ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပသည့် နယ်မြေအဖြစ် ကြေညာခြင်းအား ပြန်လည်စိစစ် ပေးရန် ရခိုင့်ဦးဆောင်ပါတီ(AFP) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ အောက်တိုဘာ ၂၂ ရက်နေ့က စာပို့တောင်းဆိုထားကြောင်း သတင်း ရရှိသည်။
ထိုသို့ တောင်းဆိုသည့် AFP ပါတီမှ ပေါက်တောမြို့နယ် ကိုယ်စားလှယ်လောင်း ၄ ဦးမှာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်မတင်ညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးခင်နုနှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်၂ မှ ကိုယ်စားလှယ် လောင်း ဦးထွန်းသိန်း တို့ ဖြစ်ကြသည်။
တောင်းဆိုရာတွင် ပါဝင်သည့် ပြည်နယ်လွှတ်တော် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးခင်နုက “ဒီမြို့နယ်မှာ တိုက်ပွဲ၊ စစ် ဘေးရှောင်၊ သဘာဝဘေးအန္တရာယ်တွေ ဘာပြဿနာမှ မရှိဘဲ UEC က ချန်လှပ်ထားခဲ့တာ တရားနည်းလမ်းမကျဘူးလို့ မြင်တယ်။ ဒီလို ချန်ထားခဲ့တဲ့အတွက် လူသားတိုင်းရဲ့ ဒီမိုကရေစီစံနှုန်း အမြင့်ဆုံး ဖြစ်တဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့် အရေး ဆုံးရှုံးတာကြောင့် ပြန်လည် စိစစ်ပေးဖို့ တောင်းဆိုတာ” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်၍ “ပေါက်တောမြို့နယ်ဟာ ကျောက်တော်၊ မြောက်ဦး တို့နဲ့ မတူတဲ့အတွက် ရွေးကောက်ပွဲ ဖြစ်မယ် ထင်ပြီး ဝင်ပြိုင်ဖို့ လုပ်ခဲ့တာ။ ပြည်သူတွေကလည်း ဆန္ဒမဲ ပေးချင်နေကြတယ်။ အဲဒီမှာ ပေါက်တောကို ရွေးကောက်ပွဲ ချန် လှပ်ထားပြီး အခုမှ ချင်းပြည်နယ် ပလက်ဝကို ထည့်ထားတာဟာ တကယ့်ကို ရုပ်ဆိုးတယ်” ဟု ဆိုသည်။
လာမည့် အထွေထွေ ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တောမြို့နယ် အပါ အဝင် ၉ မြို့နယ်နှင့် တခြား ၄ မြို့နယ်ထဲမှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၇ ရွာ တို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် UEC က ကြေညာခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်က ကာကွယ်ရေး၊ ပြည်ထဲရေးတို့ တင်ပြ မှုတွေနဲ့ ဆုံးဖြတ်တာလို့ ပြောထားတဲ့အတွက် ကျနော်တို့ ပါတီကတော့ ဒီပေါက်တော အခြေအနေကို စောင့်ကြည့်၊ သုံး သပ်နေသေးတယ်
ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ကိစ္စမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့်သာ ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် အစည်းအဝေးလုပ်ကာ တခုခု ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “လာမယ့် ရက်ပိုင်းမှာ ပြည်နယ် ရွေး ကောက်ပွဲ စေ့စပ်ညှိနှိုင်းရေး ကော်မတီမှာ အစည်းအဝေး လုပ်မယ်။ အဲဒီကနေ ဒီကိစ္စတွေကို ဘယ်လို လုပ်မလဲ ဆိုတာကို သိရမှာ။ ကျနော်တို့ဘက်တော့ တင်ပြပေးလို့ ရတာတွေကို တင်ပြမယ်” ဟု ဧရာဝတီကို ပြောသည်။
AFP ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ပေါက်တောမြို့နယ်သို့ ပါတီ မိတ်ဆက်ခြင်းနှင့် ပါတီရုံးဆိုင်းဘုတ် တင်လုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာများသို့ ကွင်းဆင်းသောအခါ နယ်မြေ အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး မဲဆန္ဒ ရှင်ပြည်သူများလည်း လုံခြုံမှုရှိသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း ကိုယ်စားလှယ်လောင်းများက ပြောဆိုကြသည်။
ပေါက်တောမြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခြင်း ကိစ္စရပ်ကို ပြန်လည် စိစစ်ပေးရန် တောင်းဆိုမည့် ကိစ္စကို ကျန် ရခိုင် ပါတီများကလည်း စောင့်ကြည့်နေလျက်ရှိသည်။
ရခိုင် အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက “ရွေးကောက်ပွဲ ကော်မရှင်က ကာကွယ်ရေး၊ ပြည်ထဲရေးတို့ တင်ပြ မှုတွေနဲ့ ဆုံးဖြတ်တာလို့ ပြောထားတဲ့အတွက် ကျနော်တို့ ပါတီကတော့ ဒီပေါက်တော အခြေအနေကို စောင့်ကြည့်၊ သုံး သပ်နေသေးတယ်” ဟု ဆိုသည်။
ပေါက်တောမြို့နယ် အတွင်းရှိ ပြည်သူတို့မှာလည်း ရွေးကောက်ပွဲတွင် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို မဲ ထည့်ရန် ဆန္ဒများ ရှိနေကြသော်လည်း ယခုလို ချန်လှပ်ခြင်း ခံရသည့်အတွက် အစိုးရအပေါ် အားမရမှုများ ရှိနေကြောင်း သိရသည်။
ပေါက်တောမြို့ခံ ကိုအောင်ခိုင်က “ဒီရွေးကောက်ပွဲ မလုပ်ခဲ့ရင် နိုင်ငံရေးအရ လူထုအသံက ပျောက်ကွယ်သွားမယ်။ နောက်ပြီး ကျနော်တို့ရဲ့ရပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ်။ ဒါကြောင့် အစိုးရဘက်ကလည်း ဒီဒေသကို ရွေးကောက်ပွဲ လုပ် ပေးသင့်တယ်” ဟု ထောက်ပြ ပြောဆိုသည်။
ပေါက်တောမြို့နယ်တွင် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၅၃ စု ရှိပြီး မဲပေးခွင့်ရှိသူ ဦးရေ ၁ သိန်း ၁ သောင်းကျော်ရှိကာ ၊၂၀၁၅ ရွေးကောက်ပွဲ၌ ပေါက်တောမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် နေ ရာအားလုံးတွင် ရခိုင် အမျိုးသားပါတီ (ANP) က အနိုင် ရရှိခဲ့သည်။
You may also like these stories:
တပ်ချုပ်၏ မူဝါဒ ၆ ချက် မြဝတီသတင်းစာတွင် ဖော်ပြမှု UEC ကိုယ်တိုင် ကန့်ကွက်
ဝေဖန်ခံနေရသည့် ကိုယ်စားလှယ်လောင်းကို ဖယ်ရှားရန် အစီအစဉ် မရှိဟု ပြည်သူ့ရှေ့ဆောင်ပါတီဆို
ရခိုင်၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်များ မထုတ်ပြန်သေးခြင်း ကိုယ်စားလှယ်လောင်းများ ဝေဖန်