ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ဆန် ခက်ခက်ခဲခဲ ဝယ်ယူနေရသည့် ဒေသခံများထံမှ ရက္ခိုင် စစ်တပ် (AA) က ဈေးနှိမ်ပြီး ဆန်ဝယ်ယူခြင်း၊ အဓမ္မ ဆန်တောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ကြေညာချက် တစောင် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
CHRO မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က “ဆန်က အကန့်အသတ်နဲ့ ဝယ်ယူနေရတဲ့ အချိန်မှာသူတို့က တဖက်က ပြန် ဝယ်ယူနေတော့ အခြေအနေက ဆိုးနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျနော်တို့ မှတ်တမ်းအရဆို ဆန်တွေ၊ ပိုက်ဆံ တွေ သူတို့ ကောက်နေတာ ၂ နှစ် ရှိပါပြီ။ အခု လက်ရှိဖြစ်နေတာဆိုရင် ငရှား အုပ်စုပါ။ တဖက်မှာ မပေးနိုင်သူတွေကို ဒဏ် ငွေ ရိုက်တာတွေလည်း လုပ်တယ်လို့ ကျနော်တို့ သတင်း ရထားပါတယ်” ဟု ပြောသည်။
AA က ဆန် အဓမ္မတောင်းယူသည် ဟုဆိုကာ CHRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် နေရာများမှာ ငရှားကျေးရွာ အုပ်စုအတွင်းရှိ ငရှား၊ ကြောင်ချောင်း၊ ဘောင်ဝ၊ နှုံးဘူးကြီးနှင့် နှုံးဘူးငယ် ရွာတို့ ဖြစ်ပြီး လက်ရှိပေါက်ဈေး ဆန်တအိတ် လျှင် ၇၅၀၀၀ ကျပ် ဝယ်ယူနေရသည်ကို ၄၀၀၀၀ ကျပ်ဖြင့်သာ ပေးချေသည် ဟု ဆလိုင်းလျန်က ဆိုသည်။
CHRO ၏ ထုတ်ပြန်ချက်တွင် AA က ရွာသားများထံမှ ဈေးနှိမ်ပြီး ဆန်ဝယ်သည့်အပြင် ဆန် ၁ တင်းအိတ်လျှင် ကျပ် ၂၀၀၀ ဖြင့် ထမ်းပြီး AA တပ်ဖွဲ့ဝင်များ စခန်းချသည့် နေရာသို့ ပို့ိခိုင်းသည် ဟုလည်း ရေးသားထားသည်။
CHRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖြစ်စဉ်သည် လွန်ခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည် ဟု သိရသည်။
ဖြစ်စဉ်မှာ တလကျော်ကြာပြီ ဖြစ်သော်လည်း အောက်တိုဘာ ၂၀ ရက်မှ ထုတ်ပြန်ရခြင်းမှာ ပလက်ဝမြို့နယ်သည် အင် တာနက် ဖြတ်တောက် ခံထားရပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲသဖြင့် မြေပြင်မှ သတင်းအချက်အလက်များ ရရှိ သည်မှာ နောက်ကျပြီး ဖြစ်စဉ် မှန်မမှန်ကို ပြန် အတည်ပြုနေရခြင်းကြောင့် ကြန့်ကြာသွားခြင်း ဖြစ်သည်ဟုလည်း ဆလိုင်း လျန်က ပြောသည်။
ဆလိုင်းလျန်က “ကျနော်တို့ အသေးစိတ် ထပ် မှတ်တမ်းယူနေတာ ရှိတယ်။ တခြား ရွာတွေမှာလည်း ကောက်နေတယ်လို့ သတင်းတွေ ရထားတယ်။ လောလောဆယ်တော့ ကျနော်တို့ အတည်ပြုနိုင်တာက ဒီ ၅ ရွာပေါ့။ ဒါပေမယ့် ဒီ ၅ ရွာပဲ ကြုံ နေရတာ မဟုတ်တာ သေချာပါတယ်” ဟုလည်း ဆိုသည်။
