ပလောင် (တအန်း) လူမျိုးအများစု နေထိုင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၆ ခုအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သတ်မှတ်ချက်ကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်များ ထံသို့ တအန်းအမျိုးသားပါတီ (TNP) က စာပေးပို့ထားသည်ဟု သတင်းရရှိသည်။
UEC က အောက်တိုဘာ ၁၆ ရက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို ကြေငြာရာ ရှမ်းပြည်နယ် မှ မြို့နယ် ၆ မြို့နယ်၏ နယ်မြေအားလုံး၊ အခြားမြို့နယ် ၁၆ ခုမှ ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စု ၁၃၃ စု တို့ ပါဝင်ခဲ့သည်။
ထိုထဲမှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ နှင့် ကျောက်မဲမြို့နယ်တို့ အတွင်း ပယ်ဖျက်ခံရသည့် ရပ်ကွက် ၁ ခုနှင့် ကျေးရွာအုပ်စု ၃၆ စုတို့မှာ တအန်းလူမျိုး အများစု နေထိုင်သည့် နေရာများဖြစ်သည့် အပြင် ပဋိပက္ခလည်း မရှိဟု ဆိုကာ ပြန်လည်သုံးသပ်ပေးရန် TNP က တောင်းဆိုထားခြင်း ဖြစ်သည်။
TNP ၏ အထွေထွေအတွင်းရေးမှူး ဦးတာကျော်အောင်က “ကျနော်တို့ TNP အနေနဲ့ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်တွေကို စာတင်လိုက်ပါပြီ။ ကန့်သတ်တဲ့ နယ်မြေတွေကို ပြန်စဉ်းစားပေးဖို့ပါ။ မြို့နယ်အလိုက်ချင်းစီက ရတဲ့ သတင်း အချက်အလက်အပေါ်မှာ မူတည်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရော ပြည်နယ်၊ ခရိုင်ကိုရော ပြန်လည်သုံးသပ်ပေးဖို့ စာတွေတင်ထားပါပြီ” ဟု ပြောသည်။
သက်ဆိုင်ရာ မြို့နယ် ကော်မရှင်များကို TNP ၏ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပါတီရုံးများမှ အောက်တိုဘာ ၂၀ ရက်က စာတင်လိုက်ခြင်း ဖြစ်ပြီး UEC ကို TNP ဗဟိုက ယနေ့ စာပေးပို့လိုက်သည်ဟု သိရသည်။
ကော်မရှင်အဆင့်ဆင့်သို့ပေးပို့သည့် စာထဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သတ်မှတ်ခံရသည့် နယ်မြေများမှာ နိုင်ငံရေးပါတီအားလုံး ဝင်ထွက်ကာ မဲဆွယ်စည်းရုံးနိုင်သည့် ကျေးရွာများ ဖြစ်ကြောင်း၊ တိုက်ပွဲမရှိသည့် နယ်မြေများ ဖြစ်ကြောင်း နှင့် လူထုကိုယ်တိုင်ကလည်း မဲပေးလိုသဖြင့် မဲပေးခွင့် မဆုံးရှုံးစေရန် လိုအပ်ကြောင်း တို့ကို အဓိက ထား တင်ပြထားသည်ဟု သိရသည်။
ဦးတာကျော်အောင် က “တော်တော်များများကြည့်လိုက်ရင် ကျနော်တို့ တအန်းတွေ အနေအထိုင်များတဲ့ ရွာတွေ ဖြစ်တာ အမှန်ပါ။ လားရှိုးမြို့နယ် ကပ်လျက် မယ်ဟန်ဆိုရင် ပလောင်၊ ကိုးကန့် အများဆုံး နေပါတယ်။ မယ်ဟန်ဆိုတာ နေ့နေ့ညည သွားလာလို့ ရတာ လားရှိုးမှာ နေသူအကုန်သိပါတယ်။ ၄ မိုင်ကျော်ကျော်ပဲ ဝေးတာ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ရှိတယ်။ ဆန်၊ ပဲ၊ ပြောင်း ပွဲရုံကြီးတွေလည်း ရှိတယ်။ အလုပ်ရုံကြီးတွေ ဆီဆိုင်ကြီးတွေ နောက်ဆုံးကွန်ပျူတာတက္ကသိုလ်တောင် အဲ့မှာပဲ ရှိတာပါဗျာ” ဟု ပြောသည်။
လူထုအနေဖြင့် ဒီမိုကရေစီသဘောတရားကို သက်ဝင်ယုံကြည်စေရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ကို ရရှိအောင် ဝိုင်းဝန်းဆောင် ရွက်ပေးရန် TNP အနေဖြင့် UEC ကို သတင်းပါးလိုပါသည်ဟုလည်း ဆိုသည်။
