကောက်ပွဲက တောင်ပိုင်းမှာပဲ များနေတာ။ ဒါကြောင့် လာမယ့် လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ပြည် နယ်အစိုးရကို ဖွဲ့စည်းနိုင်ဖို့အတွက် ဒီအခြေအနေတွေဟာ တောင်ပိုင်းမှာပဲ စုပြုံနေတာ။ တောင်ပိုင်းဟာ အရင်တုန်းက NLD အနိုင်ရတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ANP အနေနဲ့ အမျိုးသားရေး လက္ခဏာတခု ဖော်ဆောင်နိုင်အောင် ဒီဒေသ တွေမှာ အနိုင်ရဖို့ လိုတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဦးဖေသန်းက “တောင်ပိုင်းကိုသာ ANP အပါအဝင် ရခိုင်ပါတီတွေ အနိုင်ရရင် ပြည်မပါတီတွေရဲ့ အခန်း ကဏ္ဍဟာ ရခိုင်မှာ လျော့နည်းသွားမယ်။ ဒါကြောင့် ဒေသခံပါတီတွေရဲ့ တွန်းတိုက် လုပ်ဆောင်မှုဟာ ရှေ့ကိုရောက်မှာ ဖြစ်တယ်။ ဒါမှ ပြည်မ ပါတီတွေက အလေးထားပြီး ညှိနှိုင်းဆွေးနွေးလာရမယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်သည် ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရ ရှိခဲ့သော နေရာဖြစ်သော်လည်း ယခုနှစ်တွင် ANP ကို ဒေသခံများ ဝန်းရံမှု များနေကြောင်း မြို့ခံများက မှတ်ချက်ပြုကြ သည်။

တောင်ကုတ်မြို့ခံ ကိုအောင်နေလင်းက “သူတို့ မဲဆွယ်တာကို တွေ့ရသလောက်တော့ ပြီးခဲ့တဲ့ ပါတီတွေ အင်အားပြတုန်း က လူ ၁၀၀ ကျော်လောက်ပဲ တွေ့ရတယ်။ အခုကတော့ ANP ကိုကျတော့ အလွန်များနေတယ်။ နောက်ပြီးတော့၂၀၁၅ ခုနှစ်ကထက် ဒီနှစ်တော့ ANP ကို ထောက်ခံမှု များတာကို တွေ့ရတယ်” ဟု ဆိုသည်။

ယင်းသို့ များလာခြင်းမှာ တောင်ကုတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ မပြုလုပ်မည့် နေရာရှိကြောင်း ကြေညာပြီးနောက် ဒေသ အတွင်း အစိုးရကို ဝေဖန်မှုများရှိနေမှုနှင့်အတူ ယခုကဲ့သို့ ရခိုင်ပါတီများကို ဝန်းရံသူ များလာခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က တနိုင်ငံလုံး ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းက မြို့နယ် ၉ မြို့နယ်နှင့် တခြားမြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၅ နှင့် ကျေးရွာ အုပ်စု ၁၃၇ တို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့သည်။

ယင်းအထဲက တောင်ကုတ်မြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ စုရှိသည့် အနက် ၅၂ အုပ်စုလုံး ပယ်ဖျက်ခံရပြီး မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်သာ ကျန်ရှိကာ ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှာလည်း ပယ် ဖျက်သည့် စာရင်းတွင် ပါဝင်သွားသည်။

တောင်ကုတ်မြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှာ ချောင်းကောက်၊ သိမ်တောင်၊ ဂူတာ၊ ကံပိုင် စသည့် ရပ်ကွက် ၄ ရပ်ကွက်ဖြစ်ပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ လူဦးရေ ၂၀၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ် လွှတ်တော်၂ နေရာနှင့် ပြည်သူ့ လွှတ်တော် ၁ နေရာ၊ အမျိုးသား လွှတ်တော် ရခိုင်ပြည်နယ် အမှတ် ၁၂ (တောင်ကုတ်၊ သံတွဲ၊ ဂွ) ၁ နေရာတို့တွင် NLD ပါတီက အနိုင်ရခဲ့သည်။

You may also like these stories:

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်း ပြန်သုံးသပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေး ရင်လေးဖွယ်

Did you find apk for android? You can find new Free Android Games and apps.
Loading