လာမည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီ နိုင်သည်ဖြစ်စေ တိုင်းပြည်ကောင်းအောင် လုပ်ရန်သာ အရေးကြီးကြောင်း သမ္မတဟောင်းလည်းဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌဟောင်းလည်း ဖြစ်သူ ဦးသိန်းစိန်က ယနေ့တွင် ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပါတီဝင်များနှင့် ပါတီဝန်းရံသူများထံသို့ ပေးပို့သည့် သတင်းစကားတွင် ဦး သိန်းစိန်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
“ရှုံးတာနိုင်တာကတော့ ရှိမှာပင် ဖြစ်ကြောင်း၊ နိုင်ရင်လည်း ဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ ပြောလိုကြောင်း၊ တိုင်း ပြည်ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးပါကြောင်း”ဟု ဦးသိန်းစိန်က သတင်းစကားပါးသည်။
ရွေးကောက်ပွဲကလည်း နီးကပ်လာပြီ ဖြစ်၍ သန့်သန့်ရှင်းရှင်းနှင့် ယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်ကာလနှင့် ရွေးကောက်ပွဲ တိုက်ဆိုင်နေသည်မှာလည်း ကံဆိုးသည်ဟု ပြောရမည် ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုသည်။
“ပြည်သူတွေ မဲသွားပေးချင်ပေမဲ့ ရောဂါကူးစက်မှာကို ကြောက်နေကြပါကြောင်း၊ မတတ်နိုင်ပါ။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း သာ ဖြစ်ပါကြောင်း၊ မဲသွားပေးမယ်ဆိုရင်တော့ ရောဂါမကူးစက်နိုင်အောင် ကိုယ့်ကိုကိုယ် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် များနဲ့အညီ စနစ်တကျ ကာကွယ်ကြရန် အထူးလိုအပ်ပါကြောင်း”ဟုလည်း ဦးသိန်းစိန်က ပြောသည်။
ယခု COVID – 19 ရောဂါသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး၊ ရဟန်းရှင် လူမရွေး အသက်များကို နှုတ်ယူ သွားခြင်းဖြစ်၍ အလွန်ကြောက်ဖို့ ကောင်းကြောင်း၊ သတိထား၍ ဆောင်ရွက်ကြပါဟု ပြောကြားလိုပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ပါတီဝင်/ပါတီဝန်းရံသူများအားလုံး ကိုဗစ်ကပ်ရောဂါမှ ကင်းဝေးပါစေဟု နေ့စဉ် ဆုတောင်းမေတ္တာ ပို့သ
နေကြောင်း ပြောဆိုထားသည်။
သမ္မတဟောင်း ဦးသိန်းစိန်သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အောင် နိုင်ရေး အကူအညီပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယခုအခါ ကိုဗစ်ကာလ Second Wave ကြောင့် မဲဆွယ် ပေးနိုင်တော့မည် မဟုတ်ကြောင်း ဦးသိန်းစိန်၏ အနီးကပ် တပည့်တဦးဖြစ်သူ ဦးအောင်ပိုင်မင်းက ပြောသည်။
“သူ(ဦးသိန်းစိန်) ထွက်လာလို့ ရှိရင် သူ့ခရီးတိုင်းမှာ လိုက်မှာတွေ၊ လူစုလူဝေး ဖြစ်မှာတွေ စိုးရိမ်တယ်နဲ့ တူပါတယ်။ အဲဒါကြောင့် အခုလို အပြင်မထွက်တော့တာလို့ မြင်ပါတယ်။ အခု သူကိုယ်တိုင်လည်း အိမ်ထဲက မထွက်ဘူးလေ”ဟု ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန် ပါတီအတွက် မဲဆွယ်ပေးမည် ဖြစ်သော်လည်း ပါတီတာဝန်၊ နိုင်ငံ့တာဝန်များကို ပြန်လည် ရယူ မည် မဟုတ်ကြောင်း၊ ၎င်းပါတီ ဥက္ကဌ တာဝန်ယူစဉ်က ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ခြင်းအပေါ် တာဝန်ရှိသည်ဟု ခံယူပြီး ပါတီ ပြန်လည် အောင်နိုင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ထိုစဉ်က ပါတီတာဝန်ရှိသူများကလည်း ပြောဆိုထားသည်။
သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောစကားတွင် ကြံ့ခိုင်ရေးပါတီကို မဲဆွယ်ပေးသည့် စကား ပါဝင်မလာခြင်းမှာ သဘောထားကြီးသည့် နိုင်ငံ့ခေါင်းဆောင်ဟောင်းတယောက်ကဲ့သို့ မေတ္တာဖြင့် မဲပေးလိုသူများကို ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း သီပေါ မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။
“ဒါက ပိုတောင် ထိရောက်သေးတယ်။ ပြည်ခိုင်ဖြိုးကို မဲထည့်ပါ။ ဘာလုပ်ပေးမှာ၊ ညာလုပ်ပေးမှာလို့ ပြောရင် တကိုယ်ကောင်းဆန်သလို ဖြစ်နေမှာ။ အခုလို နည်းနည်းလေး မျှမျှတတနဲ့ သဘောထားကြီးတဲ့ ပုံစံနဲ့ ပြောတော့ ပိုပြီးတော့ လူတွေက လေးစားလာနိုင်တာပေါ့။ ဒါလည်း မဲဆွယ်နည်းတမျိုးပဲ”ဟု ပြောသည်။
တပ်မတော်တွင် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဦးသိန်းစိန်သည် တပ်မတော်မှ တည်ထောင်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီမှ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ ပါတီနှင့်အတူ အနိုင်ရကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးချယ်မှုကြောင့် ၂၀၁၁ ခုနှစ် မတ်လတွင် တိုင်းပြည်၏ ၉ ဦး မြောက် သမ္မတ ဖြစ်လာခဲ့သည်။
ဦးသိန်းစိန်သည် ၁၉၆၈ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ မှ သင်တန်း ဆင်းခဲ့သူတဦး ဖြစ်ပြီး အဆင့်ဆင့် ရာထူး တိုး ခဲ့ရာ ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီး၊ ၁၉၉၂ ခုနှစ်တွင် ရန်ကုန် စစ်ရုံးချုပ်တွင် စစ်ဦးစီး အရာရှိ၊ ၂၀၀၂ ခုနှစ် တွင် ဒုတိယ ဗိုလ် ချုပ်ကြီး၊ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၂၊ ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး ၁နှင့် ၂၀၀၇ တွင် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။
သမ္မတ ဖြစ်လာသည့်အခါ ၎င်း၏ ဆောင်ရွက်မှုတချု့ိ နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီကို တရားဝင် နိုင် ငံရေး လမ်းကြောင်းထဲသို့ ဆွဲခေါ်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေးသမား အဖြစ် မီဒီယာများ၏ ထုတ်ဖော်ချီးကျူးမှုကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီကို လွှတ်တော်လမ်းကြောင်းသို့ ဝင်ခွင့်ပြုခဲ့ခြင်း၏ ရလဒ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် သောင်းပြိုကမ်းပြို အနိုင်ရပြီး အစိုးရ ဖွဲ့ နိုင်သည့်အခါတွင် ဦးသိန်းစိန်သည် ကြံ့ခိုင်ရေး လူဟောင်းတချို့၏ အပြစ်တင်ခြင်းကိုလည်း ခံခဲ့ရသည်။
ဦးသိန်းစိန်သည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကျုံကူးရွာဇာတိဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးသားတဦး ဖြစ်သည်။ ၎င်းက သားသမီး ၃ ဦး ထွန်းကားခဲ့ကာ လက်ရှိတွင် ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့်အတူ နေပြည်တော်တွင် နေထိုင်လျက် ရှိသည်။
You may also like these stories:
လွှတ်တော်တွင်း တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကြံ့ခိုင်ရေး ကာကွယ်ပြောဆို
၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်