ထို့ပြင် နမ့်ဆန်မြို့နယ်အတွင်းမှ ပယ်ဖျက်ခံရသည့် ပန်နင်း၊ မြို့သစ် နှင့် ကျောက်ဖြူလေး ကျေးရွာအုပ်စုတို့သည် တိုက်ပွဲ မရှိသည့် အပြင် မြို့နယ်သစ်ကျေးရွာအုပ်စု တစုတည်းတွင် လာရောက်တာဝန်ထမ်းဆောင်နေကြသည့် အစိုးရ ဝန်ထမ်း၊ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများမှာ ဦးရေ ၁၀၀ ဝန်းကျင် အထိ ရှိပါသည်ဟု ဦးတာကျော်အောင်က ပြောသည်။
ကျောက်ဖြူလေးကျေးရွာအုပ်စုမှ ဥက္ကဋ္ဌ ဦးစောလှိုင်ကလည်း ၎င်းတို့ ကျေးရွာအုပ်စုတွင် တိုက်ပွဲလည်း မရှိဘဲ အခြေအနေ တည်ငြိမ်နေသည့် နယ်မြေ ဖြစ်သဖြင့် ရွေးကောက်ပွဲ မကျင်းပကြောင်း ကြေငြာလိုက်သည့် အပေါ် ဒေသခံများက လက်ခံနိုင်ခြင်း မရှိပါဟု ပြောသည်။
ဦးစောလှိုင်က “ကျနော်တို့ တောင်ပေါ်ဒေသက သွားလာရ ခက်ခဲတယ်။ မြို့နဲ့လည်း တော်တော်အလှမ်းဝေးတယ်။ ရှင်းရှင်းပြောရရင် ပါတီတွေကလည်း မူဝါဒတွေ လာပြောပြီး စည်းရုံးထားတယ်။ လူထုတွေကလည်း ဘယ်ပါတီကို ထည့်ကြမလဲ ဆိုတာ အမတ်လောင်း ဘယ်သူ့ကို ရွေးမယ်ဆိုတာ စိတ်ထဲမှာ ရွေးထားကြပြီ။ ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ် မရရင် ကျနော်တို့ နစ်နာမှာပါ” ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိမရှိကို နယ်မြေမှ ဒေသခံ အုပ်ချုုပ် ရေးမှူးများ၊ နယ်မြေ တာဝန်ခံများကို မေးမြန်းစေလိုပြီး ယခုအခါ လာရောက် မေးမြန်းခြင်းလည်း မရှိဘဲ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေငြာလိုက်ခြင်းမှာမဖြစ်သင့်ပါဟုလည်း ဦးစောလှိုင်က ပြောသည်။
TNP မှ ပြန်လည်သုံးသပ်ပေးရန် တင်ထားသည့် မြို့နယ်များအတွင်းတွင် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ လှုပ်ရှားသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် ကျင်းပခြင်းကြောင့် ထောက်ခံခြင်း မရှိသော်လည်း လူထုက ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်ပွဲတွင် မဲလွတ်လွတ်လပ်လပ် ပေးနိုင်ရန် ၎င်းတို့ တပ်ဖွဲ့ဝင်များက နှောင့်ယှက်ခြင်း ပြုမည် မဟုတ်ဟု ပြောသည်။
၎င်းတို့ လှုပ်ရှားသည့် နယ်မြေများတွင် နိုင်ငံရေးပါတီများ ဝင်ထွက်သွားလာပြီး မဲဆွယ်စည်းရုံးသည်ကိုလည်း နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းများ လုပ်မည် မဟုတ်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုထားသည်။
RCSS သည် တပ်မတော် နှင့် ကျောက်မဲမြို့နယ်တွင်း အောက်တိုဘာ ၃ ရက်မှ ၁၁ ရက်အထိ တိုက်ပွဲများ ဖြစ်ပွား ထားသော်လည်း ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်စေရန် အတွက် ကူညီမည်ဟု ပြောဆို ထားသည်။
RCSS က ရွေးကောက်ပွဲကို တရားမျှတရေးအတွက် ကူညီမည်ဟု ပြောဆိုသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အခြားနိုင်ငံရေးပါတီများကို မနှောင့်ယှက်သော်လည်း TNP ပါတီကို ဝင်မပြိုင်ရန် ၊ မဲဆွယ်စည်းရုံးမှု လာမလုပ်ရန် ပါတီဝင်များနှင့် ဒေသခံ တအန်းလူမျိုးများကို ခြိမ်းခြောက်မှုများ ပြုလုပ်ထားသည်။
မိုင်းကိုင်မြို့နယ်သည်လည်း UEC က ရွေးကောက်ပွဲ မကျင်းပကြောင်း သတ်မှတ်သည့် နယ်မြေတွင် ပါဝင်သော်လည်း TNP က ပြန်သုံးသပ်ပေးရန် စာတင်ခြင်း မရှိပါ။
TNP မှ ပြန်သုံးသပ်ပေးရန် တင်ထားသည့် စာရင်းထဲတွင် ပါဝင်သည့် မန်တုံမြို့နယ်၊ ဟောင်းကန်ကျေးရွာအုပ်စု နှင့် ဆိုက်ခေါင် ကျေးရွာ အုပ်စုတို့မှာ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အခြေစိုက် လှုပ်ရှားသဖြင့် မဲစာရင်းလည်း ကောက်ယူ နိုင်ခြင်း မရှိသည့် အပြင် ရွေးကောက်ပွဲလည်း ကျင်းပနိုင်မည်မဟုတ်ကြောင်းကို ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက အောက်တိုဘာ ပထမ ပတ်ကတည်းက UEC သို့တင်ပြ ထားသည့် စာရင်းထဲတွင် ပါဝင်သည်။
ကျန်နယ်မြေများမှာ UEC က နိုင်ငံတော်အစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ထံမှ တင်ပြ ချက်များကို သုံးသပ်ကာ ထုတ်ပြန်ခြင်း ဖြစ်ပါသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောသည်။
UEC ၏ ကြေငြာချက်ပါ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများမှာ တိုင်းရင်းသားပါတီများ အားကောင်းသည့် နယ်မြေများ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အနိုင်မရနိုင်သဖြင့် အာဏာရ ပါတီ အစိုးရအဖွဲ့ဖြင့် လက်ဝါးရိုက်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများ က ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသည်။
UEC အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက်တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ပြီး UEC က မမှန်မကန်လုပ်ဆောင်ခြင်း၊ NLD ပါတီနှင့် ပူးပေါင်း၍ လုပ်ဆောင်ခြင်းဟူသည့် ဝေဖန်မှုများကို ငြင်းဆိုခဲ့သည်။
ဦးမြင့်နိုင်က “မလုပ်ဖြစ်ဖို့ ကြေငြာတာက သက်ဆိုင်ရာ သဘောထားမှတ်ချက်တွေ ကော်မရှင်အဆင့်ဆင့်ရဲ့ သဘောထား မှတ်ချက်တွေကို စုပေါင်းပြီးတော့ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေရာတွေကတော့ အန္တရာယ်ကင်းကင်းနဲ့ အန္တရာယ် မရှိနိုင်ပါဘူး။ အဆင်ပြေပါတယ်လို့ တင်ပြရင် ကျနော်တို့က သက်ဆိုင်ရာ ဌာနတွေကို သဘောထားမှတ်ချက် ယူမယ်။ သူတို့ကလည်းေ ထာက်ခံမယ်ဆိုရင် ကျနော်တို့အနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
UEC အနေဖြင့် တင်ပြလာချက်များအပေါ်တွင် ထပ်မံသုံးသပ်ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ စာရင်းထဲမှ ကျင်းပနိုင်ချေရှိသည်များကို ပြန်လည် ကြေငြာပေးမည် ဖြစ်ပြီး နဂိုစာရင်းထဲတွင် မပါသော်လည်း အန္တရာယ် ရှိနိုင်သည့် နယ်မြေများ ဖြစ်ပါက မကျင်းပနိုင်ကြောင်း ထပ်မံ ကြေငြာပါမည်ဟု ဦးမြင့်နိုင်က ပြောသည်။
၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ၁၈ ရက်သာ လိုတော့သည်။
You may also like these stories:
တောင်ကုတ်တွင် ANP ပါတီ အင်အားပြ လှည့်လည်
ကျောက်မဲက ကျေးရွာအုပ်စု ၁၂ စုကို ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုမည်
NLD ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးမှု အမေရိကန်နှင့် ပြင်သစ်သံရုံးတို့ ရှုတ်ချ