ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ မြို့မိမြို့ဖ အဖွဲ့ဝင် ၂ ဦးကို အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ၎င်း မြို့နယ် အတွင်းရှိ င/လပြား ဆိပ်ကမ်းတွင် ရက္ခိုင်စစ်တပ် (AA) မှ ဖမ်းဆီးသွားကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ပြောသည်။
အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၉ နာရီခန့်က ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ရှောင်ခန်းများသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ အပါအဝင် ဘေး/စီမံ ဦးစီဌာနမှ ဝန်ထမ်း ၂ ဦး ၊ ရသေ့တောင်မြို့ပေါ် အရပ်ဘက် အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များမှ အပါအဝင် လူ ၈ ဦး သွားရောက်စဉ် မြို့မိမြို့ဖ ၂ ဦးဖြစ်သည့် အသက် ၇၀ နှစ်အရွယ် ဦးသိန်းမောင်နှင့် ဦးသာဇံတို့ ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “စစ်ရှောင်စခန်းတွေကို ကယ်ဆယ်ရေး ပစ္စည်းတွေ သွားပေးတဲ့အဖွဲ့ထဲက မြို့မမြို့ဖ ၂ ယောက်ကို စစ်ဆေးစရာရှိတယ်ဆိုပြီး လူ ၁ စုက ဖမ်းသွားတယ်လို့ ပြောတယ်။ လက်နက်ကိုင် လူ ၁ စုဆိုတာ AA ပါပဲ၊ အဲဒီမြို့ဖိမြို့ဖကို ဖမ်းသွားပြီးတော့ ကျန်တဲ့လူတွေကတော့ ညနေ ၂ နာရီ လောက်မှာ ရသေ့တောင်မြို့ပေါ်ကို ပြန်လည် ရောက်ရှိတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ကမူ အဆိုပါ ဖမ်းဆီးခံရသည့် မြို့ဖိ မြို့ဖ ၂ ဦးသည် ရသေ့တောင်မြို့ နယ် အတွင်း ကိုရိုနာဗိုင်းရပ် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သူများ ဖြစ်ပြီး ထိုသို့ လက်နက်ကိုင်များက ဖမ်းဆီးခြင်း အပေါ် မြို့လူထုက စိုးရိမ် ကြောက်လန့်မှုများ ရှိသလို မလုပ်သင့်၊ မလုပ်ထိုက်သည့် လုပ်ရပ်များလည်း ဖြစ်ကြောင်း ပြောသည်။
မျက်မြင်သက်သေ ၁ ဦးက “မနေ့က သူတို့ ရသေ့တောင်ကနေ စက်လှေနဲ့ လာပြီး ကားနဲ့ ကယ်ဆယ်ရေးစခန်းသို့ သွား မယ် လုပ်တဲ့ အခါ လက်နက်ကိုင်ပြီး လူတွေက အဲဒီကား ကို ဝိုင်းပြီး ပထမ ဦးသိန်းမောင်ကို ခေါ်သွားတယ်။ ခဏနေရင် နောက် အဖိုးကြီး ၁ ယောက်ဖြစ်တဲ့ ဦးသာဇံကို ခေါ်သွားတာကို တွေ့လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့ အမည်နှင့် ဖမ်းဆီးခံရသည့်အကြောင်းအရင်းများကိုမူ ရသေ့တောင်မြို့ခံများနှင့် မျက်မြင်များက တိတိကျကျ မသိရှိကြောင်း ပြောဆိုကြသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “မြို့မိမြို့ဖ ၂ ဦး အဖမ်းခံရ တယ်ဆိုတဲ့ သတင်းတော့ ကြားတယ်။ ကျန်တာတော့ ကျနော်လည်း တိတိကျကျ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီမှ ရသေ့တောင်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းအား ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရှိခဲ့ပေ။
ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသော တိုက်ပွဲကာလ အတွင်း အရပ်သားများ လုံခြုံမှု ကင်းမဲ့နေသလို နှစ်ဘက်တပ်များ၏ ဖမ်းဆီးခြင်းကိုလည်း ခံနေကြရသည်။
တပ်မတော်က အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာသား အမြောက်အများကို ဖမ်းဆီးမှုများ ရှိနေသလို AA ကလည်း တပ်မတော်သတင်းပေးဟုဆိုကာ ကျေးရွာသားများကို ဖမ်းဆီးလေ့ ရှိသည်။
ယခုလ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့ကို AA အဖွဲ့က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။
You may also like these stories:
ပလက်ဝ ဒေသခံများထံမှ ဆန်ကို AA အဖွဲ့ ခြိမ်းခြောက်ပြီး ဈေးနှိမ်ဝယ်
တောင်ကုတ်တွင် ANP ပါတီ အင်အားပြ လှည့်လည်
မြောက်ဦး လက်နက်ကြီးပေါက်ကွဲမှု ကလေး ၁ ဦး သေဆုံး၊ ၂ ဦး ပြင်းထန် ဒဏ်ရာရ