ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ယနေ့ နံနက်ပိုင်းက ရခိုင်အမျိုးသား ပါတီ (ANP) ကို ဝန်းရံသူ အင်အား ၂၀၀၀ ကျော် ခန့်မှာ ပါတီအောင်နိုင်ရေး သီချင်းဖွင့်ကာ ဆိုင်းဘုတ်များ၊ အလံများကို ကိုင်ဆောင်ပြီး ကား၊ ဆိုင်ကယ်များဖြင့် မြို့အတွင်း လှည့်လည် အင်အားပြခဲ့ကြောင်း သတင်း ရရှိသည်။
မာန်အောင်မြို့နယ် ANP ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သန်းက “ ကျနော်တို့ အစက လက်ကမ်းစာစောင်တွေ မျှဝေတာ။ အဲဒီမှာ ပါတီကို ထောက်ခံသူတွေက ဝန်းရံ ပါဝင်လာကြတယ်။ ဝန်းရံသူ ဦးရေကို ကျတော့ Mask ပေးတဲ့အခါ ကုန်သွားတာက ၂၀၀၀ လောက်ရှိတဲ့ အတွက်ကြောင့် လူ ၂၀၀၀ ကျော်ပါတယ်လို့ ပြောလို့ ရတယ်” ဟု ပြောသည်။
အဆိုပါ မဲဆွယ်စည်းရုံးရေးကို မြို့ဝင်ဆိုင်းဘုတ်က စတင်ပြီး မြို့တွင်း ရပ်ကွက်တိုင်းနှင့် လမ်းများကို နံနက် ၈ နာရီခွဲအချိန်မှ နေ့လယ် ၁၁ နာရီအထိ လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။
မာန်အောင်မြို့နယ်သည် ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီက အနိုင်ရခဲ့သည့် နေရာတခုဖြစ်သော်လည်း ယခုနှစ်တွင် ရခိုင်ပါတီများကို ဝန်းရံမှုပိုမိုများပြားလာနေကြောင်း ANP ကပြောဆိုသည်။
ယင်းသို့များလာရခြင်းကို ဦးကျော်သန်းက “ အခုလို ANP ကို မာန်အောင်က ပြည်သူများ ဝန်းရံလာရခြင်းဟာ ရခိုင်မှာ ရွေးကောက်ပွဲနယ်မြေတွေကို ချုံ့လိုက်တဲ့ အတွက် ဒီအစိုးရကို ဝေဖန်မှုတွေရှိခဲ့တယ်။ ဒါကြောင့် NLD ထက် ရခိုင်ပါတီ တွေကို မာန်အောင်ဒေသခံတွေက အားပေးလာတာဖြစ်တယ် ” ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ANP အမာခံဖြစ်သော နယ်မြေတို့တွင် ရွေးကောက်ပွဲ မရှိတော့သည့်အတွက် တောင်ပိုင်း မဲဆန္ဒနယ်များမှာ ပိုအရေးကြီးသောကြောင့် ယင်းသို့ အင်အားပြရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက ပြောဆိုနေကြသည်။
ထို့အတူ ANP အပါအဝင် ရခိုင်ပါတီများသည် တောင်ပိုင်းတွင် အောင်နိုင်မှသာ ပြည်နယ်အစိုးရဖွဲ့စည်းခြင်း၊ လွှတ်တော်ကို ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ANP ဗဟိုမူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းက အောက်တိုဘာလ ၂၁ ရက်နေ့က ဧရာဝတီကို ပြောဆိုထားသည်။
ယခုနှစ်ရွေးကောက်ပွဲအတွက် မာန်အောင်ကျွန်းတွင် ရခိုင်ပါတီများကိုသာ ပြည်သူတို့က ထောက်ခံမှု အားကောင်းနေပြီး ယင်းအထဲမှ ANP နှင့် ALD ပါတီနှစ်ခုသာ ပြိုင်ဆိုင်မှုပြင်းထန်မည်ဟု ဒေသခံများက သုံးသပ်နေကြသည်။
မာန်အောင်ဒေသခံ ကိုသီဟထွန်းက “ မာန်အောင်ကျွန်းမှာ ထိပ်သီး အင်အားကောင်းနေတာကတော့ ANP နဲ့ ALD တို့ ဖြစ်နေတာကို တွေ့တယ်။ သူတို့ပဲ ပြိုင်ဆိုင်မှုပြင်းထန်မယ် ” ဟုပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မာန်အောင်ပြည်သူအများစုက NLD ပါတီကိုမဲပေးခဲ့ကြသော်လည်း အနိုင်ရကိုယ်စား လှယ်များ၏ စွမ်းဆောင်မှုကို ပြည်သူများအားရကျေနပ်မှု မရှိခဲ့ချေ။ ယင်းကြောင့် ပြည်သူများ အတွက် လက်ရှိတွင် လူထုထောက်ခံမှု လျော့နည်းသွားရခြင်းဖြစ်ကြောင်းလည်း ကိုသီဟထွန်းက ထောက်ပြသည်။
ဆက်လက်ပြီး ၎င်းက “ ကျနော့် အမြင်ကတော့ NLD ကို လျော့ကျသွားတာက ပါတီရဲ့ မူဝါဒနဲ့ ဒေသအတွင်း လွှတ်တော် အမတ်တွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေနည်းပါးတဲ့ အတွက် လူထုတွေက ထောက်ခံမှု နည်းသွားတာ ” ဟု ဆိုသည်။
ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင် ဒေသအတွင်း လိုအပ်သည့် ကိစ္စရပ်များကို တင်ပြတောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ အကောင်အထည် ဖော်ဆောင်မှု အားနည်းခြင်းကြောင့် ပြည်သူများ အားမရခြင်းသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက တုံ့ပြန်ကြသည်။
မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင်က “ ကျနော်တို့က ကိုယ်ပေးတဲ့ ကတိတွေကို ကိုယ့်ဒေသအတွက် လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ တင်သွင်းတာလုပ်တယ်။ ဒါပေမယ့် အစိုးရပိုင်းက အကောင်အထည်ဖော်မှုနည်းတော့ အမတ်တွေ အလုပ်မလုပ်လို့ဘဲ ပြည်သူတွေက မြင်နေကြတာ ” ဟု ဆိုသည်။
ဦးသိမ်းမောင်မှာ NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သော်လည်း လက်ရှိတွင် ပါတီမှနှုတ်ထွက်ထားသည်။
လာမည့် ရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်အတွင်း နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းအထဲတွင် တသီးပုဂ္ဂလ ၆ ဦး ပါဝင်ကြောင်းလည်း သိရသည်။
မာန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ် လွှတ်တော်၂ နေရာနှင့် ပြည်သူ့ လွှတ်တော် ၁ နေရာကို NLD ပါတီက အနိုင်ရခဲ့သည်။
အလားတူ အောက်တိုဘာလ၂၁ ရက်နေ့ကလည်း တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသား ပါတီ (ANP) ကို ဝန်းရံသူ အင်အား ၂၀၀၀ ကျော်ခန့်မှာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များကိုင်ဆောင်ကာ အင်အားပြခဲ့ကြသည်။
You may also like these stories:
တောင်ကုတ်တွင် ANP ပါတီ အင်အားပြ လှည့်လည်
မြို့နယ် ၆ ခုကို ပြန်သုံးသပ်ပေးရန် TNP ပါတီက UEC ထံတင်ပြ