ပြည်သူများ နေအိမ်၌သာ နေထိုင်ကြရန် Stay at Home အမိန့်ကြေညာထားသည့် ပုသိမ်မြို့တွင် လူစုလူဝေးဖြင့် ပါတီ အင်အားပြ လှည့်လည်ပွဲ ဦးဆောင်ခဲ့သူ၂၂ ဦးကို အရေးယူသွားရန် ဧရာဝတီတိုင်း ဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီက ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
ပုသိမ်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများက အောက်တိုဘာလ ၁၇ ရက်၊ ၁၈ ရက်နှင့်၂၀ ရက်တို့တွင် Stay at Home အမိန့် ချိုးဖောက်၍ ပါတီများအင်အားပြ လှည့် လည်ခဲ့ရာ အဆိုပါ လှည့်လည်ပွဲများ ဦးဆောင်သူ၂၂ ဦးကို အရေးယူရန် ပုသိမ်မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မ တီက ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် တိုင်းအဆင့် ကိုဗစ် ကော်မတီထံသို့ တင်ပြခဲ့သည်။
ဧရာဝတီတိုင်း ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက ခွင့်ပြုသည့်အတွက် ပုသိမ်မြို့နယ် ကိုဗစ် ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်သည့် ဦးရာဇာအေးက တရားလိုပြု၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဥပဒေဖြင့် အင်အားပြ လှည့်လည်မှု ဦးဆောင်သူ NLD ပါတီ ထောက်ခံသူ ၁၇ ဦးနှင့် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ၅ ဦးတို့အား ပုသိမ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။
ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက “ပါတီတွေ လှည့်လည် အင်အားပြမှုတွေက အောက်တိုဘာ ၁၇၊ ၁၈ နဲ့ ၂၀ ရက်တွေမှာ ဖြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ပါတီ၂ ခုစလုံးက ဦးဆောင်သူ၂၂ ဦးကို အရေးယူဖို့ တင်ပြတဲ့အခါမှာ တရားစွဲ ဆိုဖို့ ညွှန်ကြားတဲ့အတွက် သူတို့တွေကို စခန်းမှာ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်မှာပါ။ အဓိကတော့ Stay at Home အမိန့် ချိုးဖောက်တဲ့အတွက် အများပြည်သူ ကျန်းမာရေး အလို့ငှာ အခုလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပုသိမ်မြို့တွင် NLD ပါတီ ထောက်ခံသူများမှ အင်အားပြ လှည့်လည်ရာတွင် မြို့ပေါ် ရပ်ကွက်များနှင့် မြို့အနီး ကျေးရွာများ မှ လူ ၁ သောင်းခန့်မှာ ဆိုက်ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အိုးဝေ၊ မော်တော်ကားများ၊ ဆင်အကတို့ဖြင့် အုပ်စုလိုက် လှည့်လည်ကြခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှလည်း ပုသိမ်မြို့ပေါ်နှင့် မြို့အနီးကျေးရွာများတွင် ဆင်အက၊ ကားများ၊ ဆိုင် ကယ်များဖြင့် အပြိုင်အဆိုင် လှည့်လည် အင်အားပြ မဲဆွယ်ခဲ့ကြသည်။
အဆိုပါ အင်အားပြလှည့်လည်မှုများမှာ NLD ပါတီနှင့်ပတ်သက်မှု မရှိဘဲ ပြည်သူများ ၎င်းတို့၏သဘောထား ဆန္ဒအရ ပါတီ ကို ထောက်ခံလှည့်လည်ကြခြင်း ဖြစ်ကြောင်း၊ မိမိတို့ NLD ပါတီဝင်များကိုလည်း ထောက်ခံပွဲများတွင် မပါဝင်ရန် ညွှန်ကြား ထားကြောင်း ပုသိမ်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဌေးက ပြောသည်။
ပုသိမ်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်ထွန်းဇော်ကလည်း “ကျနော်တို့က ပုသိမ်မှာ Stay at Home ဖြစ်နေတဲ့ အတွက် ပါတီ ထောက်ခံသူတွေ မလှည့်ကြဖို့ အစကတည်းက ပြောထားပါတယ်။ ဒါပေမယ့် ထောက်ခံသူတွေက သူတို့ သဘောဆန္ဒနဲ့ လှည့်လည်ကြတဲ့အခါမှာ အခုလို အရေးယူမှုတွေ ရင်ဆိုင်ရတော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသည့် ပုသိမ်၊ မအူပင်နှင့် ဖျာပုံ မြို့နယ်တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှစတင်၍ Stay at Home အမိန့် ထုတ်ပြန်ကြေညာ ထားသည်။
ပုသိမ်မြို့တွင်လည်း စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ကူးစက်မြန် COVID – 19 ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွား
ခဲ့ပြီး အောက်တိုဘာလ၂၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာ ၁၆၁ ဦး ထိရှိခဲ့သည်။
ယင်းလူနာများအနက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရသူ ၁၅၇ ဦး ရှိခဲ့ပြီး လက်ရှိ အချိန်တွင် ပုသိမ် ဆေးရုံ၌ ကိုဗစ်လူနာ ၄ ဦး ကုသမှု ခံယူနေကြောင်း သိရသည်။
You may also like these stories:
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူပေါင်း သန်း ၄၀ ကျော်ပြီ
စက်ရုံများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကိုဗစ်ပိုး စစ်ဆေးမှု ဥပဒေအရ အရေးယူခံရနိုင်