သတင်း

ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံ အားလုံး ပြန်လည်ပိတ်သိမ်းရန် အစိုးရ ညွှန်ကြား

Want create site? Find Free WordPress Themes and plugins.

ကူးစက်မြန် COVID– 19 ရောဂါ ဖြစ်ပွားနေဆဲ ဖြစ်၍ ဧရာဝတီတိုင်း ဒေသကြီးရှိ စက်မှုဇုန်များမှ အထည်ချုပ် စက်ရုံ အားလုံး ရက်အကန့်အသတ်မရှိ ယာယီ ပိတ်သိမ်းရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့ ညွှန်ကြားထား ကြောင်း သတင်း ရရှိသည်။

ယင်းစက်ရုံများကို အောက်တိုဘာ ၈ ရက်မှ ၂၁ရက်အထိ ယာယီပိတ်သိမ်းစေခဲ့ပြီးနောက် သတ်မှတ်ရက် ပြည့်သဖြင့် အောက်တိုဘာ ၂၂ ရက်တွင် စက်ရုံအများစုမှာ ပြန်လည်ဖွင့်လှစ် လည်ပတ်ခဲ့ကြရာ ယခုအခါ ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းအဆင့် COVID – 19 ထိန်းချုပ်ရေး ကော်မတီက ပိတ်သိမ်းရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီး၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက “စက်ရုံတွေကို စစ်ဆေး တဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ကိုဗစ်ကာကွယ်ရေး အဆင့်မီအောင် ဆောင်ရွက် ထားတဲ့ A အဆင့်ရတဲ့ စက်ရုံ ၁၁ ရုံ ရှိပါတယ်။ အဲဒီ စက်ရုံတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးဖို့အတွက် အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို တင်ပြထားတယ်။ ကော်မတီဆီကနေ ခွင့်ပြုမိန့် စောင့်နေတဲ့ ဒီလို ကြားကာလမှာ ခွင့်ပြုမိန့်မရဘဲ စက် ရုံတွေ ပြန်ဖွင့်တယ် ဆိုတာမျိုး ဖြစ်မှာစိုးတဲ့အတွက် စက်ရုံလုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းထားဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း ကိုဗစ်ထိန်းချုပ်ရေး ကော်မတီ၏ ညွှန်ကြားစာမှာ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်သော်လည်း စက်ရုံများဆီသို့ ယနေ့ နံနက်ပိုင်းမှ ရောက်ရှိသည့်အတွက် ပုသိမ် စက်မှုဇုန်မှ တချို့သော စက်ရုံများမှာ အလုပ်ပိတ်၍ အလုပ်သမားများကို အိမ်ပြန်လွှတ်ခဲ့ကြပြီး စက်ရုံတချို့ကတော့ ယနေ့ ၁ ရက်တာ ဆက်လက် ဖွင့်လှစ်လုပ်ကိုင်နေ ကြောင်း သိရသည်။

ပုသိမ်စက်မှုဇုန် Amava Apparel စက်ရုံမှ တာဝန်ရှိသူတဦးက “တရားဝင် အကြောင်းကြားစာက ကျမတို့ဆီကို ဒီကနေ့ မနက်ပိုင်း ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာ အလုပ်သမားတွေကို အိမ်ပြန်လွှတ်ခဲ့ပြီး ကျမတို့ စက်ရုံ ပိတ်သိမ်းခဲ့ ပါတယ်။ ပိတ်ဖို့ ညွှန်ကြားတာတော့ ပုသိမ်စက်မှုဇုန်က စက်ရုံ အားလုံးကို ညွှန်ကြားထားတယ်လို့ သိရတယ်။ ဘယ်နေ့ ပြန်ဖွင့်ရမယ်လို့တော့ စာထဲမှာ မပါဘူး။ ပြန်ဖွင့်ရမယ့် ရက်ကို သူတို့ အကြောင်းကြားမယ်လို့ပဲ သိရပါတယ်” ဟု ပြော သည်။

ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း ကိုဗစ်ထိန်းချုပ်ရေး ကော်မတီ်သည် တိုင်းအတွင်းရှိ အထည် ချုပ် စက်ရုံများနှင့် ပတ်သက်၍ အမိန့် ညွှန်ကြားချက် ထုတ်ရာတွင် နောက်ကျကြောင်း၊ ထို့အတွက် အထည်ချုပ် လုပ်ငန်း ရှင်များနှင့် အထည်ချုပ် အလုပ်သမား ၁သောင်းကျော်မှာ အမြဲ အခက်ကြုံရကြောင်း သိရသည်။