CHRO သည် ကုလသမဂ္ဂ လူမှုစီးပွားရေး ကောင်စီ (ECOSOC) က အထူးအကြံပေး အဆင့်အဖြစ်၂၀၁၈ ခုနှစ်မှ စတင် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံတွင်း ချင်းလူမျိုးများ၏ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာကာ မှတ်တမ်း ပြုစုနေသည့် အဖွဲ့ ဖြစ်သည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စံနှုန်းများကို စောင့်ကြည့်နေသည့် နိုင်ငံတကာ သံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ထံသို့လည်း လစဉ် မှတ်တမ်းများ ပေးပို့ရာတွင် ပလက်ဝမြို့နယ်တွင်း တပ်မတော်နှင့် AA ကြား လူ့အခွင့်ရေး ချိုးဖောက်ခံ ရသည့် မှတ်တမ်းများလည်း CHRO က ထည့်သွင်း ပေးပို့နေသည်ဟု သိရသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက CHRO ထုတ်ပြန်သည့် သတင်း အချက်အလက်မှာ မှားယွင်းသည့် သတင်းသာ ဖြစ်သည်ဟု ပြောပြီး ဆန်ကို ဈေးနှိမ်ဝယ်သည်မှာ မမှန်ကန်ပါ ဟုလည်း ငြင်းဆိုသည်။
၎င်းက “ကျနော်တို့မှာ ပစ္စည်းတွေ ဝယ်ရင် ဈေးတောင် မဆစ်ရဘူးလို့ ညွှန်ကြားထားပြီးသား ရှိပါတယ်။ ပလက်ဝ ဒေသမှာ လူတွေက ဆင်းရဲလို့ ကျနော်တို့ အဲဒီဒေသမှာ အခွန်တွေတောင် လုံးဝ မကောက်ဘူးဗျ” ဟု ပြောသည်။
CHRO က လွတ်လပ်ပြီး တရားမျှတသည့် အဖွဲ့အစည်းမဟုတ်ဘဲ ပလက်ဝဒေသတွင် AA ရှိနေသည်ကို မလိုလားသဖြင့် အဖွဲ့အစည်း ဂုဏ်သိက္ခာ ကျအောင် လုပ်ကြံတိုက်ခိုက်နေသည် ဟုလည်း ဦးခိုင်သုခက စွပ်စွဲသည်။
ထို့ပြင် ဦးခိုင်သုခက “ပလက်ဝမှာ တပ်မ ၇၇ က စက်လှေတစီးကို ငါးသောင်းကနေ နှစ်သိန်းအထိ ကောက်နေတာ ရှိ တယ်။ ပလက်ဝ အထက်ဘက် ရှင်းလက်ဝမှာ လိုင်လင်းပီဘက်ကလာတဲ့ ဆန်ကို တသောင်းကနေ နှစ်သောင်းအထိ ကောက်တာ ရှိတယ်။ အဲဒီ လူ့အခွင့်အရေး အဖွဲ့တွေက ဘာမှပြောတာ မတွေ့ရဘူး။ ဆန်ဈေး တက်တာကလည်း ဗမာ စစ်တပ်က ပိတ်ဆို့ထားလို့ ဒါတွေကို သူတို့ မပြောဘူး။ ဒီ ရီပို့ ထုတ်တဲ့ လူတွေရဲ့ သမာသမတ်ရှိမှုကို ကျနော်တို့က မေး ခွန်း ထုတ်စရာ ရှိပါတယ်” ဟုလည်း ပြောဆိုသည်။
ဦးခိုင်သုခ၏ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး သတင်းထွက်ရှိမှု မတွေ့ရသဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးစိုးထက်က AA က ဆန်တောင်းခံမှုများ ပြုလုပ်ခြင်းနှင့် ဆန်များကို ဒေသခံများထံမှ ဈေးနှိမ် ဝယ်ယူခြင်းများ ပြုလုပ်နေသည့် ရွာများမှာ အစိုးရ အုပ်ချုပ်ရေးယန္တရားနှင့် တပ် မတော်၊ တပ်ဖွဲ့ဝင်များ လက်လှမ်း မမီဘဲ AA က ဝင်ထွက်သွားလာနေသည့် နေရာများ ဖြစ်သည်ဟု ပြောသည်။
ဦးစိုးထက်က “ပလက်ဝ အထက်ပိုင်းမှာဆို ဆန်တအိတ်ကို ၆၅၀၀၀ နဲ့ ၇၀၀၀၀ ကျပ် ရှိပါတယ်။ ဆန်တအိတ်ကို သူတို့က ၄၀၀၀၀ လောက် ပေးတယ်လို့ ပြောတယ်။ ပြဿနာက ဆန်က ဝယ်မရ၊ ရှာမရကြားမှာ သူတို့က တောင်းတော့ လူထုက ဒုက္ခရောက်တာပေါ့ဗျာ။ ဆန်ကို အတင်းတောင်း၊ လူထုကလည်း ကြောက်တော့ ပေးရ ဖြစ်နေတာပါ” ဟု ပြောသည်။
