သတင်း

ဦးဂါရွာသူအမှု စစ်တရားရုံးဖွဲ့၍ စစ်ဆေးနေဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီး ၁ ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်သည် ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေတပ်နယ်တွင် စစ်တရားရုံးဖြင့် စစ်ဆေး ဆောင်ရွက်နေကြောင်း တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် အမှုအခြေအနေနှင့်ပတ်သက်ပြီး ဧရာဝတီမှ မေးမြန်ခဲ့ရာ အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က “အဲဒီ ဦးဂါရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စစ်တွေမှာ စစ်ဆေးလျှက်ရှိပါတယ်။ တပ်မတော် အက်ဥပဒေ အရပါ မကပါဘူး၊ နယ်ဘက် ဥပဒေ အရပါ အရေးယူသွားပါမယ်။ ကျနော်တို့ ပြောထားတဲ့အတိုင်း ပြင်းထန်ထန် အရေးယူပါမယ်” ဟု ပြောသည်။

အဆိုပါ အရေးအား လိုက်ပါကူညီသူ ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဌ ဒေါ်ညိုအေး ကတော့ ဦးဂါရွာသူအမှုတွင် ကျူးလွန်သူ တပ်မတော်သားများအား စစ်တရားရုံးမှ စစ်ဆေးနေသည်ဟုသာ သိရွိရပြီး လက်ရှိအချိန်အထိ ကယကံရှင် မိသားစု အပါအဝင် လိုက်ပါကူညီသူ အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း တိတိကျကျ တခုမှ မသိရှိရသဖြင့် ပွင်းလင်းမြင်သာမှုရှိအောင် အရပ်ဘက်တရားရုံးသို့ လွဲပေးရန် လိုအပ်ကြောင်း ပြောသည်။

ဒေါ်ညိုအေးက “ဦးဂါရွာသူ အမှုနဲ့ ပတ်သက်ပြီး အခုထိ ဘာမှ မသိရဘူး။ တစုံတရာ အကြောင်းကြားတာလည်း မရှိဘူး၊ ရဲတပ်ဖွဲ့ကိုမေးကြည့်တော့လည်း သူတို့ကလည်း အကြောင်းမပြန်နိုင်သေးဘူးလို့ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ Legal Clinic Myanmar (LCM) စစ်တွေရုံး (ခွဲ) မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကလည်း ၎င်းအမှုနှင့် ပတ် သက်ပြီး စစ်တရားရုံးဖြင့် စစ်ဆေးနေသည်ဆိုရာတွင် မည်သူတွေကို စစ်ဆေးနေသည်၊ မည်သည့်အဆင့်ကို စစ်ဆေးနေသည်ကို လက်ရှိအချိန်အထိ တခုမှ မသိရှိရကြောင်း ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာ က “ကျမတို့ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ စစ်တရားရုံးဖွဲ့ စစ်ဆေးနေတယ်ဆိုတာပဲ သတင်းတွေမှာ ဖတ်ရလို့ သိရတယ်။ ကျူးလွန်သူတွေက ဝန်ခံထားတယ်လို့လည်း ပြောတယ်။ ဘယ်သူ၊ ဘယ်အဆင့်ဆိုတာလည်း ဘာမှ မသိရဘူး။ ဘယ်လို စစ်ဆေးနေတယ်။ အမှု အခြေအနေ ဘယ်လို ရှိတယ်။ ဘယ်မှာ စစ်ဆေးနေတယ်ဆိုတာလည်း ကာယ ကံရှင်တွေ ဆီကိုလည်း အကြောင်းကြာတာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇောမင်းထွန်းကတော့ စစ်ဆင် ရေးတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည့်အတွက် ကျူးလွန်သူ တပ်မတော်သား ၃ ဦးမှာအမှုကို အရပ်ဘပ်တရားရုံးသို့ လွဲပြောင်းပေးမည် မဟုတ်ဘဲ စစ်တ ရားရုံးဖြင့် စစ်ဆေးကာ တပ်မတော် အက်ဥပဒေ အရသော်လည်းကောင်း၊ နယ်ဘက် ဥပဒေ အရသော်လည်းကောင်း အပြစ်ပေး အရေးယူ သွားမည် ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သော ဇွန်လ ၂၉ ရက်နေ့က ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ် မတော် စစ်ကြောင်းတခုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ ၎င်းနေ့ ညနေ ၁၁ နာရီ အချိန် ခန့်တွင် အသက် ၃၆ နှစ်အရွယ် ဒေါ်ဦးဌေးဝင်းဆိုသူ အမျိုးသမီးအား မိသားစုနှင့်အတူ ရှိနေစဉ် စစ်ဆေးစရာ ရှိသည်ဟု ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူ ဒေါ်ဦးဌေးဝင်းက သတင်းမီဒီယာများနှင့်တွေ့ဆုံကာ ပြောထားသည်။

ထိုသို့အဓမ္ပပြုကျင့်ခဲ့ရသည့်အတွက် ကာယကံရှင် ဖြစ်သူ ဒေါ်ဦးဌေးဝင်းက ဇူလိုင် လ ၁၀ ရက်နေ့က နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့မ ရဲစခန်းသို့ လာရောက်ကာ အမှုဖွင့် လှစ်ခဲ့သလို စစ်တွေ ဆေးရုံ၌လည်း ဆေး စစ်ဆေးချက်များ ခံယူခဲ့သည်။

ထိုတိုင်ကြားချက်အပေါ် စစ်တွေမြို့မ ရဲစခန်းမှ ပ / ၃၅၅ / ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမယှက်စပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိန်းမှု စသည့် ပုဒ်မ များဖြင့် အမှုဖွင့်ထားသည်။

You may also like these stories:

ဦးဂါရွာသူအမှု ကျူးလွန်သူ တပ်မတော်သား ၃ ဦးကို စစ်တရားရုံးတွင် စစစ်

Did you find apk for android? You can find new Free Android Games and apps.
Loading