ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမှတ် ၉၀၅ အင်ဂျင်နီယာတပ်မှ ကြိုတင်မဲ ၅၈ မဲမှာ မဲလက်မှတ်ထည့်သည့် စာအိတ်ငယ်များ ပွင့်နေသည့်အတွက် ထည့်သွင်းရေတွက်ခြင်း မပြုတော့ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဆုံးဖြတ်လိုက်ကြောင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ထံက သိရသည်။
အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက “ထည့်မရေဘူးဆိုပြီးတော့ မြို့နယ်က ဆုံးဖြတ်တယ်။ ဒါကမြို့နယ်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့အတွက် မြို့နယ်ရဲ့ဆုံးဖြတ်ချက်ကို ကျနော်တို့က ဝင်ရောက် မစွက် ဖက်ဘူး၊ မြို့နယ်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ရှိနေတယ်။ နောင်မှာ ရွေးကောက်ပွဲတွေမှာ အခုလိုပြဿနာမျိုးတွေ မဖြစ် အောင် သုံးသပ်ချက်တွေ တိုင်းကို တင်ပါမယ်၊ တိုင်းကနေ ပြည်ထောင်စုကိုဆက်တင်မှာပေါ့။ UEC ကမှ တဆင့် တခုခု ညွှန်ကြားရင်တော့လည်း ညွှန်ကြားတဲ့အတိုင်း ဖြစ်လာမှာပေါ့”ဟု ပြောသည်။
ဒုတိယအကြိမ် မဲစာရင်းမထုတ်ပြန်မီအထိ အနောက်ပိုင်းခရိုင်တခုလုံး အနေဖြင့် ကြိုတင်မဲပေးမည့် တပ်မတော်သားနှင့် မိသားစုဝင်အရေအတွက်မှာ ၁၀၂၀၂ ဦးရှိပြီး ဆန္ဒမဲပေးပြီး ကြိုတင်မဲများ စတင်ကော်မရှင်အသီးသီးသို့ ပေးပို့လျက် ရှိရာတွင် ယခုကဲ့သို့ မဲလက်မှတ်ပါ စာအိတ်ငယ်များ ပွင့်နေသည့်ဖြစ်စဉ်မျိုး အခြားမြို့နယ်များတွင် မကြားရသေး ကြောင်းလည်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
အင်ဂျင်နီယာတပ်မှ ပေးပို့လာသည့် ကြိုတင်မဲစာအိတ်များအတွင်း အများအရှေ့၌ ဖွင့်ဖောက်စစ်ဆေးရာမှ အတွင်းရှိ မဲလက်မှတ်များ ထည့်ထားသည့် စာအိတ်အားလုံး ပွင့်နေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး ယင်းအချက်သည် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကန့်ကွက်ခဲ့သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ-၆၀(က)(၁) တွင် တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များသည် ကြိုတင်မဲပေးပြီးသည့်အခါ မဲလက်မှတ်များအား စာအိတ်အတွင်းထည့်သွင်းပြီး လုံခြုံစွာပိတ်ကာ တာဝန်ရှိသူထံ အပ်နှံ ရမည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းအပြင် မဲလက်မှတ်များ ပေးပို့စဉ်ကလည်း လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား တပါတည်း ထည့်သွင်း ပေးပို့ခဲ့ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောသည်။
NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်းက “ဆန္ဒမဲလက်မှတ်ပါတဲ့ အိတ်တိုင်းက ပိတ် မထားဘူး။ ဒါက လုံခြုံစွာပိတ်ရမယ့်ကိစ္စ၊ နည်းဥပဒေမှာ ပါပြီးသား။ ဒါမှားယွင်းနေတယ်။ လုပ်ဆောင်မှု တော်တော်ကြီးကို လွန်လွန်ကဲကဲ မှားယွင်းနေတယ်ပေါ့နော်။ ကျနော်တို့အနေနဲ့ ဒါကို လက်မခံနိုင်တော့ဘူး၊ ကန့်ကွက်တယ်ပေါ့။ ဒါနဲ့ ၉၀၅ အင်ဂျင်နီယာတပ်ရင်းက လာတဲ့ကြိုတင်မဲတွေကို ထည့်သွင်းရေတွက်ခြင်းမပြုတဲ့ အကြောင်းကို မြို့နယ်ကော်မရှင်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးတယ်”ဟု ပြောသည်။
ယင်းအပြင် ကုတင် ၅၀၀ စစ်ဆေးရုံးက ပေးပို့လာသည့် မဲစာအိတ်များတွင်လည်း မဲလက်မှတ် ထည့်သွင်းထားသည့် စာအိတ်ငယ် ၆ ခုမှာ ပွင့်နေသည်ကို ထပ်မံတွေ့ရှိခဲ့သော်လည်း အနည်းအကျဉ်းသာဖြစ်၍ မတော်တဆ မေ့လျော့မှု ပုံစံသာဖြစ်သည့်အတွက် ကန့်ကွက်မှုမရှိဘဲ ခွင့်ပြုပေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ ဒဂုံမြို့နယ်အတွင်း တပ်မတော်မှ ကြိုတင်မဲအနေဖြင့် အဆင့်မြင့်ဆက်သွယ်ရေး တပ်မှ ၁၀၇ မဲ၊ ကုတင် ၅၀၀ စစ်ဆေးရုံမှ ၁၂၁ မဲနှင့် အမှတ် ၉၀၅ အင်ဂျင်နီယာတပ်မှ ၅၈ မဲရောက်ရှိခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ဒဂုံမြို့နယ်အတွင်း NLD ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲဆန္ဒနယ်အလိုက် ယှဉ်ပြိုင်မည့် ကိုယ်စားလောင်း အနေဖြင့် ပြည်သူ့လွှတ်တော် ၄ ဦး၊ အမျိုးသားလွှတ်တော်အမှတ် ၁၁ နေရာတွင် ၄ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)နှင့် အမှတ်(၂) တို့တွင် ၄ ဦးစီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဒဂုံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ(ခ)ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)အား ပါတီဖျက်သိမ်းကာ ပါတီကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က အောက်တိုဘာ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည့်အတွက် ယှဉ်ပြိုင်မရှိတော့ဘဲ ပါတီ ၄ ခုသာ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
You may also like these stories:
ANP ပါတီ အောင်နိုင်ရေး မာန်အောင်တွင် အင်အားပြပြန်
AA ဖမ်းထားသည့် ကိုယ်စားလှယ် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD တောင်းဆို
မြို့နယ် ၆ ခုကို ပြန်သုံးသပ်ပေးရန် TNP ပါတီက UEC ထံတင်ပြ