ဖေဖော်ဝါရီမှ မတ်လအတွင်း ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့နယ်ဘက်သို့ ကုလားတန်မြစ်ကြော တလျှောက် ဆန် တက်သည့် ကုန်းလမ်း၊ ရေလမ်းတကြောလုံးတွင် တပ်မတော်နှင့် AA ကြား ရက်ပေါင်း ၄၀ ကျော် တိုက်ပွဲ ပြင်းပြင်းထန် ထန် ဖြစ်ပွားသည့် အချိန်မှစ၍ ပလက်ဝ ဒေသခံများမှာ အခြေခံ စားသောက်ကုန်များ ခက်ခက်ခဲခဲ ဝယ်ယူနေရသည်။
ပလက်ဝမြို့နယ်တွင်း နေထိုင်သည့် ဒေသခံ ၁ သိန်းကျော်မှာ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား ၊ ငပိ ၊ ငါးခြောက်အပြင် လူသုံးကုန်ပစ္စည်းများ၊ မီးရရှိရေးနှင့် မြစ်ကြောင်း တလျှောက် သွားလာရေးအတွက် စက်လှေများတွင် အသုံးပြုသည့် ဓာတ်ဆီ၊ ဒီဇယ်တို့ကို ကျောက်တော်မြို့နယ်ဘက်မှ ဝယ်ယူ သုံးစွဲနေရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီမှ စ၍ ပလက်ဝမြို့နယ်တွင်းသို့ ဆန်ဝယ်ယူရ ခက်ခဲသွားပြီး ပုံမှန် ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အတွင်း ဝယ်ယူ ရနိုင်သည့် ဆန်အိတ်မှာ တအိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားသည်။
တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ကုလားတန်မြစ်ကြောအတွင်း သားငါးရှာရန်လည်း မလုံခြုံသည့်အပြင် တောတောင်များ အတွင်း တောင်ယာ စိုက်ပျိုးခြင်းလည်း မလုပ်နိုင်သဖြင့် ကုလားတန်မြစ်အထက်ပိုင်းမှ ကျေးရွာအများစုမှာ စားနပ်ရိက္ခာ အခက်အခဲ ကြုံရပြီး ငွေကြေးချို့တဲ့သူများမှာ ဆန်ကွဲများ ဝယ်ယူ စားသုံးရခြင်း၊ အချို့ကလည်း ဆန်ပြုတ်များ ပြုတ် သောက်ရသည်အထိ ကြုံခဲ့ကြရသည်။
ဒေသခံ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူ အချို့မှာလည်း ကုန်းလမ်း၊ ရေလမ်းသွားလာ မရသည့် အခြေအနေတွင် တောလမ်းများမှ တဆင့် ဆန်အိတ်များကို သယ်ယူပြီး ရောင်းချခြင်းများလည်း ရှိသည်။
ပလက်ဝမြို့ပေါ်တွင် ယနေ့ထိ ဆန်ဝယ်ယူရသည့် အခြေအနေမှာ ခက်ခဲနေဆဲ ဖြစ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပို့သည့် ဆန်များကို တဆင့် ဝယ်ယူနေကြရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့က မတူပီ -ဆမီး -ပလက်ဝ ကားလမ်းမှ ပလက်ဝမြို့တွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို ဆန်ပို့ရာတွင် ဒုက္ခသည် မဟုတ်သည့် ဒေသခံများအတွက်လည်း တပါတည်း ဆန်အိတ်များ သယ်လာပြီး ဈေးမတင်ဘဲ ပုံမှန်ဈေးအတိုင်း ရောင်းချပေးခြင်း ရှိသည်။
ဝန်ကြီး ဦးစိုးထက်က “ကျနော်တို့ တလောက ပို့ထားတဲ့ ဆန်အိတ် ၁၇၀၀ မှာ ၇၅၀ က IDPs Camp တွေ၊ ၉၅၀ ကတော့ ပြည်သူလူထုကို ဖြန့်ပေးတာ ဖြစ်ပါတယ်။ လူထုအတွက်ကတော့ ၂၃ ရက်စာ လျာထားပါတယ်။ IDPs Camp အတွက် ကတော့ ၃၀ ရက်စာ၊ ဒီလကုန်ထိ လျာထားပါတယ်။ အခုလည်း ဆမီးကို ဆန်အိတ်၂၀၀၀ ပို့ထားတယ်။ လုံခြုံရေး အစီ အမံရရင် ၂၃ ကနေ ၂၈ ထိ ပို့ဖို့ လျာထားပါတယ်” ဟု ဆိုသည်။
AA ဝင် ထွက်သွားလာနေသည့် ကျေးရွာများမှာ အစိုးရက ဆန်ပို့ပေးနိုင်ခြင်း မရှိသည့်အပြင် အစိုးရအုပ်ချုပ်ရေး ယန္တရား နှင့် ကင်းကွာနေသည့် ရွာများလည်း ဖြစ်သည်။
ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် အစိုးရအဖွဲ့မှ ရောင်းပေးသည့် ဆန်မှာ တအိမ်ထောင်လျှင် ၄ ပြည်သာ ဝယ်ယူရရှိခဲ့သည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာ ဖူလုံရေး အထောက်အကူပြု ကော်မတီ၊ ခေါင်းဆောင် ဦးရာကျော်က ပြောသည်။
“အခု ဆန်အားလုံး ပြတ်နေပြီ။ လုံးဝ မရှိကြတော့ဘူး။ ဆန်ရောင်းတဲ့ နေရာလည်း မရှိဘူး။ ဝန်ကြီး အစီအစဉ်နဲ့ ဆန်ရတာ လည်း ၄ ပြည်ဆီပဲ ရပါတယ်။ ဝယ်ရတာပါ။ ကျနော်တို့ အိမ်ဆို မိသားစု ၆ ဦး ရှိတယ်။ အခုက ဘယ်ကမှလည်း ဆန်ရှာ မရဘူး။ ကျနော့်မှာက အရင်ကတည်းက သိမ်းထား စုထားလို့ ဆန်နည်းနည်းရှိတယ်။ ဒါကုန်ရင် ဘာမှ မရှိတော့ဘူး။ ဘယ် မှာမှ လည်း ဝယ်မရဘူး”ဟု ဦးရာကျော်က ဆိုသည်။
၎င်းတို့ ကော်မတီ အနေဖြင့် ပလက်ဝမြို့နယ်အပြင်ဘက်ကို ထွက်ပြီး ဆန်ဝယ်ယူရေး၊ သယ်ယူရေးတို့ကို ဆောင်ရွက်ခဲ့ သော်လည်း လက်ရှိတွင် လမ်းကြောင်း အခြေအနေများ မလုံခြုံသဖြင့် ဆန်သယ်ယူနိုင်ရေးလည်း လုပ်ဆောင်နိုင်ခြင်း မရှိပါဟု ဦးရာကျော်က ပြောသည်။
AA သည် ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်း စနစ်ဖြင့် အုပ်ချုပ်ခွင့် ရနိုင်ရေးကို နိုင်ငံရေးရည်မှန်းချက် ထားရှိထားသည် ဟု ပြောဆိုကာ တပ်မတော်ကို တိုက်ခိုက်နေပြီး ပလက်ဝမြို့နယ်ကိုလည်း စစ်ရေးအရ အရေးပါသဖြင့် ခြေကုပ် လှုပ်ရှား လျက် ရှိသည်။
ပလက်ဝ ဒေသတွင်း AA ဝင်ရောက်လာပြီး တိုက်ပွဲများ ဖြစ်ပွားသည့် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စ၍ ဒေသခံ ချင်းလူမျိုးများ နှင့် အရပ်ဘက် အဖွဲ့အစည်းများက AA ကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် အဓမ္မခိုင်း စေမှုများ ပြုလုပ်သည်ဟု ပြောဆိုမှုများ ရှိပြီး AA ဘက်က ၎င်းတို့ မလုပ်ကြောင်း ငြင်းဆိုထားသည်။
မတ် ၂၉ ရက်ကလည်း မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေး ကော်မတီက ဆမီးမြို့မှ ပလက်ဝမြို့သို့ ဆန်အိတ် ၁၀၀ ကျော် သယ်လာရာ လမ်းခုလတ်တွင် AA တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့ပြီး စားသောက်ရေး အခက်အခဲရှိသည် ဟုဆိုကာ ကာလပေါက်ဈေး အတိုင်း ဆန်အိတ်၂၀ ရောင်းချပေးရန် ပြောဆို ညှိနှိုင်းပြီး မှ ပြန်လွှတ်ပေးခဲ့သည်။
You may also like these stories:
အပေးအယူလုပ်မှ NLD ကိုယ်စားလှယ် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု AA ခြိမ်းခြောက်
ပြည်နယ်အစိုးရက ဆန်ပြတ်နေသည့် ပလက်ဝသို့ ဆန်အိတ် ၁၇၀၀ ပေးပို့