ဧရာဝတီတိုင်း အစိုးရမှ ရောဂါထိန်းချုပ်ရန် အထည်ချုပ် စက်ရုံများကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက် အထိ ပထမအကြိမ် ပိတ်သိမ်းရာတွင်လည်း အမိန့်စာမှာ နောက်ကျပြီး အလုပ်စတင်ပိတ်သည့် နေ့မှ ထွက်ရှိခဲ့သလို
အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ၂၁ ရက်အထိ ဒုတိယအကြိမ် ထပ်မံ ပိတ်သိမ်းရာတွင် တရားဝင် အမိန့်စာမှာ အောက်တိုဘာ ၁၄ ရက်မှ ထွက်ရှိခဲ့သည်။

ယခုအခါ ပိတ်သိမ်းခြင်း ရက်ပြည့်ခဲ့သဖြင့် အစိုးရက မည်သည့် ညွှန်ကြားမှုမှ မလုပ်သည့်အတွက် အထည်ချုပ်စက်ရုံများ ကို အောက်တိုဘာ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ရာ တတိယအကြိမ် ပိတ်သိမ်းရန် အမိန်စာ ထုတ်ပြန်လာခြင်းဖြစ်ပြီး၊ ယင်းအမိန်စာသည်လည်း အောက်တိုဘာ ၂၃ရက် နံနက်ပိုင်းမှသာ မိမိတို့ထံ ရောက်ကြောင်း ပုသိမ်စက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်များက ထောက်ပြသည်။

ပုသိမ်စက်မှုဇုန်မှ အထည်ချုပ် စက်ရုံတာဝန်ရှိသူ တဦးက“အစိုးရရဲ့ အမိန့်ညွှန်ကြားချက်တွေက အချိန်နဲ့ တပြေးညီ မရောက်တော့ အလုပ်သမားတွေရော ပိုင်ရှင်တွေရော အခက်အခဲ ဖြစ်တယ်။ လုပ်ငန်းကို Plan (စီမံချက်) ဘယ်လို ဆွဲရ မှန်းကို မသိလောက်အောင် ဖြစ်နေတာ။ အလုပ်သမားတွေဆို မြို့ပေါ်တက် အလုပ်လုပ်ရတော့ အိမ်ပြန်ရမှာလား၊ ဆက် နေရမှာလား အဆောင် ပြန်အပ်ရမှာလား ဆိုတဲ့ မရေမရာမှုတွေ၊ ဒုက္ခတွေ အများကြီး ကြုံရတယ်။ ဒါကြောင့်ညွှန်ကြားချက် တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် အထည်ချုပ် စက်ရုံ ၁၂ ရုံ ရှိပြီး အလုပ်သမားပေါင်း ၁ သောင်း ၅ ထောင်ခန့် အလုပ် လုပ် ကိုင်နေကြောင်း တိုင်းအစိုးရ စာရင်းများ အရ သိရသည်။ ဧရာဝတီတိုင်း၏ အကြီးဆုံးဖြစ်သည့် ပုသိမ် စက်မှုဇုန် တခု တည်းမှာပင် အထည်ချုပ်စက်ရုံ ၈ ရုံ ရှိပြီး အလုပ်သမားပေါင်း ၁ သောင်းကျော် အလုပ်လုပ် နေသည်။

အလုပ်သမား အများစုမှာ ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျုံပျော် စသည့် ဒေသများမှ ဖြစ်သည့်အတွက် Stay at Home ကြေညာထားသည့် ပုသိမ်မြို့မှ နေရပ်ပြန်လျှင် ကွာရန်တင်း ၁၄ ရက် ဝင်ရမည့် အခြေအနေကြောင့် စက်ရုံပိတ်သော်လည်း ပုသိမ်မြို့ရှိ အဆောင်များတွင် ဆက်လက်နေထိုင်ကာ အလုပ် ပြန်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေသူ ထောင်နှင့်ချီ ရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရ အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းအထိ ဧရာဝတီတိုင်းတွင် ကိုဗစ် အတည်ြ့ပုလူနာ ၇၄၆ ဦး ရှိပြီး အဆိုပါ လူနာများအနက် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၅၁၈ ဦး ရှိသဖြင့် လက်ရှိတွင် ကိုဗစ်အတည်ြ့ပုလူနာ၂၂၈ ဦးမှာ တိုင်းအတွင်းရှိ ဆေးရုံများတွင် ကုသမှု ခံယူနေဆဲ ဖြစ်သည်။

You may also like these stories:

ကိုဗစ်ကြောင့် ဧရာဝတီတိုင်းအတွင်းမှ အထည်ချုပ်စက်ရုံများ ၁၄ ရက် ထပ်မံပိတ်သိမ်းရ

ပုသိမ်မြို့အထည်ချုပ်စက်ရုံ၂ ရုံတွင် ကိုဗစ်ပိုးကူးစက်ခံရသည့် အလုပ်သမားများတွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading