ကိုဗစ်ကြောင့် အရောင်းအဝယ် ယာယီ ရပ်နားထားသော ရန်ကုန်ရွှေဈေးကွက်ကို ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
“အခု၂၁ ရက်ဆိုရင် မြို့နယ်ကျော်တွေ အကုန်လုံး ပြီးသွားပြီဆိုတော့ ကျနော်တို့ အရောင်းအဝယ် ပြန်လုပ်ပါမယ်။ ကျန်း မာရေး ဝန်ကြီးဌာနက ထုတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဖွင့်မှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်မှ စ၍ ကိုဗစ် ရောဂါကူးစက် ပြန့်ပွားမှု များလာသောကြောင့် ရန်ကုန်ရွှေဈေးကွက်ကို ယာယီ ရပ်နားခဲ့ခြင်း ဖြစ်သည်။
ရွှေဈေးကွက် ရပ်နားချိန်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်း အခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်အထိ ရှိလာပြီး ရွှေဈေးကွက် ပြန်လည် စတင်မည့် ရက်တွင်လည်း ကျပ် ၁၃၁၆၀၀၀ နှင့် ဈေးကွက် ဖွင့် လှစ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။
ရန်ကုန် ရွှေဈေးကွက်သည် ၁ ရက်လျှင် ရွှေပိဿာချိန် ၅၀ အထိ အရောင်းအဝယ်ရှိပြီး ကိုဗစ်ကာလများတွင် တရက်လျှင် ရွှေ ၂၅ ပိဿာ ဝန်းကျင်သာ အရောင်းအဝယ် ဖြစ်ကာ ထက်ဝက်ခန့် ကျဆင်းခဲ့သည်။
“ရွှေဈေးကွက် ပိတ်တယ်လို့ ဆိုတာထက် နောက်ပိုင်း အရောင်းအဝယ် သမားတွေက မလာရဲတော့ဘဲ ဖြစ်သွားတာ။ အခု ဈေးကွက် ပြန်ဖွင့်ရင် အပြောင်းအလဲ သိပ်မရှိနိုင်ပေမယ့် ပုံမှန် အနေအထား ရောက်အောင် မနည်းပြန်လုပ်ရမယ့် သ ဘော ရှိတယ်။ အခု လောလောဆယ် ရန်ကုန်မှာ ကုန်ကြမ်း ပြတ်နေတယ်” ဟု ဈေးကွက်၏ အခြေအနေကို ဦးမျိုးမြင့်က ရှင်းပြသည်။
စတော့ရှယ်သမား၊ စီးပွားရေး သမားများက ရွှေဘက်သို့ လှည့်၍ ဝယ်ယူမှုများ ရှိလာခြင်း၊ အမေရိကန်ဒေါ်လာဈေး အ ညွှန်းကိန်းများကလည်း ကျဆင်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးမှာလည်း ဆက်တိုက် မြင့်တက်လျက် ရှိနေသဖြင့် မြန်မာ့ ရွှေအနေနှင့်လည်း ကျပ် ၁၃ သိန်း ဝန်းကျင်၌သာ ရှိနေနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
အရောင်းအဝယ်အနေဖြင့် ပြည်တွင်း ရွှေဈေးကွက်တွင် လူငယ်ပိုင်းများက ဒီဇိုင်းပုံစံ အမျိုးမျိုး ပြောင်းလဲ ဝတ်ဆင်လာခြင်း၊ တချို့ရွှေဈေးတက်နေခြင်းကြောင့် အကျဈေးတွင် ဝယ်ထားသည့်သူများက ပြန်ရောင်းခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များက ရွှေ ၄ ပိဿာ၊ ၅ ပိဿာအထိ လာရောင်းသူသည့်သူများပင် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း က သိရသည်။
တိတ်စိန် ရွှေဆိုင်ပိုင်ရှင်က “ကျမတို့ ဆိုင်က ဒီ တနင်္လာနေ့က စဖွင့်တယ်။ အခု ဖွင့်ဖွင့်ချင်းကတော့ ဝန်ထမ်းလည်း တဝက်လောက်နဲ့ပဲ စဖွင့်ပါတယ်။ လုံခြုံရေးလည်း လုပ်ထားပါတယ်။ အဓိကတော့ ပိတ်ထားတဲ့ ရက်အတွင်းမှာ ကျမတို့ရဲ့ Customer တွေ၊ တချို့ ပစ္စည်းလဲချင်တဲ့သူတွေ ဖုန်းဆက်တဲ့အတွက် စဖွင့်တာပါ။ အပြင်လူတော့ သိပ်မရှိပါဘူး။ ကိုယ့်အ ရင် Customer တွေပဲ ရှိပါတယ်” ဟု ပြောသည်။
ရွှေဆိုင်များတွင် အရောင်းအဝယ်အားဖြင့် ပါးနေကြောင်း၊ သို့သော် ရွှေဆိုင်ကြီးများကမူ အွန်လိုင်းမှ နာမည်ကျော် သရုပ် ဆောင်များကို ခေါ်ယူ၍ Live လွှင့်ကာ ရောင်းချမှုများ ပိုများလာကြောင်း သိရသည်။
ကိုဗစ် ရိုက်ခတ်မှုကြောင့် ရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများထဲတွင် ရွှေပန်းထိန် လုပ်သားများလည်း ပါဝင်ပြီး ရွှေပန်းထိန် လုပ်ငန်း၊ ရွှေသန့်စင်သည့် ဖိုများ၊ ရွှေဆိုင်းလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်သား ၁ သောင်းကျော်လည်း လတ်တ လော အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရသည် ဟု ဦးမျိုးမြင့်က ပြောသည်။
ယင်းပြင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့် ရန်ကုန်မြို့တွင် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့် လက်ကားဈေးကြီး များလည်း စက်တင်ဘာလမှ စတင်ပြီး ယခုအချိန်ထိ ပိတ်ထားလျက် ရှိသည်။
You may also like these stories:
ဒေါ်လာဈေးကျ၊ ပို့ကုန်လုပ်ငန်းများ အခက်တွေ့
ကိုဗစ်ကာလအတွင်း ကုန်ကားပြေးဆွဲမှု ၆၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း